‘ ရာစုနှစ်ရဲ့ ပါရမီရှင် ‘ ဆိုပြီး ကလော့ပ်ရဲ့ ချီးကျူးမှုကြောင့်ဘယ်လိုခံစားခဲ့ရတယ်ဆိုတာထုတ်ပြောလိုက်တဲ့ #မာတီနယ်လီ

ဒီရာသီမှာ အာဆင်နယ် အသင်းက အခြေအနေ အတော်လေး ဆိုး နေပြီး အဆင့် ၁၀ နေရာ အထိ ကျရောက် နေခဲ့ပေမယ့် တိုက်စစ်ပိုင်း က လူငယ်ကြယ်ပွင့် လေး မာတီနယ်လီရဲ့ တောက်ပ မှုကတော့ အတော်လေးကို အရောင် ထွက်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ အသက် ၁၈ နှစ် အရွယ်သာရှိသေးပေမယ့် ဒီရာသီမှာ အာဆင်နယ် အသင်း အတွက် ပြိုင်ပွဲစုံ ၂၁ ပွဲအထိ ပါဝင် ကစားပေး ထားပြီး စုစုပေါင်း သွင်းဂိုး ၁၀ ဂိုးအထိသွင်းယူပေးထားနိုင် ခဲ့ပြီ ဖြစ်ပါတယ်။

အခုရာသီ အစမှာမှ ဘရာဇီးလ်ကလပ် အီတူအာနို အသင်းကနေ ပေါင် ၆သန်း ဝန်းကျင်နဲ့ ရောက်လာခဲ့ တဲ့ မာတီနယ်လီ ရဲ့ ခြေစွမ်းကိုဦးစွာသိမြင်ခဲ့သူတွေထဲမှာ လီဗာပူး နည်းပြ ကလော့ပ်လည်း တဦးအပါအဝင် ဖြစ်ပါတယ်။

ငယ်ငယ် ရွယ်ရွယ်မှာ ဘရာဇီးလ်သား တဦးပီပီ အလား အလာကောင်းတွေ ရှိနေတဲ့ မာတီနယ်လီဟာ ‘ ရာစုနှစ်ရဲ့ ပါရမီရှင် ‘ တဦး ဖြစ်တယ်လို့တောင် ဂျာမန်သားကြီး ကလော့ပ်ရဲ့မှတ်ချက်ပေးမှုကိုပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ ခံထားခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ် အသင်း ဟာဒီရာသီ ကရာဘောင်ဖလား ပြိုင်ပွဲမှာ လီဗာပူးနဲ့ ရင်ဆိုင်ခဲ့ရပြီး သာမန် ပွဲချိန်အတွင်းမှာ ၅ဂိုးစီ သရေ ကျခဲ့ပါတယ်။ဒီပွဲမှာ ၂ဂိုးသွင်းယူနိုင်ခဲ့တဲ့ မာတီနယ်လီကိုလည်း ပြိုင်ဘက်အသင်းနည်းပြကလော့ပ်က အောက်ပါအတိုင်း ချီးကျူးခဲ့တာပါ။

ပွဲအပြီး အင်တာဗျူးတခုမှာ ကလော့ပ်က – ” မာတီနယ်လီရဲ့ ခြေစွမ်းကရွယ်တူတွေ ထက်အများကြီးပိုကောင်းပါတယ်။သူဟာ ရာစုနှစ်ရဲ့ပါရမီရှင်ဖြစ်ပါတယ်။တကယ့်တိုက်စစ်မှူးကောင်းဖြစ်လို့လည်းရင်ဆိုင်ဖို့ မလွယ်ခဲ့ဘူး ” လို့ပြောခဲ့တာဖြစ်ပါတယ်။

ကလော့ပ်ရဲ့ ထိုစဉ်က ချီးကျူးမှုနဲ့ ပတ်သက်ပြီး အခုချိန်မှာ မာကာ သတင်းစာက မှတ်ချက်ပေးခိုင်းရာမှာတော့ မာတီနယ်လီက – ” ကမ္ဘာပေါ်က အကောင်းဆုံး နည်းစနစ် ပညာရှင် တွေထဲက တဦးဆီကနေ ကျွန်တော့်ရဲ့ ကောင်းကြောင်းကို ကမ္ဘာသိကြားလိုက်ရလို့ကျေနပ်ဂုဏ်ယူခဲ့ရပါတယ်။

အခုချိန်မှာတော့ ကျွန်တော့် အနေနဲ့ ခိုင်မြဲတဲ့ ခြေစွမ်းကောင်းကို ဆက်ထိန်းရပါတော့မယ်။အခုထက်ပိုပြီး ကြီးကျယ်ကောင်းမွန်တဲ့ အရာတွေကို ဆွတ်ခူးနိုင်ဖို့ အတွက် အာရုံစိုက်ပြီး ဆက်ကြိုးစားသွား
ရပါဦးမယ် ” လို့ပြောသွားပါတယ်။

နည်းပြ ဟောင်း အမ်မရီ ရဲ့ ခေါ်ယူမှုကြောင့်အမ်းမရိတ်ကို ရောက်လာခဲ့တဲ့
မာတီနယ်လီဟာ နည်းပြသစ် အာတီတာ လက်ထက်မှာလည်း ယုံကြည်ကိုးစားမှုကို ခံထားရဆဲဖြစ်ပါတယ်။နည်းပြ ၂ဦးအကြောင်းကို မေးမြန်းရာမှာတော့ မာတီနယ်လီက –

” နှစ်ယောက်စလုံးက တော့ တကယ့်လူတော်တွေ ဖြစ်ပါတယ်။အူနိုင်းက ကျွန်တော့်ကို အတော်လေး အကူအညီပေး ခဲ့ပြီး ကျွန်တော်အပေါ် ပထမဆုံး ယုံကြည်မှု ပေးသူဖြစ်ခဲ့သလို နေရာပေးခဲ့သူ လည်းဖြစ်ပါတယ်။

သူ့ကို ကျွန်တော်အမြဲ ကျေးဇူးတင်မိနေတော့ မှာပါပဲ။သူက ကျွန်တော့ ကိုဥရောပ ဘောလုံး လောက နဲ့ မိတ်ဆက်ပေးခဲ့သူ ဖြစ်ပါတယ်။အာတီတာကလည်း အခုချိန်မှာကျွန်တော့်ကို အများကြီး အကူအညီပေးပါတယ်။

ဒါကြောင့် သူ့ကို လည်း အရမ်းကျေးဇူး တင်မိပါတယ်။သူဟာကျွန်တော့်ကို အမြဲ ကူညီပေးနိုင်ဖို့ ကြိုးစားနေတတ်ပြီး အကြဉာဏ်တွေလည်း ပေးတတ်ပါတယ်။
ဒါကြောင့် လည်းကျွန်တော့်ရဲ့ ဘောလုံး ခြေစွမ်းက တိုးတက်နိုင်နေတာပါ။

ဒီ အပိုင်းမှာဆိုရင် သူ အတော်လေးကို အံံ့မခန်းကောင်းမွန်တဲ့ လူတယောက်ဖြစ်ပါတယ်။သူဟာ ကစားသမားတွေ အကုန်လုံးကို ဘောလုံးအပေါ်အာရုံစိုက်စေနိုင်ပြီး အရမ်းကောင်းတဲ့ လူတယောက်လည်းဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

ဘရာဇီးလ် ကြယ်ပွင့် တိုက်စစ် မှူး လေးမာတီနယ်လီဟာ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ခုနှစ် အတွင်း ယူနိုက်တက် အသင်းကို လေးကြိမ် အထိ သီးခြား စီလာရောက်ပြီးလေ့ကျင့်မှုတွေ ပြုလုပ်ထားခဲ့ဖူးတာဖြစ်ပါတယ်။ဒါပေမယ့် အမှန်တကယ်ပြောင်းရွှေ့ဖြစ်ခဲ့တာကတော့ အာဆင်နယ် အသင်းကိုပဲ ဖြစ်ပါတယ်။

မာတီနယ်လီ ရဲ့ ပါရမီရှင်ခြေစွမ်းကို နောက်ထက် သတိပြုမိခဲ့တဲ့ အသင်းကတော့ စပိန် ထိပ်သီး ဘာစီလိုနာ အသင်း ဖြစ်ပါတယ်။ဘာစီလိုနာတို့ဟာ မာတီနယ်လီရဲ့ခြေစွမ်းကို စမ်းသပ်ခဲ့ပေမယ့် ကမ်းလှမ်းမှုတော့ ပြုလုပ်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။