မန်ယူနိုက်တက် five-a-side အသင်းကို ရွေးချယ်လိုက်တဲ့ နာမည်ကြီးကစားသမား တစ်ချို့ကို ချန်လှပ်ခဲ့တဲ့ ဗန်ဒီဘိ

 

ဒွန်နီဗန်ဒီဘိဟာ မန်ချက်စတာယူနိုက်တက် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ five-a-side အသင်းကို ရွေးချယ်ပေးခဲ့ပြီး ဒီထဲမှာ နာမည်ကြီး ကစားသမား တစ်ချို့တော့ ပါ၀င်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဗန်ဒီဘိဟာ ဒီရာသီ မန်ယူနိုက်တက် အသင်း အတွက် တစ်မိနစ်မှ ၀င်ရောက် ကစားခွင့် မရသေးတာကြောင့် မန်နေဂျာ လူး၀စ်ဗန်ဟား ရွေးချယ်ခဲ့တဲ့ နယ်သာလန် လူစာရင်းမှာ ပါ၀င်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ကစားသမား ဘက်ကတော့ ပြီးခဲ့တဲ့ ရာသီကလိုမျိုး ပရီးမီးယားလိဂ်မှာ ၄ ပွဲသာ ပွဲထွက်ခွင့် ရခဲ့တဲ့ အဖြစ်မျိုး ထပ်မံ ကြုံတွေ့ရမှာကို စိုးရိမ်နေပြီး ပွဲကစားခွင့် ရဖို့ အတွက် လာမည့် ဇန်နဝါရီမှာ အိုးထရပ်ဖို့ဒ် ကနေ အငှား ထွက်ခွာဖို့ အတွက် ပစ်မှတ်ထား နေပါတယ်။ ယူနိုက်တက် အတွက် ပွဲအနည်းငယ်သာ ကစားထားခဲ့ရတာကြောင့် ဗန်ဒီဘိဟာ ကလပ်ရဲ့ စတားတွေနဲ့ ကွင်းထဲမှာ တွဲဖက် ကစားခွင့် နည်းပါးခဲ့ပေမယ့်လည်း လေ့ကျင့်ရေးကွင်းမှာတော့ နေ့တိုင်း အတူတကွ လေ့ကျင့်ခဲ့တာကြောင့် အသင်းဖော်တွေရဲ့ အရည်အသွေးကို ကောင်းကောင်း သိနေသူ ဖြစ်ပါတယ်။

မန်ယူနိုက်တက်မှာ ယခုဆိုရင် ဘရူနိုဖာနန်ဒက်စ် ၊ ပေါလ်ပေါ့ဘာ ၊ ခရစ်စတီယာနိုရော်နယ်ဒို တို့လို နာမည်ကြီး ကစားသမားတွေ ရှိနေတာကြောင့် အသက် ၂၄ နှစ်အရွယ် ကစားသမား အတွက် ရွေးချယ်ရတာ သိပ်ပြီး မခက်ခဲလှပါဘူး။

၎င်းစိတ်ကြိုက် မန်ယူနိုက်တက် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ five-a-side အသင်းကို မေးမြန်းခဲ့ရာမှာ ဗန်ဒီဘိက “ဒါဟာ မေးခွန်းကောင်း တစ်ခုပါပဲ။ ပထမဦးဆုံး အနေနဲ့ ကျွန်တော် ရာဖေးဗာရန်းကို ရွေးချယ် သွားမှာပါ။

ပြီးတော့ ကျွန်တော်ဟာ ဟွမ်မာတာရဲ့ အမာခံ ပရိတ်သတ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ကိုတော့ မဖြစ်မနေ ရွေးချယ် သွားရမှာ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ သူဟာ ဂိုးတွေ အများအပြား သွင်းယူ ပေးနိုင်တဲ့ အပြင် အသင်းဖော်တွေ အတွက်လည်း ဖန်တီးမှုတွေ များစွာ လုပ်ပေးနိုင်သူ ဖြစ်လို့ပါပဲ။ ပြီးတော့ ကျွန်တော် လူ့ရှော နဲ့ နီမန်ဂျာမာတစ် တို့ကို ရွေးချယ် သွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ဗာရန်း ၊ လူ့ရှော ၊ မာတစ် ၊ မာတာ ၊ ဖာနန်ဒက်စ် တို့ကို ရွေးချယ်ခဲ့ပေမယ့် ဗန်ဒီဘိ ချန်ထားခဲ့တဲ့ ကစားသမားတွေ ထဲမှာ အသင်းဖော်သစ် ဖြစ်သူ ခရစ်စတီယာနိုရော်နယ်ဒို အပြင် ပေါ့ဘာ ၊ ရပ်ဖို့ဒ် ၊ မက်ဂွိုင်းယား တို့လို ကစားသမားတွေတော့ မပါ၀င် ခဲ့ပါဘူး။ ဒါပေမယ့်လည်း ဗန်ဒီဘိက သူဘာကြောင့် ဒီအသင်းကို ရွေးချယ် ခဲ့သလဲ ဆိုတာကို ရှင်းပြသွား ခဲ့ပါတယ်။

ဗန်ဒီဘိက “ကျွန်တော် ကတော့ ဒီအသင်းဟာ အောင်မြင်မှု ရလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အသင်းမှာ ကစားသမားကောင်းတွေ အများကြီး ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော့် အနေနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ကို ချခဲ့တာပါ။ အကောင်းဆုံး ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်းဟာ အမြဲတမ်း နိုင်လေ့ မရှိပါဘူး။ အသင်းလိုက် စုဖွဲ့မှု ကောင်းတဲ့ အသင်းတွေကသာ အောင်ပွဲခံလေ့ ရှိပါတယ်။” လို့ ရှင်းပြ သွားခဲ့ပါတယ်။

SM