တော့တင်ဟမ် မန်နေဂျာ ဖြစ်လာခြင်းကို ဟိုဆေးမော်ရင်ညို နောင်တရနေလောက်ပြီလို့ ဆိုလိုက်တဲ့ ပေါလ်မာဆွန်

အာဆင်နယ် မန်နေဂျာဟောင်း ဖြစ်သူ ပေါလ်မာဆွန် က ဟိုဆေး မော်ရင်ညိုဟာ တော့တင်ဟမ်ဟော့စပါး အသင်းရဲ့ နည်းပြ ဖြစ်လာခြင်းကို နောင်တ ရနေလောက်ပြီလို့ အခိုင်အမာ ဆိုသွား ခဲ့ပါတယ်။ ဂန်းနား ကစားသမားဟောင်းက မော်ရင်ညို ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက မော်ရီစီယို ပိုချက်တီနို ရဲ့ နေရာမှာ အစားဝင် လာခဲ့ပြီး ကတည်းက စပါး ကို တိုးတက်အောင် လုပ်ပေး နိုင်ခြင်း မရှိသေးဘူးလို့ ဆိုခဲ့ ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ကြားရက်က ဆောက်သမ်တန် ကို ၃-၂ နဲ့ အနိုင် ရရှိခဲ့တဲ့ အက်ဖ်အေဖလား ပြန်ကန်ပွဲစဉ်မှာ နောက်ခံလူ ဗာတွန်ဂန်ဟာ မော်ရင်ညို ရဲ့ လူစားလဲ ခဲ့မှုကို မကျေမနပ် ဖြစ်နေဟန် ပြသခဲ့ပြီး အသင်းတွင်း အခြေအနေတွေ ကလည်း ဆက်လက် မတည်မငြိမ် ဖြစ်နေဆဲ ဖြစ်ပါတယ်။ မာဆွန် ကတော့ မော်ရင်ညို ရဲ့ စပါး မန်နေဂျာ ဘဝဟာ မန်ချက်စတာ ယူနိုက်တက် နည်းပြ ဘ၀ မှာတုန်းက ပုံစံလိုမျိုး ဖြစ်နေပြီလို့ ယူဆ နေပါတယ်။

အာဆင်နယ် ကွင်းလယ်လူဟောင်းက မော်ရင်ညို ဟာ ဒီရာသီ စပါး အသင်းကို top 4 ဝင်ခွင့် ရအောင် လုပ်ပေး နိုင်မှာ မဟုတ်ဘူးလို့ မျှော်လင့် ထားပြီး လန်ဒန် ကလပ်ဟာ လာမည့် ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အတွက် ကြိုးပမ်းလျက် ရှိနေ ပါတယ်။

မာဆွန် က ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွေ့မှာ တော့တင်ဟမ် တို့ လိုအပ် နေတဲ့ အထောင် တိုက်စစ်မှုး ဝယ်ယူ ခဲ့ခြင်း မရှိတာကို ကြည့်ခြင်း အားဖြင့် မော်ရင်ညို ကို ဒန်နီရယ်လီဗိုင်းဟာ ကာလတို ပြင်ဆင်မှု အဖြစ်သာ ခေါ်ယူ ခဲ့တယ်လို့ ယူဆ နေပြီး ကလပ် အသင်းဟာ မန်နေဂျာ ကို ကာလရှည် ထောက်ခံခြင်း မရှိဘူးလို့ ပြောခဲ့ ပါတယ်။

အာဆင်နယ် ကစားသမားဟောင်းက “ဟိုဆေး မော်ရင်ညိုဟာ တော့တင်ဟမ်ကို တိုးတက်အောင် မလုပ် ပေးနိုင် သေးပါဘူး။ ယန်ဗာတွန်ဂန် ရဲ့ မကျေမနပ် ဖြစ်ခဲ့မှုကို ကြည့်လိုက်မယ် ဆိုရင် မန်ယူနိုက်တက် မှာတုန်းက ပုံစံမျိုး ထပ်ဖြစ် လာမယ့် ပုံစံပါပဲ။ သူ အဲဒီကို ရောက်သွား တုန်းက တော့တင်ဟမ်ကို တိုးတက်အောင် လုပ်ပေး နိုင်မှာ ၊ စိတ်လှုပ်ရှားစရာ တိုက်စစ် ကစားပုံကို မြင်ရမှာလို့ ကျွန်တော် ပြောခဲ့ ပါတယ်။ သူဟာ အဲဒီမှာ ခဏတော့ ရယ်မော ပျော်ရွှင် နေခဲ့ ပါတယ်။

ဒါပေမယ့် အားလုံး သိကြတဲ့ အတိုင်းပဲ ဒါတွေဟာ သိပ်ပြီး မကြာ ခဲ့ပါဘူး။ သူဟာ အခု ဆိုရင် အရင်တုန်းက အပေါက်ဆိုးတဲ့ မော်ရင်ညို ပြန်ဖြစ် သွားခဲ့ ပါပြီ။ သူ ဒီကစားသမားတွေကို တိုးတက်အောင် လုပ်ပေး ထားတာ ကျွန်တော် မမြင် ရပါဘူး။ နည်းနည်းလေးတောင် ဒီလို မရှိ ခဲ့ပါဘူး။ ‘ငါဒီကို ဘာလာလုပ်တာလဲ?’ ဆိုပြီး သူတွေး နေမှာပါ။ အခု ခင်ဗျားတို့ သူ ဘောကောက် ကောင်လေးတွေနဲ့ high-five လုပ်တာတွေ တွေ့ရသေးလို့လား?” လို့ ဆိုသွား ပါတယ်။

မာဆွန်က မော်ရင်ညိုကို ခေါ်ယူခြင်းဟာ တော့တင်ဟမ် ကို ထိပ်ဆုံး လေးသင်းထဲ ပြန်ဝင်ဖို့ ငှားရမ်း ခဲ့တာ ဖြစ်တယ်လို့ ဆိုလိုက်ကာ ချဲလ်ဆီးနဲ့ ၄မှတ်သာ ကွာဟ နေပေမယ့် ပေါ်တူဂီ နည်းပြ အတွက် ဒါဟာ အရမ်း ခက်ခဲတဲ့ အလုပ် ဖြစ်တယ်လို့ ပြောသွား ပါတယ်။

မာဆွန် က “စပါးဟာ ဒီအချိန်မှာ ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ အဝေးကြီးမှာ ရှိနေ ပါတယ်။ သူတို့မှာ ကစားသမားတွေ ဝယ်ယူဖို့ အတွက် ငွေကြေး သိပ်မရှိ ပါဘူး။ သူတို့ဟာ မော်ရင်ညို အတွက် တိုက်စစ်မှုး တစ်ဦး မခေါ် ပေးခဲ့ ပါဘူး။ သူတို့ဟာ လာမည့် အပြောင်းအရွေ့ တွေမှာလည်း ငွေကြေး များစွာ သုံးစွဲ သွားမယ့်ပုံ မရှိပါဘူး။ မော်ရင်ညို ကို ထိပ်ဆုံး ၄ သင်း ဝင်ရောက် နိုင်ဖို့ အတွက်ပဲ သူတို့ ခေါ်ယူ ခဲ့တာပါ။

ဒန်နီရယ်လီဗိုင်း ကလည်း အက်ဖ်အေဖလား ထက် ချန်ပီယံလိဂ် ဝင်ခွင့် ကိုပဲ ပိုပြီး လိုချင် နေတယ်လို့ ကျွန်တော် မြင်ပါတယ်။ ဒါပေမယ့် အခု သိပ်ပြီး အလုပ် ဖြစ်တာ မရှိဘူး မဟုတ်လား? ချဲလ်ဆီးဟာ အဆင့် ၄ နေရာနဲ့ အဆုံးသတ်ဖို့ အတွက် အကောင်းဆုံး အနေအထားမှာ ရှိနေ ပါတယ်။ ကျွန်တော် ကတော့ အခု ချိန်မှာ စပါး တို့ သူတို့ကို လိုက်မှီ နိုင်မယ်လို့ မမြင်မိ ပါဘူး။” လို့ ဆိုသွား ပါတယ်။