သူ့ရဲ့ ပထမဆုံး ခေါ်ယူမှု ဖြစ်တဲ့ ဟာကင် ဇီယက်ချ် ရဲ့ ထူးခြားတဲ့ အရည်အသွေး တွေ အကြောင်း ထုတ်ဖော် ပြောဆိုလာတဲ့ #လမ်းပတ်

အေဂျက်ဇ် အသင်း ရဲ့ မော်ရိုကို လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား ဟာကင် ဇီယက်ချ် ဟာ မနေ့ကပဲ လာမယ့် နွေရာသီ အတွက် ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီး အသင်း သို့ ယူရို သန်း ၄၀ နဲ့ ပြောင်းရွှေ့ လာဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ် ။

ဒါဟာ ဖရန့် လမ်းပတ် ရဲ့ ချယ်လ်ဆီး နည်းပြ ဘဝ ပထမဆုံး ကစားသမားသစ် ခေါ်ယူမှု ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ အတွင်း မှာ ကစားသမားသစ် တယောက် မှ မရရှိလိုက်လို့ အနည်းငယ် စိတ်ပျက်နေခဲ့တဲ့ လမ်းပတ် အတွက် လက်ကျန် ဘောလုံး ရာသီ အတွင်း အဆင့် ၄ အတွင်း တင်ကျန်ရစ်ဖို့ တွန်းအား တခု ဖြစ်စေပါတယ် ။

ဇီယက်ချ် ဟာ တောင်ပံ တိုက်စစ် အပြင် ကွင်းလယ် ဖန်တီးရှင် ၊ ကွင်းလယ် တိုက်စစ် နေရာ မှာပါ ကစားနိုင်စွမ်း ရှိတာကြောင့် ၊ တိကျ သေသပ်တဲ့ ဖန်တီးမှု တွေကို လိုချင်နေတဲ့ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် အတွက် အတော်လေး အံကိုက်ပြီး ဈေးချို တဲ့ ခေါ်ယူမှု ဖြစ်ပါတယ် ။

ဒါ့အပြင် ဇီယက်ချ် ဟာ ညာတောင်ပံ တိုက်စစ် နေရာ အတွက် လာမယ့် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး မှ ထွက်ခွာဖို့ အခွင့်အလမ်း များနေတဲ့ ဝါရင့် တောင်ပံ ကစားသမား ပတ်ဒရို ၊ ဝီလီယံ တို့ရဲ့ နေရာ ကို အဆင်သင့် အစားထိုး ပေးနိုင်မှာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဥရောပ နဲ့ ပွဲ အတွေ့အကြုံ များပြားတဲ့ ဇီယက်ချ် ဆီကနေ ဟတ်ဒ်ဆန် အိုဒွိုင်း ၊ ခရစ်တီယန် ပူလီဆစ် ၊ မေဆင်မောင့် တို့လို လူငယ် တွေ အတတ်ပညာ များစွာ သင်ယူနိုင်မှာ ဖြစ်ပါတယ် ။

ချယ်လ်ဆီး Official App နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ၎င်းရဲ့ ပထမဆုံး ကစားသမားသစ် ခေါ်ယူမှု ဖြစ်တဲ့ ဇီယက်ချ် ရဲ့ ခြေစွမ်း အပေါ် အခုလို မှတ်ချက်ပြု ချီးကျူး ပြောဆိုခဲ့ပါတယ် ။

လမ်းပတ် က ” ကျွန်တော် ဟာ ဟာကင် ရဲ့ အရည်အချင်းတွေ အကြောင်း ကောင်းကောင်း သိထားပါတယ် ။ သူဟာ ကျွန်တော် တို့ မျှော်လင့်ထားတဲ့ ဖန်တီးမှု စွမ်းအား ကို သယ်ဆောင် လာပေးမယ့် ကစားသမား ဖြစ်ပါတယ် ။ သူဟာ မနှစ် က ချန်ပီယံလိဂ် ပြိုင်ပွဲ အတွင်း ကျွန်တော့ ကို ပထမဆုံး မျက်စိကျစေတဲ့ ကစားသမား တယောက် ဖြစ်ပါတယ် ။ အထူးသဖြင့် တော့တင်ဟမ် နဲ့ ပွဲမှာပါ ။ ”

” ဒီနှစ် ဘောလုံး ရာသီ မှာတော့ ကျွန်တော် တို့ဟာ သူနဲ့ ၂ကြိမ် တိုင်တိုင် ရင်ဆိုင်ခဲ့ရပြီး ဖြစ်တာကြောင့် သူနဲ့ ပတ်သက်ပြီး အများကြီး သိနားလည် ထားပြီးပါပြီ ။ သူဟာ ဘယ်ခြေ ကို ပိုင်ပိုင်နိုင်နိုင် အသုံးပြုတတ်သလို ၊ ညာခြေ ကိုလည်း အပေါ်ယံလောက် အေးအေးဆေးဆေး ကစားပြနိုင်ပါတယ် ။ ဒါ့အပြင် သူဟာ အထောင် တိုက်စစ်မှူး ရဲ့ အနောက် က နောက်ချန် တိုက်စစ်ှူး အနေနဲ့လည်း ကစားပေးနိုင်ပါတယ် ။ ”

” ဒီနှစ် ဘောလုံး ရာသီ ကျွန်တော် တို့ ရုန်းကန်ခဲ့ရတဲ့ ပွဲတွေကို ခင်ဗျားတို့ လေ့လာကြည့်မယ် ဆိုရင် သူ့လိုမျိုး ပြိုင်ဖက် ခံစစ်ကြောင်း ရဲ့ နေရာလွတ် တွေ ရှာဖွေ ပေးနိုင်မယ့် ၊ ဖြိုလဲှ ပေးနိုင်မယ့် ကစားသမား လိုအပ် နေခဲ့တာကို မြင်ရမှာပါ ။ သူဟာ ကျွန်တော် တို့ တကယ် လိုအပ်နေတဲ့ ဂိုးဖန်တီးမှုအား ကို သယ်ဆောင် လာပေးမှာ ဖြစ်ပါတယ် ။ ”

” သူဟာ ကျွန်တော် တို့ အတွက် ထူးခြားတဲ့ အရည်အသွေး တွေ သယ်ဆောင် လာပေးမှာ ဖြစ်လို့ သူနဲ့ ပတ်သက်ပြီး အရမ်း ရင်ခုန် စိတ်လှုပ်ရှား နေပါတယ် ။ ဒီနှစ် ဘောလုံး ရာသီ မှာ သူ ကျွန်တော် တို့ဆီ ရောက်မလာသေးဘူး ဆိုတာ သိထားပေမယ့် ၊ နောက်နှစ် မှာ အသင်း အတွက် ကစားပေးဖို့ ကြိုတင် သဘောတူညီမှု ရထားတာ ကို သိရတော့ ကျွန်တော် အပါအဝင် ချယ်လ်ဆီး ပရိသတ် တွေ အတွက် အရမ်း စိတ်လှုပ်ရှားစရာ ကောင်းပါတယ် ။ ” လို့ ဖွင့်ဟ လာခဲ့ပါတယ် ။

ဇီယက်ချ် ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် မှာ ချယ်လ်ဆီး အသင်း နဲ့ ၂ကျော့ ရင်ဆိုင် ခဲ့ရပြီး ၊ ပထမ အကျော့ မှာ ခြေစွမ်း ပြခဲ့ပေမယ့် သွင်းဂိုး တွေ ၊ ဂိုးဖန်တီးမှု တွေ တခုမှ မပြုလုပ်နိုင်ခဲ့ပါဘူး ။ သို့ပေမယ့် ဒုတိယ အကျော့ စတမ်းဖို့ဒ် ဘရစ်ချ် မှာတော့ သူ့ရဲ့ ပြောင်မြောက် လှတဲ့ ခြေစွမ်း တွေကို မြင်တွေ့ ခဲ့ရပါတယ် ။

လှပတဲ့ တိုက်ရိုက် ဖရီးကစ် ကန်ချက် ကီပါ နဲ့ ပြန်ထိပြီး ဝင်ခဲ့တဲ့ သွင်းဂိုး အပါအဝင် ၊ ကွင်စီ ပရိုမက်စ် ရဲ့ သွင်းဂိုး ၊ ဗန်ဒီဘိခ် ရဲ့ သွင်းဂိုး ကိုလည်း ဖန်တီး ပေးနိုင်ခဲ့ပါတယ် ။ ဒီ အချက် တွေဟာ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် အတွက် ဇီယက်ချ် ကို မျက်စိကျစေတယ် လို့ ပြောရမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR