ရီးရဲယ်မှာ နေရာပျောက်နေတဲ့ အဆန်ဆီယိုရဲ့ ကစားဟန်နဲ့ အသင့်တော်ဆုံး ပရီးမီးယားလိဂ်ကလပ်ကို ထုတ်ဖော်လိုက်တဲ့ မက်မာနာမန်

 

လီဗာပူး ဂန္တ၀င် စတီဗီမက်မာနာမန်က ရီးရဲယ်မက်ဒရစ်စတား မာကိုအဆန်ဆီယိုဟာ သူ့ရဲ့ အသင်းဟောင်းနဲ့ အပြောင်းအရွေ့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပေမယ့်လည်း ၎င်းဟာ အာဆင်နယ်ရဲ့ ကစားဟန်နဲ့ ကိုက်ညီတဲ့ ကစားသမား ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ စပိန်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ အပြောင်းအရွေ့တွေမှာ လီဗာပူးနဲ့ အပြောင်းအရွေ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ကစားသမား ဖြစ်ပြီး လက်ရှိ အချိန်မှာလည်း လီဗာပူး နဲ့ အာဆင်နယ် တို့ကို ပြောင်းဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

အသက် ၂၅ နှစ်အရွယ် အဆန်ဆီယိုဟာ လာမည့် ၂၀၂၃ ခုနှစ်ထိ ရီးရဲယ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း ရှိနေပေမယ့်လည်း ကာလိုအန်ဆယ်လော့တီရဲ့ လက်အောက်မှာ ပွဲကစားခွင့် ရဖို့ အတွက် ရုန်းကန်နေရကာ ဒီရာသီ လာလီဂါမှာ ၄ ပွဲသာ ပွဲထွက်ခွင့် ရခဲ့ပါတယ်။ ရီးရဲယ် ကစားသမားဟောင်းလည်း ဖြစ်တဲ့ မက်မာနာမန်က အူဘာမီယန်း နဲ့ လက်ကာဇက် တို့ဟာ ကစားသမားဘ၀ရဲ့ အကောင်းဆုံး အချိန်တွေ ကျော်လာနေပြီ ဖြစ်တာကြောင့် အဆန်ဆီယိုဟာ အာဆင်နယ် အတွက် အသင့်တော်ဆုံး ကစားသမား ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

မက်မာနာမန်က “အဆန်ဆီယိုဟာ ရီးရဲယ်မက်ဒရစ် အတွက် လုံလောက်တဲ့ ပွဲကစားခွင့် မရထားခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်က သူ့ရဲ့ ဂုဏ်သတင်းဟာ လက်ရှိအချိန်ကထက် ကျော်ဇောခဲ့ကာ ရီးရဲယ်မှာ နေရာရလာခဲ့ပြီးနောက် သူဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဂျုဗင်တပ်နဲ့ ကာဒစ်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဂိုးသွင်းနိုင်ခဲ့သလို ဘာစီလိုနာနဲ့ စူပါဖလားမှာလည်း အရမ်းကောင်းတဲ့ ဂိုးကို သွင်းပေးခဲ့ပါတယ်။ ဒါ့အပြင် အရမ်းကောင်းတဲ့ တစ်ခြားဂိုးတွေလည်း သွင်းယူခဲ့ပါတယ်။

ဒါပေမယ့် အဲဒီနောက်ပိုင်း သူဟာ ဒဏ်ရာပြသနာတွေ ရခဲ့ပြီး ရီးရဲယ်မက်ဒရစ် ကလည်း လွန်ခဲ့တဲ့ ၄ နှစ်ကလို အသင်း မဟုတ်တော့တာကြောင့် သူ့ရဲ့ level ဟာ ကျဆင်းခဲ့ပါတယ်။ အပြောင်းအရွေ့ ဖြစ်လာဖို့ဟာ အဆန်ဆီယို ဘာလုပ်ချင်သလဲ ဆိုတာနဲ့ ရီးရဲယ်ဘက်က ဘာလုပ်သွားမလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ အကယ်၍ သူတို့ အမ်ဘက်ပေ နဲ့ ဟာလန်း တို့ကို ခေါ်ယူခဲ့မယ် ဆိုရင် ဒါဟာ အဆန်ဆီယိုရဲ့ ဆုံးဖြတ်ချက်ကို ပိုမို ပြတ်သားစွာ သိလာမှာပါ။

ကျွန်တော် ရီးရဲယ်မှာ ကစားခဲ့တဲ့ ကစားသမား တော်တော်များများနဲ့ သိပါတယ်။ သူတို့ဟာ စပိန်လူမျိုး ဖြစ်နေတာကြောင့် ၊ ဒီမြို့နဲ့ lifestyle ကို နှစ်သက်တာကြောင့် ၊ ရီးရဲယ်လို အသင်းအတွက် ကစားခွင့်ရတာကို သဘောကျတာကြောင့် ကစားခွင့် များများစားစား မရပေမယ့် သူတို့ဟာ ဒီအသင်းမှာ ပျော်ပျော်ကြီး ဆက်နေလေ့ ရှိကြပါတယ်။ အဆန်ဆီယို ကလည်း ဒီကစားသမားတွေထဲက တစ်ဦး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘန်ဇီးမား ၊ အမ်ဘက်ပေ ၊ ဗင်နစ်ရှက်ဂျူနီယာ ၊ ရိုဒရီဂို တို့ဟာ သူ့ရဲ့ ရှေ့မှာ ရှိနေတဲ့ အပြင် ဘာနေဗျူးကနေ ထွက်ခွာနိုင်မယ့် အခွင့်အရေးကောင်း ရခဲ့မယ်ဆိုရင် သူဒါကို ရယူသွားမှာပါ။

လာမည့်နှစ်မှာ သူပြောင်းနိုင်တဲ့ ကလပ်ကို ပြောရမယ်ဆိုရင် ဒါဟာ အာဆင်နယ်ပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အူဘာမီယန်း နဲ့ လက်ကာဇက် တို့ဟာ ၃၀ ကျော်လာခဲ့ပြီ ဖြစ်ကာ အသင်းနဲ့ စာချုပ်ကလည်း သိပ်မကျန်တော့ပါဘူး။ အဆန်ဆီယို အနေနဲ့ သူ့ကို ကစားခွင့်တွေ ပေးနိုင်မယ့် အသင်းကို ပြောင်းရွေ့ရမှာလည်း ဖြစ်ပါတယ်။ ရီးရဲယ်ကနေ ၁၈ လ အတွင်း ထွက်ခွာခဲ့မယ် ဆိုရင်တောင် သူ့ကစားသမား ဘ၀ ပြီးဆုံးဖို့ အဝေးကြီး လိုနေပါသေးတယ်။

 

ဒါပေမယ့် သူဟာ အာဆင်နယ်ရဲ့ ကစားဟန်နဲ့ ကိုက်ညီတဲ့ ကစားသမားလို့ ကျွန်တော်ထင်ပါတယ်။ သူဟာ အိုဒီဂတ် လိုပဲ ဘောလုံး ကိုင်ကစားပုံ ကောင်းမွန်ကာ အရမ်းမြန်တဲ့သူ မဟုတ်ပေမယ့် ဘောလုံး အလှည့်အပတ်တွေ ဖန်တီးမှုတွေ အပြင် ဂိုးတွေလည်း သွင်းယူနိုင်သူ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM