ဥရောပစူပါဖလားကို အတော်လေးလိုချင်နေပေမယ့် လီဗာပူးကိုအရေးနိမ့်ခဲ့ရင် ဘယ်လိုတုန့်ပြန်မယ်ဆိုတာပြောပြလိုက်တဲ့ #လမ်းပတ်

Lampard

ချဲဆီးလ် အသင်းရဲ့ နည်းပြ သစ် တဦးဖြစ်တဲ့ လမ်းပတ်က သူတို့ အသင်း ဟာ ဥရောပ စူပါဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ အတော်လေး ဆန္ဒပြင်းပြ နေတယ်လို့ ဝန်ခံလိုက်ပါတယ်။ဒါပေမယ့် အကယ်၍ ကျရှုံး သွားခဲ့ပါကလည်း ဆင်ခြေ တစုံတရာမပေးပဲ လက်ခံမှာ ဖြစ်တယ် လို့  ထုတ်ပြောသွားခဲ့ပါတယ်။

ချဲဆီးလ် အသင်းရဲ့ ထာဝရဂိုး အများဆုံး ကစားသမား လမ်းပတ် ရဲ့ အသင်းဟောင်း နဲ့ နည်းပြဘဝအစဟာ လှပ ထားခဲ့ခြင်း တော့ မရှိသေးတာဖြစ်ပါတယ်။ အိုးထရက် ဖို့ဒ် မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် မှာ ယူနိုက်တက် အသင်းကို ၄-၀ ဂိုးနဲ့ ဆိုးဆိုးရွားရွားအရေးနိမ့် ထားခဲ့ရတာဖြစ်ပါတယ်။

မဟာ ပြိုင်ဘက် အသင်းတသင်းကိုသူတို့ ရဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ရမှုကိုအားချင်းဆို သလို တုန့်ပြန်နိုင်မယ့် ပွဲတပွဲကတော့ ရှိနေတာဖြစ်ပြီး အဆိုပါ ပွဲကတော့နည်းပြကြီးကလော့ပ်ရဲ့ လီဗာပူး အသင်းနဲ့ ရင်ဆိုင်ရမယ့် ဥရော ပ စူပါဖလား ပွဲစဉ်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် လမ်းပတ်ဟာ ဥရောပ စူပါ ဖလား မှာ ကံဆိုး ခဲ့ဖူးသူတဦးဖြစ်ပြီး ချဲဆီးလ် ကစားသမားဘဝမှာ နှစ်ကြိမ်ကစားခဲ့ဖူးပေမယ့် ၂ပွဲလုံး အရေးနိမ့်ထားခဲ့တာဖြစ်ပါတယ်။၂၀၁၂ ခုနှစ်မှာ အေတီကို အသင်း၊ ၂၀၁၃ခုနှစ်မှာ ဘိုင်ယန် မြူးနစ် အသင်းတွေကို အရေးနိမ့်ထားခဲ့ရပေမယ့် အခုတကြိမ်မှာ ပြည်တွင်းပြိုင်ဘက်ကို အနိုင်ရဖို့ အလုံးစုံကြိုးစားသွားမယ်လို့ ဆိုပါတယ်။

UEFA ဝက်ဘ်ဆိုက်ဒ်နဲ့ အင်တာဗျူးမှာလမ်းပတ်က – ” ကျွန်တော်ဟာ အရေးကြီးတဲ့ ပွဲတပွဲကို မတူညီတဲ့ နည်းလမ်းတွေနဲ့ ကစားခဲ့ပြီး ကြီးမားတဲ့ ရှုံးပွဲ ၂ပွဲ ကြုံတွေ့ထားခဲ့ဖူးတာဖြစ်ပါတယ်။ဒါကြောင့် လည်း ဒီဆုဖလားကြီးကို ရရှိဖို့ ပိုပြီး တော့တောင် ဆုံးဖြတ်ချက်ချမိစေတာဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ လုံးဝ အသင့်အနေအထားဖြစ်နေရပါလိမ့်မယ်။ ဒီဖလားဟာကျွန်တော်တို့ အသင်း အရမ်းလိုချင်နေတဲ့ ဆုဖလားတခုဖြစ်ပါတယ်။ကျွန်တော်ကိုယ်တိုင် မရဖူးသလို ကစားသမားအများစုကလည်း မရဖူးပါဘူး။

ဒါကြောင့်လည်း ဒီအောင်မြင်မှုကြီးကိုရဖို့ အလုံးစုံပေးဆပ်ကြိုးစားဖို့လိုပါတယ်။လီဗာပူး လို့ အရည်အသွေးမျိုးရှိတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်သွားရမှာဖြစ်လို့ လည်း အတော်လေးကို ဖိဖိစီးစီး ကစားရမယ့် ဖိုင်နယ် ပွဲစဉ် တပွဲ ဖြစ်ပါတယ်။

သူတို့က အရမ်းမာကျောတဲ့ အသင်းဖြစ်လို့ လည်း ကျွန်တော်တို့ ရှုံးပွဲကြုံနိုင်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့ ပြင်ဆင်ထား မှု မရှိလို့ သို့မဟုတ် ကြိုးစားဖို့ လိုအပ်တာတွေ အတွက် ဆာလောင်တဲ့ စိတ် မရှိလို့ သို့မဟုတ် ပွဲရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီအောင် အနိုင်ကြိုးစားခြင်း မရှိလို့ စတာတွေကြောင့် ရှုံးနိမ့်လို့တော့ မဖြစ်ပါဘူး။

ကျွန်တော်အတွက်တော့ ဒီအသင်းနည်းပြ ဘဝမှာ ပထမဆုံး ပြိုင်ပွဲတရပ်ဖြစ်လာဖို့ လည်းရှိနေပါတယ်။အသင်းမှာရှိတဲ့ ကစားသမား တိုင်းဟာ ဒီပွဲအသင်းအတွက် ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာ သဘောပေါက်ဖို့လိုပါတယ်။ခက်ခဲမယ့် ပွဲဖြစ်လို့လည်း အလုံးစုံပေးဆပ်ရပါလိမ့်မယ်။

လွယ်ကူမှာ မဟုတ်တဲ့ ပွဲမျိုးဖြစ်ပေမယ့်ပွဲအပြီး မှာ ‘ ဟာကွာ၊ ငါတို့ လုပ်နိုင်ခဲ့သင့်တာ သို့မဟုတ် ငါတို့ အခွင့်အရေးကို အသုံးချနိုင်ခဲ့သင့်တာ သို့မဟုတ် အသင့်မာအနေအထား မှာ ရှိမနေခဲ့ဘူးကွာ သို့မဟုတ် အခြားကိုယ့်ကိုယ်ကို ဆင်ခြေတွေ ပေးပြီး ကွင်းအတွင်းကနေ ထွက်လာလို့တော့ မဖြစ်နိုင်ပါဘူး ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီ ချန်ပီယံ လိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံ လီဗာပူး အသင်းနဲ့ ယူရိုပါလိဂ် ချန်ပီယံ ချဲဆီးလ် အသင်းတို့ ရဲ့ ဥရောပစူပါ ဖလားပွဲကြီးကိုတော့လာမယ့် ဗုဒ္ဓဟူးနေ့ မှာ တူရကီနိုင်ငံအစ္စတန်ဘူရ် မြို့ရဲ့ Vodafone park ကွင်းကြီး မှာ ကျင်းပသွားမှာဖြစ်ပါတယ်။