လီဗာပူး အသင်းတွင်း မတည်မငြိမ် ဖြစ်အောင် မွှေလိုက်တဲ့ ဘရာဇီး နည်းပြ တီတေး

ဘရာဇီး နည်းပြ တီတေးက လီဗာပူး ဂိုးသမား အလီဆွန် ဘက်ကာဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ တုန်းက လီယွန်နယ်မက်ဆီ ရဲ့ လှပတဲ့ ဖရီးကစ် သွင်းဂိုးမှာ သူ့အသင်းဖော်တွေ လူတံတိုင်းကာရာမှာ သတ္တိ မရှိ ခဲ့တာကို စိတ်ပျက် ခဲ့တယ်လို့ ထုတ်ဖော် သွားခဲ့ ပါတယ်။

ဘာစီလိုနာ ဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ လီဗာပူး နဲ့ တွေ့ဆုံ ခဲ့ပြီး ပထမအကျော့ကို နူးကမ့်မှာ အရင် ကန်ခဲ့ ရပါတယ်။ ဘာစီလိုနာ ဟာ အဆိုပါ ပွဲစဉ်မှာ လူးဝစ်ဆွာရက် ၊ လီယွန်နယ်မက်ဆီ တို့ရဲ့ ဂိုးတွေနဲ့ အတူ အင်္ဂလန် ပြိုင်ဘက်ကို အိမ်ကွင်းမှာ ၃-၀ နဲ့ အနိုင် ရရှိ ခဲ့ပါတယ်။

မက်ဆီရဲ့ ဒုတိယ သွင်းဂိုး ကတော့ တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာ ဖြစ်ခဲ့ပြီး အာဂျင်တီးနား စူပါစတားဟာ ၈၁ မိနစ် မှာ ရရှိခဲ့တဲ့ ကိုက် ၃၀ အကွာက ဖရီးကစ် ကို လီဗာပူး လူတံတိုင်း ဘေးကနေ လှလှပပ ဝေ့ဝှက် ကန်သွင်း ယူခဲ့တာ ဖြစ်ပြီး ဂိုးသမား အလီဆွန် အနေနဲ့ ဘာမှ မတက် နိုင်ခဲ့ပါဘူး။

မကြာသေးမီက ဖြန့်ချီ ခဲ့တဲ့ Amazon documentary ဖြစ်တဲ့ ‘All or Nothing’ ရဲ့ အပိုင်းတစ်ခုမှာ ဘရာဇီး နည်းပြ ဖြစ်သူ တီတေး က သူ့ရဲ့ ဂိုးသမား ဖြစ်တဲ့ အလီဆွန်ဟာ မက်ဆီရဲ့ ဖရီးကစ်ကို ရင်ဆိုင် ခဲ့ရာမှာ သူ့အသင်းဖော် တစ်ဦးရဲ့ သတ္တိ နည်းခဲ့မှုကို စိတ်ပျက်လက်ပျက် ဖြစ်ခဲ့တယ်လို့ ထုတ်ဖော် သွားခဲ့ ပါတယ်။

တီတေး က “ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် မှာတုန်းက လီဗာပူး ဘက်ကို မက်ဆီ သွင်းယူ ခဲ့တဲ့ ဖရီးကစ် ဂိုးကို ကျွန်တော် အလီဆွန် ကို ပြသ ခဲ့ပါတယ်။ အဲဒီမှာ သူက ‘ပရော်ဖက်ဆာ… ကျွန်တော် ဒီသွင်းဂိုး ကို အကြိမ် ၃၀ ကျော် ကြည့်ခဲ့ ပြီးပြီ။ ကျွန်တော့်ရဲ့ လူတံတိုင်းမှာ ပထမဦးဆုံး ကစားသမားဟာ သတ္တိ မရှိ ခဲ့ဘူး။ အဲဒီမှာ ကျွန်တော့် အတွက် ကာကွယ်ဖို့ လုံလောက်တဲ့ အချိန် မရှိခဲ့ဘူး’ လို့ ကျွန်တော့်ကို ပြောခဲ့ ပါတယ်။”

အဆိုပါ လူတံတိုင်း မှာ ပထမဦးဆုံး ကစားသမားဟာ နောက်ခံလူ ဂျိုးဂိုးမက်ဇ် ဖြစ်နေပါတယ်။ မက်ဆီဟာ လူတံတိုင်း ဘေးကနေ ဝေ့ဝှက် ကန်သွင်းယူ ခဲ့တာ ဖြစ်ပြီး အလီဆွန် ကတော့ ဂိုးမက်ဇ် အနေနဲ့ ဘောလုံးကို လမ်းကြောင်း ပြောင်းသွားအောင် တိုက်ထုတ် နိုင်လို့ ရတယ်လို့ ယူဆ နေတာ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ရာသီက မက်ဆီ ရဲ့ ၈ ကြိမ်မြောက် ဖရီးကစ် သွင်းဂိုး ဖြစ်ကာ အာဂျင်တီးနား စတား ရဲ့ ကစားသမား ဘဝမှာ တစ်ရာသီ အတွင်း ဖရီးကစ် သွင်းဂိုး အများဆုံး မှတ်တမ်း ဖြစ်ခဲ့ ပါတယ်။

ဆက်လက်ပြီး ဘရာဇီး နည်းပြ က “ဖရီးကစ် အတွက် လူတံတိုင်း ကာဖို့ နေရာချတဲ့ အခါမှာ… ‘မင်းမှာ သတ္တိ မရှိဘူး ဆိုရင် မင်း ဒီ wall မှာ ဝင်မကာနဲ့’ လို့ ကျွန်တော် ပြောလေ့ ရှိပါတယ်။ ဝင်ကာတဲ့ လူကာ ဘောလုံးကို ကြည့်ပြီး ခုန်မကာဘူး ဆိုရင် ကိုယ့်ရဲ့ wall မှာ အားနည်းချက် ဖြစ်သွားပြီး ဒီကနေ အသုံးချ ခံရလေ့ ရှိပါတယ်။

ဒီလို ပြောထားတဲ့ ကြားကနေ ဂိုးပေးလိုက်ရပြီ ဆိုရင် ကျွန်တော်တို့မှာ ပွဲအပြီး recording တွေ ရှိနေ ပါတယ်။ ကျွန်တော် ကတော့ အဲဒီလူကို တာဝန်ယူ ခိုင်သွား မှာပါ။ အဆင် မပြေဘူး ဆိုရင် ဒီ wall မှာ ဝင်မကာလို့ ရပါတယ်။ ဒါပေမယ့် ဒီ wall မှာ ရှိနေပြီ ဆိုရင်တော့ သတ္တိ ရှိရပါမယ်။” လို့ ဆိုသွား ပါတယ်။

ဘာပဲ ဖြစ်ဖြစ် လီဗာပူးဟာ ဒုတိယ အကျော့ အန်ဖီးမှာ ကစား ခဲ့တဲ့ ပွဲစဉ်မှာတော့ ပြိုင်ပွဲ သမိုင်းတစ်လျှောက် အကောင်းဆုံး comeback တွေ ထဲက တစ်ခု အဖြစ် ဘာစီလိုနာ ကို ၄-၀ နဲ့ ပြန်လည် အနိုင်ယူကာ နှစ်ကျော့ပေါင်း ၄-၃ နဲ့ ဖိုင်နယ်ကို တက်ရောက် သွားခဲ့ ပါတယ်။ အဆိုပါ ပွဲစဉ်မှာ အလီဆွန်ဟာ မက်ဆီ နဲ့ ဘာကာ အသင်းသားတွေရဲ့ ကန်သွင်းမှု တွေကို လက်စွမ်းပြ ကာကွယ် ပေးသွား ခဲ့ကာ ပေးဂိုး မရှိအောင် စွမ်းဆောင် ပေးခဲ့ပြီး အန်ဖီးရဲ့ သမိုင်းဝင် ဥရောပ ညတစ်ညမှာ သူရဲကောင်း တစ်ဦး အဖြစ် ပါဝင် ခဲ့ပါတယ်။

မေလ ၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ် မှာတော့ ယာဂန်ကလော့ ရဲ့ အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ဘက် တော့တင်ဟမ် ကို ၂-၀ နဲ့ အနိုင် ရကာ ၆ ကြိမ်မြောက် ဥရောပ ချန်ပီယံ ဖြစ်လာ ခဲ့ပါတယ်။ အလီဆွန်ဟာ ဒီရာသီ မှာလည်း လီဗာပူး နဲ့ အတူ ပရီးမီးယားလိဂ် ဖလား ကိုင်မြှောက် နိုင်ဖို့ နီးစပ် နေပြီး အမှတ်ပေးဇယား ထိပ်မှာ ၂၂ မှတ် အသာနဲ့ ဦးဆောင် နေတဲ့ လီဗာပူးဟာ လက်ကျန် ၁၃ ပွဲမှာ ၁၈ မှတ် ရရင် ပြိုင်ဘက် အနေအထားကို ကြည့်စရာ မလိုဘဲ ဖလား ဆွတ်ခူး နိုင်တော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အလီဆွန် နဲ့ ဂိုးမက်ဇ် တို့ ပါဝင် နေတဲ့ လီဗာပူး ခံစစ်ဟာ ဆိုရင်လည်း ဒီရာသီ ပရီးမီးယားလိဂ် မှာ ပေးဂိုး ၁၅ ဂိုးသာ ရှိနေပြီး လိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ခံစစ် အဖြစ် ရပ်တည် နေပါတယ်။ ရာသီအစတုန်းက ဒဏ်ရာကြောင့် ပွဲစဉ် ၇ ပွဲ လွဲချော် ထားခဲ့တဲ့ အလီဆွန်ဟာ ဒီရာသီ clean sheet ၉ ကြိမ် ရရှိ ထားခဲ့ပြီး ရွှေလက်အိတ်ဆု ကို ၂ ရာသီဆက် ရယူရန် ရေပန်းစား နေပါတယ်။