#ဆောင်းပါး : ကလော့ပ်ဟာ ဘာဖြစ်လို့ VAR ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာလဲ? လီဗာပူး ရဲ့ နောက်တန်းက ဒီရာသီမှာ တည်ငြိမ်မှု အားနည်းနေပြီလား?

2019-2020 ဘောလုံးရာသီဟာ လီဗာပူး အတွက် ဖလား တစ်လုံးနဲ့ စတင်ခဲ့ပြီး ဆိုပေမယ့် ပရိသတ်တွေရဲ့ ရင်ထဲမှာတော့ အသင်းရဲ့ ကစားပုံကို စိတ်တိုင်းကျ မဖြစ်ကြသေးပါဘူး။

ပြီးခဲ့တဲ့ နွေရာသီ အားလပ်ရက်အတွင်း အဓိက ကစားသမားအများစုဟာ နားရက် နည်းပါးလွန်းခဲ့ကြသလို ၊ ရာသီသစ် စတင်ချိန်မှာလဲ ပွဲဆက်တွေ ဆက်တိုက် ကစားနေရတာကြောင့် ကလော့ပ် ကိုယ်တိုင်က သူ့အသင်းရဲ့ ကစားသမား ပွဲထုတ်ပုံကို အလှည့်ကျ စနစ်နဲ့ အသုံးပြုပြီး ၊ တည်ငြိမ်မှု ရရှိအောင် ကြိုးစားလျှက် ရှိနေပါတယ်။

ဥရောပ စူပါဖလားပွဲစဉ်မှာ ဖာမင်နို ဟာ ၀င်ရောက် ကစားဖို့ အစီအစဉ်ထဲမှာ မပါခဲ့ဘူးလို့ သူကိုယ်တိုင် ပြောဆိုထားခဲ့သလို ၊ အခြေအနေ အရ ထည့်သွင်းကစားလိုက်ရတယ် ဆိုတဲ့ သူ့ရဲ့စကားကို ထောက်ဆကြည့်ရင် ၊ ကလော့ပ်ဟာ ပွဲကျပ် ဆက်တိုက် ကစားနေရတဲ့ အနေအထားကို အလှည့်ကျ ပွဲထုတ်တဲ့ စနစ်နဲ့ ဖြတ်ကျော်ဖို့ ကြိုးစားနေတာ သေချာပါတယ်။

သို့သော် အသင်းရဲ့ နောက်တန်း ကစားပုံကတော့ မနှစ်က ပုံစံမျိုး တည်ငြိမ်တဲ့ အနေအထားမျိုး မတွေ့ရပဲ ၊ ဗန်ဒိုက် ၊ မာတစ်တို့ဟာ ဒီရာသီမှာ ကွင်းလယ် စက်ဝိုင်းနားအထိ တက်ကာ တိုက်စစ်ပုံဖော်မှုတွေကို လိုက်ပါ ကစားလျှက် ရှိနေတာ သတိထားမိကြမယ် ထင်ပါတယ်။ ဒီအကြောင်းကို သတိထားမိနေတဲ့ ကာရေဂါဟာ နော့ဝှစ်ခ်ျ နဲ့ ပွဲအပြီးမှာ ကတည်းက ကလော့ပ်ကို “ ဒီရာသီ မှာ နောက်တန်း ကစားသမားတွေ ရှေ့တန်းလွန်းနေသလား? လို့ မေးမြန်း ရာမှာတော့ ဂျာမန်သားကြီးက ပွဲအနေအထား အရပါ ဆိုပြီးသာ မသိသလို ပြန်လည် ဖြေကြားသွားခဲ့တာပါ။

သို့သော် ဥရောပ စူပါ ဖလားပွဲစဉ်မှာလဲ အလားတူ ပုံစံမျိုးပဲ ရှေ့တက်ပြီး နေရာယူတဲ့ ပုံစံမျိုးနဲ့ ဆက်လက် ကစားလာခဲ့ကာ ၊ ပထမပိုင်းမှာပဲ ဂျူရူး ရဲ့ လူကျွံထောင်ချောက်ကနေ ဖောက်ထွက်သွားတဲ့ အနေအထားတွေကို ခဏခဏ မြင်တွေ့လာခဲ့ရပါတယ်။ အထူးသဖြင့် လမ်းပတ်ဟာ ခံစစ်ကို သေချာ ပိတ်ဆို့ထားပြီး ၊ ဘောလုံး ပြန်ရသည့်တစ်ပြိုင်နက် ဘောလုံးကိုင်ထားခြင်း မရှိပဲ အချိန်တို အတွင်း တိုက်စစ်ကို ချက်ခြင်း ပုံဖော် ကစားခဲ့တဲ့ ဗျူဟာ က ကလော့ပ်ရဲ့ ရှေ့တက်နေတဲ့ နောက်တန်းတွေကို တော်တော်လေး အလုပ်ရှုပ်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီက လီဗာပူး ကို ကြည့်လိုက်ရင် နောက်တန်း ကစားသမားတွေဟာ ခံစစ်ကို လုံလုံခြုံခြုံ ကစားပြီး ၊ 1 ဂိုး ရရင်တောင် မီးနစ် 90 အထိ ထိန်းပြီး ရအောင် ကစားလေ့ရှိပေမယ့် ၊ အဲဒီ အစဉ်အလာဟာ ဒီရာသီမှာ တော်တော်လေး ဆန့်ကျင်ဘက် ဖြစ်နေခဲ့ပါပြီ။

#ကလော့ပ်က ဘာဖြစ်လို့ ကစားပုံ ပြောင်းလိုက်တာလဲ?

ကလော့ပ်ဟာ သူ့ရဲ့ နည်းစနစ် တွေနဲ့ ပတ်သက်ရင် ကစားသမားတွေ နဲ့ ပိုမို ကိုက်ညီတဲ့ အပြောင်းအလဲတွေ လုပ်ဖို့ ၀န်လေးသူ မဟုတ်သလို ၊ အပြောင်းအလဲတွေ လုပ်ပြီး ကစားတိုင်းလဲ အောင်မြင်မှု ရရှိခဲ့တာ သာဓကပေါင်းများစွာ ရှိနေခဲ့ပါတယ်။

ဒေါ့မွန်ကို ကိုင်တွယ်ခဲ့စဉ်က လီဝန်ဒေါ့စကီး ၊ အူဘာမီးယန်း တို့လို တိုက်စစ်မှုးတွေ ပိုင်ဆိုင်ခဲ့တာကြောင့် အထောင် တိုက်စစ်ကို အားပြုတဲ့ ကစားဟန် ကို အခြေခံကာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ လီဗာပူး နည်းပြ စဖြစ်လာခဲ့တဲ့ အချိန်ကလဲ ၊ ဒေါ့မွန်မှာ အသုံးပြုခဲ့တဲ့ 4-5-1 ကို အခြေခံတဲ့ ကစားကွက်ကို ပထမ 6 လ ကျော်အထိ သုံးစွဲခဲ့ဖူးပါတယ်။

အဲဒီ အချိန်က အိုရီဂီ ဟာ ကလော့ပ်ရဲ့ လက်ထက်မှာ နေရာစတင်ရရှိခဲ့တာ ဖြစ်ပြီး ၊ နောက်ပိုင်းမှာတော့ အသင်းမှာ ရှိတဲ့ ကစားသမား အများစုဟာ အဆိုပါ ကစားကွက် နဲ့ ကိုက်ညီမှု မရှိဘူးလို့ ယူဆခဲ့တာကြောင့် 4-3-3 ပုံစံကို ပြောင်းလဲ ကစားဖို့ ဦးတည်လာခဲ့ပါတယ်။ မာနေး ၊ ဆာလတ် တို့ ရောက်ရှိလာချိန်မှာတော့ သူ့ရဲ့ 4-3-3 ကစားကွက်ဟာ အမြင့်ဆုံးအထိ အောင်မြင်မှုတွေ ရရှိခဲ့ပြီး ၊ နောက်တန်း အစွန်လူတွေ ဖြစ်တဲ့ အာနိုး ၊ ရော်ဘတ်ဆန် တို့ကလဲ တိုက်စစ်ကို လိုက်ပါ ပုံဖော်နိုင်တဲ့ အထိ တည်ဆောက်လာခဲ့ ပါတယ်။

အဲဒီ လို အဆင့်ဆင့် အပြောင်းလဲ တည်ဆောက်ယူလေ့ရှိတဲ့ ကလော့ပ်ဟာ ဒီရာသီမှာရော နောက်တန်း ကစားပုံကို စတင် ပြောင်းလဲခဲ့ပြီလား ဆိုတာ စဉ်းစားချင်စရာ ဖြစ်လာပါတော့တယ်။

#VAR ကို ယုံကြည်နေတဲ့ ကလော့ပ်

ပရီးမီးယားလိဂ်ဟာ ဒီရာသီမှာ VAR ကို စတင် အသုံးပြုခဲ့သလို ၊ ဥရောပ စူပါ ဖလားပွဲစဉ် အပြီး ကလော့ပ်ဟာ VAR နဲ့ ပတ်သက်တဲ့ မှတ်ချက်စကားကို အသေးစိတ် ပြောကြားသွားခဲ့တာ ကြည့်ရင် ၊ သူဟာ ဒီနည်းပညာ အပေါ်မှာ ဘယ်လောက်အထိ ယုံကြည်မှု ထားနေလဲ ဆိုတာ ခန့်မှန်းလို့ ရလောက်ပါပြီ။

VAR ရဲ့ အားနည်းချက်တွေကို ထောက်ပြရင်း ၊ လူကျွံ အနေအထားတွေကို အချိန်တို အတွင်း သတ်မှတ်နိုင်အောင် ကြိုးစားပြင်ယူသင့်တယ်လို့ ပြောဆိုသွားတဲ့ သူ့ရဲ့ ပြောချက်က တကယ်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ဒါကြောင့် ကလော့ပ် ဟာ VAR နည်းပညာ နဲ့ အတူ ဒိုင်လူကြီးတွေ ရဲ့ အမှားကို လျှော့ချနိုင်လိမ့်မယ် ဆိုတာ ယုံကြည်ထားသူ ပီပီ ၊ သူ့ရဲ့ နောက်တန်းကစားသမားတွေကို တိုက်စစ်ကို ပိုမိုလိုက်ပါစေပြီး ၊ ကွင်းလယ်စည်းဝိုင်းနား အထိ လူကျွံဘော ဖမ်းပြီး ကစားဖို့ ကြိုးစားနေတယ်လို့ပဲ သုံးသပ်ရမှာ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် သူဟာ VAR နည်းပညာရဲ့ အားသာချက်ကို အကျိုးရှိရှိ အသုံးချနိုင်အောင် တိတ်တိတ်လေး ကြိုးစားနေတဲ့ နည်းပြ တစ်ဦးလို့ မှတ်ချက်ပေးရမှာပါ။

လောလောဆယ် အထိတော့ သူ့ရဲ့ နည်းစနစ် ဗျူဟာ အတွက် စိတ်ချရတဲ့ ဂိုးသမား အလီဆွန် မရှိသေးတာကြောင့် ၊ အနည်းငယ် စွန့်စားလွန်းရာ ကျနေပေမယ် ၊ အပြောင်းအလဲ လုပ်ရာမှာ ကျွမ်းကျင်တဲ့သူပီပီ လို ကောင်းမွန်အောင် ဖြည့်စွက်ပြင်လာမလဲ ဆိုတာ လီဗာပူး ပရိသတ်တွေ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

အချုပ်အားဖြင့် ဆိုရင်ရရင် ကလော့ပ်ဟာ ပြီးခဲ့တဲ့ နှစ်တုန်းကလို တစ်ဂိုးသွင်းပြီး ခံစစ်ပိတ်ပြီး ကစားတဲ့ ပုံစံတွေကနေ ခွဲထွက်ဖို့ ကြိုးစားနေသလို ၊ သူ့ကို ပိတ်ကစားမယ့် အသင်းတွေ ကိုနဲ့ တွေ့ရင်လဲ တစ်သင်းလုံး တိုက်စစ်ဖိပြီး ကစားဖို့ ကြံရွယ်နေပြီ ဆိုတာပါ သေချာပါတယ်။ ဒါဟာ အနှစ် 30 ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ဖလား ရယူဖို့ မှန်ကန်တဲ့ ချဉ်းကပ်မှု အိုက်ဒီယာ တစ်ခုလား ဆိုတာတော့ စောင့်ကြည့်သွားရမှာပါ………..

(ပရိသတ်တွေ ရဲ့ အမြင်တွေကိုလဲပြန်လည် မျှဝေထားခဲ့လို့ ရပါတယ်)

SM