လီဗာပူးရဲ့ Top 4 မျှော်လင့်ချက်ကို အားကောင်းစေခဲ့တဲ့ အလီဆွန်ရဲ့ နောက်ကျအနိုင်ဂိုးနဲ့ ပက်သက်ပြီး ကလော့ရဲ့ တုန့်ပြန်မှု

 

ဂိုးသမား အလီဆွန်ဘက်ကာဟာ မနေ့ညက ၀က်ဘရွမ်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ တကယ့်ကို လုံး၀ ထင်မှတ်မထားတဲ့ အခြေအနေကနေ လီဗာပူး အတွက် နောက်ကျ အနိုင်ဂိုးကို ခေါင်းတိုက် သွင်းယူ ပေးခဲ့ပြီး အန်ဖီးကလပ်ကို ချန်ပီယံလိဂ် ၀င်ခွင့် မျှော်လင့်ချက် အားကောင်းစေခဲ့ပါတယ်။ လီဗာပူးဟာ ဒီနိုင်ပွဲကြောင့် လက်ကျန် ၂ ပွဲ အလိုမှာ အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၁ မှတ် အကွာကို ရောက်ရှိလာခဲ့ ပါတယ်။

ရော်ဘင်ဆင်ကနူးဟာ ၀က်ဘရွမ်း အတွက် ပွဲချိန် ၁၅ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့ပြီး ဆာလားဟာ ပထမပိုင်း မပြီးခင် လီဗာပူး အတွက် ချေပဂိုး ရယူပေးခဲ့ပါတယ်။ လီဗာပူးဟာ နောက်ပိုင်းမှာ အခွင့်အရေးတွေ ရခဲ့ပေမယ့်လည်း ဖြုန်းတီးပစ်ခဲ့တဲ့ အပြင် ဒုတိယပိုင်းမှာ ၀က်ဘရွမ်းရဲ့ သွင်းဂိုးကလည်း ပြန်လည် ပယ်ဖျက်ခံခဲ့ ရတာကြောင့် ပွဲဟာ သရေနဲ့ အဆုံးသတ်ဖို့ ဦးတည် နေခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် နောက်ဆုံးမိနစ်မှာ လီဗာပူးတို့ ထောင့်ကန်ဘော ရရှိခဲ့ပြီး ရှေ့ကို တက်လာခဲ့တဲ့ အလီဆွန်ဟာ အဆိုပါ ထောင့်ကန်ဘောကနေ တဆင့် နောက်ကျ အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့ပြီး လီဗာပူးရဲ့ ချန်ပီယံလိဂ် ၀င်ခွင့် မျှော်လင့်ချက်ကို ဆက်လက် ရှင်သန်စေခဲ့ပါတယ်။

ပွဲအပြီးမှာ ကလော့က “ဒီပွဲဟာ ကျွန်တော်တို့ ရာသီရဲ့ အနှစ်ချုပ်ပါပဲ။ ကောင်းမွန်တဲ့ အရာတွေ အများကြီး လုပ်ခဲ့ပေမယ့် ပထမဦးဆုံး အမှားကနေ ဂိုးပေးခဲ့ရပါတယ်။ အဲဒီနောက် ကျွန်တော်တို့ အသဲအသန် လိုက်ကစား ခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်သူမှ ပြာယာခတ် မနေခဲ့ပါဘူး။ တီယာဂို နဲ့ ဂျီနီ တို့ ဂိုးကန်သွင်းမှုတွေ လုပ်ခဲ့တဲ့ အပြင် ကျွန်တော်တို့ ဘောလုံးကို ဆက်လက် ကိုင်ကစားခဲ့ပါတယ်။ ဒီလို အသင်းတွေနဲ့ ရင်ဆိုင်ရတာ ခက်ခဲပါတယ်။ သူတို့ရဲ့ ခံစစ် အထိုင်ချ ကစားပုံဟာ တကယ် ကစားရ ခက်ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ ဒါကို ဖြေရှင်းဖို့ အလီဆွန်ကို လိုအပ်ခဲ့ပါတယ်။

ဒါဟာ မယုံနိုင်စရာ ခေါင်းတိုက်ဂိုးပါပဲ။ ကျွန်တော် ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ ကောင်းမွန်တဲ့ နည်းစနစ်ပါ။ ကျွန်တော် မြင်ခဲ့တာကိုတောင် မယုံကြည်နိုင် ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ တကယ့်ကို ရင်းနှီးကြတာကြောင့် ဒီအနိုင်ဂိုးဟာ သူ့အတွက် ဘယ်လောက် အဓိပ္ပာယ် ရှိသလဲဆိုတာ ကောင်းကောင်း သိပါတယ်။ တကယ့်ကို ကောင်းတဲ့ ဂိုးဖြစ်ပါတယ်။ ဒါဟာ ဘောလုံးပဲ ဖြစ်ပေမယ့် ဒီနိုင်ပွဲဟာ ကျွန်တော်တို့ အတွက် ကမ္ဘာကြီးတစ်ခုပါပဲ။ အခု ကျွန်တော်တို့ ဆက်လက် ကြိုးစား သွားရမှာပါ။ အခု ဘန်လေနဲ့ပွဲအတွက် အဆင်သင့် ဖြစ်အောင် သေချာပြင်ဆင်ရမှာပါ။ ရာသီပိတ်ကတော့ တကယ့်ကို စိတ်လှုပ်ရှားစရာ ပါပဲ။” လို့ ပြောလိုက်ပါတယ်။

အနိုင်ဂိုးရှင် အလီဆွန်က “ကျွန်တော် ခံစားချက် တအား ပြင်းထန်နေပါတယ်။ ပြီးခဲ့တဲ့ လတွေဟာ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ မိသားစု အတွက် ခက်ခဲတဲ့ ကာလတွေပါ။ ဘောလုံးဟာ ကျွန်တော့်ရဲ့ ဘ၀ပါ။ ကျွန်တော့် အဖေကို မှတ်မိတဲ့ အချိန်ကနေ စပြီး ဘောလုံးကစားလာခဲ့တာပါ။ သူ ကောင်းကင်ဘုံကနေ ဒါကို မြင်တွေ့ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူဟာ ဘုရားသခင်နဲ့အတူ အဲဒီမှာ အောင်ပွဲခံနေမှာပါ။

တစ်ခါတစ်ရာ ကိုယ့်ဘက်က တိုက်ပွဲ၀င်နေပေမယ့် ထင်ထားသလို ဖြစ်မလာတာတွေ ရှိပါတယ်။ ကျွန်တော် အသင်းကို ကူညီ ပေးနိုင်ခဲ့တဲ့ အတွက် ပျော်ရွှင်မိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ချန်ပီယံလိဂ် ၀င်ခွင့် ပန်းတိုင် အတွက် အတူတကွ တိုက်ပွဲ၀င်နေတာ မို့လို့ပါ။ ဒါ့ကြောင့် ဒီအချိန်မှာ ကျွန်တော့်လောက် ပျော်ရွှင်မယ့်သူ မရှိပါဘူး။

ဖြတ်တင်ဘောက တအားကောင်းခဲ့ပါတယ်။ ဒါဟာ ကျွန်တော့်ဘ၀ရဲ့ အကောင်းဆုံး ဂိုးပါပဲ။ ကျွန်တော် တကယ် ပျော်ပါတယ်။ ကျွန်တော့်မှာ ပြောစရာစကား များများစားစား မရှိပါဘူး။ အသင်းဖော်တွေကို ကျေးဇူးလို့ပဲ ပြောရမှာပါ။” လို့ ဆိုလိုက်ပါတယ်။

SM