ဗဟိုခံစစ်နေရာအတွက် နောက်ထပ်ချဲဆီးလ်ကစားသမားဟောင်းတဦးကို ထပ်ခေါ်ဖို့အာဆင်နယ်အသင်းကို တိုက်တွန်းလိုက်တဲ့ #ပေါလ်မာဆွန်

ဒီ ရာသီမှာ အခြေအနေ အတော်လေး ဆိုးနေတဲ အာဆင်နယ် အသင်း ဟာ တိုက်စစ်ပိုင်းက သုံးစားလို့ မရတဲ့ ပွဲတွေမှာ ခံစစ်ပိုင်းက ပါ ရှားရှားပါးပါး အနိုင်ဂိုးတွေကို မထိန်းထားနိုင်ခဲ့ လို့ အခုလို ရမှတ်ဆုံးရှုံး မှုတွေများနေခဲ့တာဖြစ်ပါတယ်။

မကြာသေးမီကမှ နည်းပြသစ် ဖြစ်လာခဲ့တဲ့ အာတီတာကတော့ အဆိုပါ ပြသနာ တွေထဲက တခုဖြစ်တဲ ခံစစ် ပိုင်း အတွက် အားဖြည့်မှုတွေ အဖြစ်ပါဘလို မာရီ နဲ့ စီဒရစ် ဆွာရက်စ်တို့ကို ဆောင်းရာသီ စျေးကွက်အတွင်းခေါ်ယူထားပါတယ်။

ဒါပေမယ့် အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ဟောင်း တဦး ဖြစ်တဲ့ ပေါလ်မာဆွန် ကတော့ သူ့ အသင်းဟောင်း အနေနဲ့ နောက်ထပ် ဗဟို ခံစစ် ကစားသမားကောင်း တဦးနဲ့ ကမ္ဘာ့အဆင့် ကွင်းလယ်လူတဦး လိုအပ်နေသေးတယ်လို့ ခံစားနေရပုံပါပဲ။

ပေါလ်မာဆွန် အကြံပြုခဲ့တဲ့ ခံစစ်မှူး ကတော့ လက်ရှိမှာ ဘုန်းမောက်အသင်းရဲ့ အဓိက ကစားသမားတဦးအဖြစ်ရှိနေတဲ့ ချဲဆီလ်း ဗဟိုခံစစ်မှူးဟောင်း နေသန် အကီပဲ ဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ နွေရာသီတုန်းကလည်း ဒေးဗစ်လုဇ်ကို ချဲဆီးလ်ကနေ ခေါ်ယူထားပါသေးတယ်။

Sky Sports နဲ့ အင်တာဗျူးမှာ အာဆင်နယ် အသင်း ထပ်ခေါ် သင့်တဲ့ လူသစ်တွေ အကြောင်း မေးမြန်းရာမှာ ပေါလ်မာဆွန်က – ” သူတို့ ( အာဆင်နယ် အသင်း ) ဟာ ကမ္ဘာ့အဆင့် ဗဟိုခံစစ်မှူးတဦးနဲ့ ကမ္ဘာ့အဆင့် ကွင်းလယ်လူတဦးလိုနေပါတယ်။

ကျွန်တော့် အမြင်အရ ပြောရမယ် ဆိုရင် အာဆင်နယ် အသင်း ဟာ သုံးယောက်တန်း ခံစစ် ပုံစံနဲ့ ကစားသင့်ပါတယ်။သူတို့ အသင်းမှာ ရှိတဲ့ ခံစစ် ကစားသမား တွေဟာ လေးယောက်တန်းခံစစ်ပုံစံအတွက် အဆင့်မမီကြပါဘူး။

အကီကတော့ အဟုန် နဲ့ ကစားနိုင်သူ ဖြစ်ပြီး အင်္ဂလန်မှာ ကစားနေတာလည်း ကြာနေပါပြီ။ ဒါကြောင့်လည်း လာမယ့်ရာသီမှာ သူ့ကိုခေါ်ယူမယ်ဆိုရင်တော့ ပရီးမီးယားလိဂ်နဲ့ အသားကျဖို့၆လလောက် အချိန်ယူရမယ့်လူမျိုး မဟုတ်ပါဘူး။

အာဆင်နယ် အသင်းဟာ လာမယ့် ရာသီ မှာ သူတို့ အသင်းရဲ့ အနေအထားကို မြေလှန် ပစ်ဖို့ လိုပါတယ်။ အသင်းမှာ ရှိတဲ့ လူတိုင်းက ကိုယ့်ရဲ့ အလုပ်က ဘာလဲ ဆိုတာကို သိထားကြဖို့ လိုပါတယ် ” လိုပြောခဲ့ပါတယ်။

အာတီတာ အနေနဲ့ အကီကို ခေါ်ယူသင့်တယ်လို့ ညွှန်းဆိုထားတာ ပေါလ်မာဆွန် တဦးတည်းတော့ မဟုတ်ပါဘူး။နောက်ထပ် အာဆင်နယ် ကစားသမားဟောင်းတဦးဖြစ်တဲ့ စတီးဝက်တ်ရော့ဘ်ဆင်ကလည်း အကြံုပြုထားသေးတာဖြစ်ပါတယ်။

Love Sport Radio နဲ့ အင်တာဗျူးမှာ စတီးဝက်တ် ရော့ဘ်ဆင်က – ” နေသန် အကီ ကို အခုထိ ကောင်းမွန်တဲ့ ကစားသမားတဦး လို့ ကျွန်တော်တွေးထားတုန်းပါပဲ။ချဲဆီးလ် အသင်းကို သူပြန်ရောက်ဖို့ ရှိတဲ့အကြောင်းတွေလည်းရှိပါတယ်။

ဘာကြောင့် လည်းဆိုတော့ ချဲဆီးလ် အသင်းက သူ့ကို သင့်တင့်တဲ့ ငွေကြေး ပမာဏ တခုလောက်နဲ့ ခေါ်နိုင်နေသေးလို့ဖြစ်ပါတယ်။ဒါပေမယ့်သူဟာ အရမ်းကောင်းတဲ့ ဗဟို ခံစစ် ကစား သမား တဦးဖြစ်ပါတယ်။

သူဟာ အကောင်းဆုံး ကစားသမား မဟုတ်ရင်တောင်မှာ အကောင်းဆုံး အရာတွေ ရှိနေသူဖြစ်ပါတယ်။သူဟာ အာတီတာ ကြိုက်နှစ်သက်လောက်မယ့် ကစားသမား မျိုးဖြစ်တယ်လို့ လည်းကျွန်တော်ယူဆပါတယ်။

ကျွန်တော် သာ အာတီတာ ရဲ့ နေရာ မှာ ဆိုရင် သူ့ကို ဘုန်းမောက် အသင်းကနေ ခေါ်ယူဖို့ ရွေးချယ်မိပါလိမ့်မယ်”လို့ပြောသွားခဲ့ပါတယ်။အကီဟာ ချဲဆီးကနေ ကနဦး အငှားလာကစားခဲ့တာဖြစ်ပေမယ့် အခုချိန်မှာတော့ ၂၀၂၂ အထိအပြီးသတ် စာချုပ်ချုပ်ဆိုထားပါတယ်။

အာဆင်နယ် အသင်းဟာ နည်းပြသစ် အာတီတာ လက်ထက်မှာ ရလဒ်တွေ သိသိသာသာတိုးတက် မလာသေးပေမယ့် ခြေစွမ်းကောင်းနဲ့ စိတ်ဓာတ်ကောင်း အချို့ ပြန်ရနေပြီဖြစ်ပါတယ်။

ဒါကြောင့်လည်းအိုဇေးလ်အပါအဝင် ကစားသမား အချို့က နည်းပြဟောင်း အမ်မရီ လက်ထက် နဲ့ လက်ရှိ အနေအထားအပေါ် နှိုင်းယှဉ် ဝေဖန် ပြောဆိုမှု တွေပြုလုပ်လာကြပါတယ်။ပေါလ်မာဆွန်ကတော့ ဒီကိစ္စကနေ ရှောင်နေဖို့ အိုဇေးလ်ကို တိုက်တွန်းလိုက်ပါတယ်။

Sky Sports နဲ့ အင်တာဗျူးမှာ ပေါလ်မာဆွန်က – ” အိုဇေးလ်ဆီက မှတ်ချက်စကားတွေကို ကျွန်တော်က နှစ်သက်တဲ့ကောင် မဟုတ်ပါဘူး။နည်းပြအသစ် ရောက်လာချိန်မှာ အရင်နည်းပြ လက်ထက်အံမဝင်ခဲ့ဖူးလို့ပြောတာကထိုးနှက်တာနဲ့ တူပါတယ်။

အဲ့ဒီနောက် နောက်ထပ် တယောက်ထပ်ရောက်လာချိန်မှာတော့ ပိုကောင်းလာပြီ ဆိုပြီး ပြောလာကြပြန်ပါတယ်။ဒါမျိုးစကားတွေဆိုတာပျော်စရာကောင်းတယ် လို့တော့ ကျွန်တော်မထင်ပါဘူးဗျာ။

အမ်မရီ ရဲ့ ပြောစကားတွေအပေါ် ကျွန်တော်ယုံကြည်မှုရှိပါတယ်။အဲ့ဒီအချိန်တုန်းက ဆိုရင်ကစားသမားတွေက လုပ်သင့်လုပ်ထိုက်တာတွေကိုကောင်းကောင်း မလုပ်ထားနိုင်ခဲ့ကြပါဘူူး။ဘာအသံမှလည်း မထွက်နိုင်ခဲ့ပါဘူး ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။