မက်ဆီဟာ ရော်နယ်ဒိုလို ‘Monster’ တစ်ဦးမဟုတ်ဘဲ အင်္ဂလန်မှာ လာကစားရင် ရုန်းကန်ရလိမ့်မယ်လို့ ဆိုလိုက်တဲ့ ဘာစီလိုနာ ကစားသမားဟောင်း

ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်ကြတဲ့ အာဆင်နယ် နဲ့ ချဲလ်ဆီး တို့မှာ ကစား ခဲ့ဖူးတဲ့ ဘာစီလိုနာ ကွင်းလယ်လူဟောင်း ဖြစ်သူ အီမန်နူရယ် ပီတစ်ဟာ အာဂျင်တီးနား တိုက်စစ်မှုး လီယွန်နယ်မက်ဆီ အတွက် အပြောင်းအလဲ ရှာဖွေဖို့ဟာ ဘယ်လောက် ခက်ခဲ သလဲ ဆိုတာ ကောင်းကောင်း သိနေ ပါတယ်။ ပီတစ် က မက်ဆီဟာ ရောက်တဲ့ အသင်းတိုင်းမှာ အကောင်းဆုံး အကျိုးပြု ပေးနိုင်မှု အပိုင်း ၊ ကြံ့ခိုင်မှု အပိုင်းတွေ မှာတော့ ခရစ်စတီယာနို ရော်နယ်ဒို လိုမျိုး ‘monster’ တစ်ဦး မဟုတ်နိုင်ဘူးလို့ ယုံကြည် နေပြီး ဘာစီလိုနာ စူပါစတား အနေနဲ့ ပရီးမီးယားလိဂ် မှာ လာကစားရင် ရုန်းကန် ရနိုင်တယ်လို့ ဆိုလိုက် ပါတယ်။

ကတ်တလန် ကလပ် နဲ့ ချုပ်ဆို ထားတဲ့ စာချုပ်ပါ သဘောတူညီမှု အရ ရာသီကုန်မှာ နူးကမ့် ကနေ ထွက်ခွာခွင့် ရှိနေတဲ့ မက်ဆီဟာ လာမည့် ရာသီ ဘာကာမှာ ဆက်ရှိ နေမလား ဆိုတာ အခုထိ ရေရာတဲ့ အဖြေ မထွက် လာသေးပါဘူး။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက အားကစား ဒါရိုက်တာ ဖြစ်သူ အဘီဒယ် နဲ့ ဖြစ်ပွား ခဲ့တဲ့ ပြသနာကြောင့် မက်ဆီရဲ့ အနာဂတ်ဟာ ပိုမို လှုပ်ခတ် လာခဲ့ပြီး ဘလွန်းဒီအော ၆ ဆုရှင် ကို ပက်ဂွာဒီယိုလာ ရဲ့ မန်စီးတီး က ခေါ်ယူ သွားဖို့ ရှိနေတယ် ဆိုတဲ့ သတင်းတွေ ကျယ်ပြန့်စွာ ထွက်လာခဲ့ ပါတယ်။

ပီတစ် ကတော့ အသက် ၃၂ နှစ်အရွယ် အာဂျင်တီးနား စတား အနေနဲ့ စပိန် မှာလိုမျိုး ပရီးမီးယားလိဂ် မှာ လုပ်ပြ နိုင်မှာ မဟုတ်ဘူးလို့ ယူဆ နေပါတယ်။ မက်ဆီ ရဲ့ ပြိုင်ဘက် ဖြစ်သူ အသက် ၃၄ နှစ်အရွယ် ရော်နယ်ဒို ကတော့ ရီးရဲယ်မက်ဒရစ် နဲ့ ဂျူဗင်တပ် အသင်းတို့မှာ မကစားမီ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အတူ အင်္ဂလန်မှာ တောက်ပ ခဲ့ပြီး ဆုဖလားတွေ ၊ တစ်ဦးချင်း ဆုတွေနဲ့ အောင်မြင်မှု ရခဲ့ပြီး လက်ရှိ စီးရီးအေ မှာလည်း ခြေစွမ်းပြ နေတာ ကျဆင်းတဲ့ အရိပ်အရောင်ကို ပြသထာခြင်း မရှိပါဘူး။

ပေါ်တူဂီ စတားဟာ ရီးရဲယ်မက်ဒရစ် ၊ ဂျုဗင်တပ် တို့မှာလည်း ဒီလိုမျိုး လုပ်ပြထား နိုင်ခဲ့ပြီး ဘာစီလိုနာ ကွင်းလယ်လူဟောင်း ပီတစ်က မက်ဆီဟာ ဒီအပိုင်းမှာတော့ ရော်နယ်ဒိုလိုမျိုး ကစားသမား မဟုတ်ဘူးလို့ ယူဆ နေပါတယ်။

ပီတစ် က “မက်ဆီဟာ ခရစ်စတီယာနို ရော်နယ်ဒို လိုမျိုး မဟုတ်ပါဘူး။ ကြံ့ခိုင်မှု အပိုင်းဟာ မက်ဆီဟာ ရော်နယ်ဒိုလို machine မဟုတ်ပါဘူး။ ရော်နယ်ဒိုဟာ monster တစ်ဦးပါ။ ဒါပေမယ့် အသက် ၃၂ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ မက်ဆီ ကတော့ အမြင့်ဆုံး အဆင့်မှာ နောက်ထပ် ၁ နှစ် ၂ နှစ်ပဲ ကစား နိုင်တော့မှာပါ။

သူဟာ ဘာကာမှာ အရမ်း ကောင်းတဲ့ ကစားသမားတွေနဲ့ တွဲဖက် ကစား နေပေမယ့် သူဟာ အရင်တုန်းကလိုမျိုး လျှင်မြန်မှု ၊ အလိမ်အခေါက် စွမ်းရည်တွေ မရှိတော့ ပါဘူး။ သူ့ရဲ့ ကစားသမား ဘ၀ သိပ်မကျန်တော့ဘူး ဆိုတာကို မက်ဆီ ကိုယ်တိုင် ကောင်းကောင်း သိနေ လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ရိုးရိုးသားသား ပြောရရင် အင်္ဂလန်လိဂ်ရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုဟာ သူ့အတွက် မကိုက်ညီ ပါဘူး။

သူဟာ နေရာလွတ်တွေကို လိုက်လံ ပိတ်ဆို့ ကစားတာတွေ ၊ အပြင်းအထန် တိုက်ပွဲဝင် ကစား တာတွေ မလုပ် နိုင်ပါဘူး။ စပိန် မှာတော့ သူ့ကို အကာအကွယ်တွေ ပေးထား ကြပါတယ်။ သူ့ကို ပရီးမီးယားလိဂ် မှာ လာကစားတာကို အင်္ဂလန် ပရိတ်သတ်တွေ ကတော့ မြင်ချင် နေမှာ သေချာ ပါတယ်။ ဒါပေမယ့် မန်စီးတီးလို ကလပ်မျိုးဟာ အသက် ၃၂ ၃၃ ရှိနေပြီ ဖြစ်တဲ့ မက်ဆီ ကို ခေါ်ယူဖို့ လှုပ်ရှား သွားမယ်လို့ ကျွန်တော် လုံး၀ မထင်ပါဘူး။

အကယ်၍ စီးတီး တို့ သူ့ကို ခေါ်ယူချင် ခဲ့တယ် ဆိုရင် ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ကြိုးစား ခဲ့သင့်ပါတယ်။ မက်ဆီဟာ ဆုဖလားပေါင်း များစွာ သိမ်းပိုက် နိုင်ခဲ့ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်က ဘာကာ အသင်းဟာ သူတို့ရဲ့ အမြင့်ဆုံး အနေအထားပါ။ ဒီကစားသမား တွေဟာ အဲဒီကာလမှာ သူတို့ရဲ့ သမိုင်းကို သူတို့ ရေးထိုး ခဲ့ပြီးပါပြီ။ ဒီလို အဆင့်ကို ရောက်ပြီး ခဲ့ပြီ ဆိုရင် နောက်ထပ် သွားစရာ လမ်းတစ်ခုပဲ ရှိပါတယ်။ ဒါကတော့ အောက်ပြန်ဆင်းတာပါ။ ထိပ်ဆုံးနေရာမှာ အမြဲတမ်း ရှိနေဖို့ မဖြစ်နိုင် ပါဘူး။

နောက်ပိုင်း သူတို့ ဝယ်ခဲ့တဲ့ ကစားသမားတွေကို ကြည့်လိုက်ပါ။ သူတို့ဟာ အပြောင်းအရွေ့ ဈေးကွက်မှာ ငွေကြေး အင်အား တောင့်တင်းတဲ့ အသင်းတွေနဲ့ ဘဏ္ဍရေးပိုင်းမှာ မယှဉ်နိုင် ခဲ့ပါဘူး။ သူတို့ဟာ ကမ္ဘာ့အကြီးကြယ်ဆုံး ကလပ်တွေ ထဲက တစ်ခုပါ။ ဒါပေမယ့် ဘဏ္ဍရေးပိုင်း မှာတော့ သူတို့ဟာ မကြာသေးမီက ခက်ခဲမှုတွေ ရှိခဲ့ ပါတယ်။

အခု ဆိုရင် သူတို့ဟာ လူမဝယ် ရသေးမီ ရှိတဲ့ ကစားသမားတွေကို အရင် ရောင်းချ နေရပါတယ်။ ဒီနေ့ ခေတ်မှာတော့ ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေကို ခေါ်ယူ ချင်တယ် ဆိုရင် အနည်းဆုံး ယူရို သန်း ၈၀ လောက် သုံးစွဲ ရမှာ ဖြစ်ပါတယ်။” လို့ ဆိုသွား ပါတယ်။

မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ ကတော့ မက်ဆီ ကို ခေါ်ယူဖို့ ကြိုးပမ်း သွားမယ် ဆိုတဲ့ သတင်းတွေကို ပယ်ချ သွားခဲ့ပြီး အာဂျင်တီးနား စူပါစတား ဘာစီလိုနာ မှာပဲ ဆက်နေ သွားမှာ ဖြစ်တယ်လို့ ပြောသွား ခဲ့ပါတယ်။