အမ်မရီကို ရည်ရွယ်ပြီး လူမှုကွန်ယက်ကနေ ထိုးနှက်လိုက်တဲ့ #မူစတာဖီ

ဂန္တဝင်နည်းပြ ကြီး အာဆင်ဝင်းဂါး ထွက်ခွာခဲ့အပြီးမှာ အာဆင်နယ် အသင်းကို ရောက်လာခဲ့တာကတော့ ဆီဗီလာ ၊ PSG အသင်းတွေကို အောင် မြင်မှု တွေ အထိုက်အလျောက် ရယူပေး နိုင်ခဲ့ဖူးတဲ့ နည်းပြ အူနိုင်း အမ်မရီပါပဲ။

ဆီဗီလာ အသင်းနဲ့ အတူ ယူရိုပါလိဂ် ဖလား တွေ ဆက်တိုက် ရရှိထားခဲ့ သလို
PSG အသင်းကို လည်း ပြည်တွင်းဖလား တွေ ရယူပေး ထားနိုင်ခဲ့ဖူးတဲ့ ဒီစပိန်သားကြီးဟာ အာဆင်နယ် အသင်းကို လည်း တစုံတရာစွမ်းဆောင်ပေးနိုင်မယ်လို့တာဝန်ရှိသူတွေကော ပရိသတ်တွေပါ မျှော်လင့်ခဲ့တာပါ။

ဒါပေမယ့် လည်း အားလုံးရဲ့မှန်းချက် နဲ့
အသင်းရဲ့ ရလဒ်တွေက မကိုက်ဖြစ်ခဲ့ရပဲ အမ်မရီ လက်ထက် အဖွင့်ရာသီ ပြိုင်ပွဲစုံမှာ အာဆင်နယ် အသင်း ဖလား လက်မဲ့ ဖြစ်ခဲ့ရသလို ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာသာရခဲ့ လို့ချန်ပီယံ လိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာတော့ သူလို ချင်တဲ့ ကစားသမား ကောင်း အချို့ကို ခေါ်ယူ ပေး ခဲ့ပြီး ယမန်နှစ်က အခြေအနေ ဆိုးတွေကို အလှည့်အပြောင်းလုပ်ပြဖို့ အာဆင်နယ်အသင်းကသူ့ကို အခွင့်အရေးပေးခဲ့ပါသေးတယ်။

ဒါပေမယ့် လည်း ပိုလို့တောင် ဆိုးရွား လာနေခဲ့ လို့ ရာထူးကနေ ထုတ်ပယ်ခြငခး ခံခဲ့ရတဲ့ အထိ ဖြစ်ပျက်သွားခဲ့ပါတယ်။အမ်မရီလက်ထက် အာဆင်နယ်အသင်း မှာ ပုံကောင်းရဖို့ရုန်းကန်ခဲ့ရတဲ့ ကစားသမားတွေ အများကြီးရှိခဲ့တာကြောင့်လည်း အခုလိုအနေအထားအထိ
ဖြစ်သွားတာပါ။

အမ်မရီ လက်ထက်မှာ ခြေစွမ်းပြသနိုင် ခြင်း မရှိခဲ့သလို မဖြစ်သင့်တဲ့ အမှားမျိုး တွေ မကြာခဏဆိုသလို ကျူးလွန်နေမိခဲ့ လို့ ပရိသတ်တွေရဲ့ လှောင်ပြောင်မှု ခံခဲ့ရတဲ့ မူစတာဖီကတော့ နည်းပြနဲ့ ကစား သမားတွေကြား ကောင်းမွန်တဲ့ ဆက်ဆံမှုမျိုးလိုအပ်တဲ့အကြောင်းကို သူ့ရဲ့ တွစ်တာကနေ ထိုးနှက်သွားခဲ့ပါတယ်။

အမ်မရီဟာ ဆီဗီလာ အသင်းနဲ့အတူ အရည်အသွေးမြင့် နည်းပြတဦးဖြစ်တယ် ဆိုတာ သက်သေပြထားနိုင်ခဲ့သူ ဖြစ်ပေမယ့်သူ့ရဲ့ မိခင်ဘာသာစကား ကို အဓိက သုံးစွဲတဲ့ စပိန်လာလီဂါ မှာ ရှိနေစဉ်က သာ အဆင်ပြေပြေရှိခဲ့ပုံပါပဲ။

အမ်မရီ ဟာ အာဆင်နယ် အသင်းကို ရောက်လာပေမယ့် အင်္ဂလိပ် ဘာသာ စကား ကျွမ်းကျင် မှု အတော်လေးနည်းပါပုံရ ပြီး သူ့ရဲ့ အင်တာဗျူးတွေအတွင်း သုံးလေ့ရှိတဲ့ ‘ Good evening ‘ အသံထွက်ကိုတောင် မပီသသူဖြစ်လို့ ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပါသေးတယ်။

မူစတာဖီက လည်း အမ်မရီ လက်ထက်မှာ အတော်လေး နာမည်ပျက် ခဲ့တဲ့ ကစားသမား တဦးဖြစ်ပြီး စပိန် နာမည်ကျော် မာကာ သတင်းစာကမဲပေး ရွေးချယ်ခိုင်းခဲ့တဲ့ကမ္ဘာ့အဆိုးရွားဆုံး ခံစစ် ကစားသမား စာရင်းမှာ ဒုတိယနေရာ အထိ ရောက်ခဲ့ပါတယ်။

ဒါပေမယ့် ဒီဂျာမန်သား ဟာ နည်းပြ သစ် အာတီတာ လက်ထက်မှာတော့ သူ့ရဲ့ ခြေစွမ်းကောင်းကို တဖြည်းဖြည်း ပြန်ရနေခဲ့ပြီ ဖြစ်ပြီးနောက်ဆုံး ၃ပွဲလုံးရဲ့ ပွဲထွက်စာရင်း မှာ လည်း ပါဝင် ခွင့် ရထား ခဲ့ပါတယ်။

အာတီတာ လက်ထက်မှာ စိတ်ဓာတ်ကော ခြေစွမ်းပိုင်းပါ အပေါင်းလက္ခဏာ ဆောင်တဲ့ အလှည့်အပြောင်းတွေ ဖြစ်ပေါ် နေတာကတော့ မူစတာဖီ တဦးတည်းမဟုတ် ပဲ ကွင်းလယ်လူတွေ ဖြစ်တဲ့ ရှာကာ ၊ အိုဇေးလ် တို့ လည်းပါဝင်နေတာဖြစ်ပါတယ်။

အာဆင်နယ် အသင်းရဲ့ ကစားသမား အများစုဟာ နည်းပြ အမ်မရီ လက်ထက်မှာ အံဝင်မှု မရှိခဲ့ကြတဲ့ အကြောင်းကို ဝန်ခံထားခဲ့ကြပြီး ဂိုးသမား လီနိုက ဆိုရင် အခုချိန် အသင်းရဲ့ လူစာရင်းမှာ အမှိုက်မရှိတော့ဘူးလို့တောင် ထုတ်ပြောထားခဲ့ပါတယ်။

ကစားသမားတွေ ရဲ့ ပြောဆိုမှုတွေအရ အမ်မရီ ဟာ အသင်းသားတွေ နဲ့ ပြောဆိုဆက် ဆံမှု မှာ အတော်လေး လိုအပ်ချက် တွေ ရှိခဲ့ပုံရပြီး သူ့ရဲ့ နည်းစနစ်တွေ ညွှန်ကြားချက်တွေ ကို နားလည်နိုင်ဖို့ အတွက် ကစားသမားတွေမှာ အခက်အခဲတွေရှိထားခဲ့ပုံပါပဲ။

ဒါကြောင့်လည်း မူစတာဖီက နည်းပြနဲ့ ကစားသမားတွေကြား ပြောဆိုဆက်ဆံ မှုက အရေးကြီးတယ်လို့ အမ်ရီကို ရည်ရွယ်ပြီး ထိုးနှက်သွားခဲ့တာဖြစ်ပါတယ်။လေ့ကျင့်ရေးကွင်းအတွင်းမှာနည်းပြသစ်အာတီတာနဲ့ အတူထိုင်နေတဲ့ ပုံတပုံနဲ့ အတူ-

“( ကစားသမားတိုင်းရဲ့ )တိုးတက် ကောင်းမွန်လာမှု အတွက် ( နည်းပြနဲ့ ) ပြောဆို ဆက်ဆံ မှုတွေက အဓိကသော့ချက်
ပါပဲ ” လို့ သူ့ရဲ့ တွစ်တာ အကောင့် ကနေ မူစတာ ဖီက ရေးသား ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ အာတီတာလက်ထက် မှာ ကောင်းမွန် တိုးတက်မှုတွေ အများကြီး ရှိလာနေပြီ ဆိုတာ ငြင်းလို့မရပေမယ့် ရလဒ် ပိုင်းကတော့ သိသိ သာသာ ထူးခြားမလာသေးပါဘူး။အာတီတာလက်ထက် လိဂ်ပွဲ၇ပွဲမှာ တပွဲသာအနိုင်ရထားပါသေးတယ်။

အနိုင်ရလဒ်တွေကို မထိန်းနိုင်ပဲ သရေ ပွဲ၅ ပွဲအထိ ရှိထား တာကြောင့် လည်း အသင်းက ရမှတ်ဆုံးရှုံးမှုတွေ များနေပါတယ်။ဒါကြောင့်လည်း ချန်ပီယံလိဂ်ဝင်ခွင့် ထက် တန်းဆင်းဇုံ နဲ့တောင်ပိုနီးကပ်နေပါတယ်။

ခံစစ် ပိုင်း စွမ်းဆောင်ရည် လိုအပ်ချက်တွေ ကြောင့် အဆင့် ၁၀ နေရာအထိ ရောက်နေတဲ့ အာဆင်နယ် အသင်းဟာ ဆောင်းရာသီ ဈေးကွက်အတွင်းမှာတော့ ခံစစ်ကို အဓိက အားဖြည့်ထားပြီး ပါဘလိုမာရီ နဲ့ စီဒရစ်ဆွာရက်စ်တို့ကိုခေါ်ယူထားပါတယ်။

အာတီတာ အနေနဲ့ အခုလာမယ့် နွေရာသီမှာ အသင်းကို အလုံးစုံ အပြောင်းအလဲ လုပ်ဆောင်ဖွယ်ရှိနေပြီး အူဘာမီယန်၊ လာကာဇက်၊ အိုဇေးလ်တို့ိလို နာမည်ကြီး ကစားသမားတွေကိုပါ ရောင်းထုတ်ဖို့ ရှိနေတယ်လို့ မီဒီယာတွေက ဖော်ပြနေပါတယ်။

အာဆင်နယ် အသင်းဟာ လတ်တလောမှာတော့ ပွဲတွေကနေ အနားရနေပြီး ဒူဘိုင်းကို အပန်းဖြေလေ့ကျင့်ရေး ခရီးအဖြစ်ရောက်ရှိနေပါတယ်။အာတီတာအတွက်တော့ သူ့ရဲ့အတွေးအခေါ်တွေကို
သင်ကြားပေးဖို့ အခွင့်အရေးလည်းဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့မှာတော့ နယူးကာဆယ် အသင်းကို အမ်းမရိတ်မှာ ဧည့်ခံရမှာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ယူရိုပါလိဂ် ၃၂သင်းအဆင့်ပထမအကျော့အဖြစ် အိုလံပီကော့စ်ကို ဂရိမြေမှာသွားရောက် ရင်ဆိုင်ရဖို့ရှိနေပါတယ်။