ကိုဗာဆစ် နဲ့ ဂျော်ဂျင်ဟို တို့ ပြောပြတဲ့ ဒီရာသီ အတွင်း တယောက် နဲ့ တယောက် အကြား နည်းစနစ်ပိုင်း နားလည် ချိတ်ဆက်နိုင်မှု အကြောင်း

ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ ၂ဦး ဖြစ်ကြတဲ့ ဂျော်ဂျင်ဟို နဲ့ ကိုဗာဆစ် တို့ဟာ ဒီနှစ် ဘောလုံး ရာသီ ၊ နည်းပြသစ် ဖရန့် လမ်းပတ် လက်အောက် မှာ အသင်း ရဲ့ ကွင်းလယ် မှာ အတွဲညီညီ အချိတ်အဆက် မိမိ စွမ်းဆောင် ပြနိုင်ခဲ့ပါတယ် ။ ဂျော်ဂျင်ဟို ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ အသင်း ရဲ့ ပွဲတိုင်းနီးပါး ကို ကစားခဲ့ရပေမယ့် ၊ အရေးပါတဲ့ ဘောလုံး ပေးပို့မှု တွေ မလုပ်နိုင်ခဲ့တာကြောင့် ဝေဖန် ခံခဲ့ရပေမယ့် ဒီရာသီ မှာတော့ ခြေစွမ်းပြ နိုင်တဲ့ ပရိသတ် အချစ်တော် ကွင်းလယ်လူ ဖြစ်လာပါတယ် ။

အလားတူပဲ ကိုဗာဆစ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ရီးရဲလ် မက်ဒရစ် ကနေ ချယ်လ်ဆီး ကို အငှား နဲ့ လာကစား ခဲ့ပေမယ့် ၄င်းရဲ့ အခန်း ကဏ္ဍ က အရေးပါခဲ့ခြင်း မရှိခဲ့တာ ကို တွေ့ခဲ့ ရပါတယ် ။ ဒီနှစ် ဘောလုံး ရာသီ မှာတော့ ကိုဗာဆစ် ဟာ လမ်းပတ် လက်အောက် မှာ သိသိသာသာ ခြေစွမ်း တိုးတက် လာခဲ့ပြီး ၊ သွင်းဂိုး တွေပါ စတင် ရရှိ လာခဲ့ကာ ၊ မရှိမဖြစ် ကွင်းလယ်လူ တဦး အဖြစ် ရပ်တည် နေပါတယ် ။

ချယ်လ်ဆီး အသင်း ရဲ့ တရားဝင် ဝက်ဘ်ဆိုက် နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာတော့ ၄င်းတို့ ၂ယောက် ရဲ့ ကွင်းလယ်မှာ နားလည်မှု အပြည့် နဲ့ ချိတ်ဆက် လာနိုင်တဲ့ အကြောင်း နဲ့ ပတ်သက်ပြီး ကိုဗာဆစ် က ” ကျွန်တော် တို့ဟာ ပွဲချိန် အတွင်း မှာ တယောက် နဲ့ တယောက် ချိတ်ဆက် ကစားနိုင်ဖို့ တယောက် အကြောင်း တယောက် သိအောင် ကြိုးစား လေ့လာ ခဲ့ပါတယ် ။ ကျွန်တော် က ကွင်းလယ် အတွင်းပိုင်း ကို ကစားမယ် ဆိုရင် ဂျော်ဂျီ က အရှေ့ ကို ပိုတက် ကစားပါတယ် ။ ”

” ဒီလို အနေအထားမျိုး ကို ပွဲချိန် အတွင်း မကြာခဏ ပြုလုပ်လေ့ ရှိသလို ၊ တယောက် နဲ့ တယောက် one-two pass တွေလည်း အတော်များများ လုပ်တတ်ပါတယ် ။ ကျွန်တော် ဟာ ပုံမှန်အားဖြင့် အရှေ့တက် ကစားရတာ ပိုကြိုက်ပါတယ် ။ တခါတလေ ကျတော့လည်း သူနဲ့ အူ ကွင်းလယ် မှာ တတန်းတည်း ကစားနိုင်ဖို့ ကြိုးစား ပါတယ် ။ အတူတူ တွဲကစားတဲ့ အခိုက်အတန့် တွေမှာ ဆိုရင် ပြိုင်ဖက် ရဲ့ ကွင်းလယ် ကို ပိုပြီး စိုးမိုးနိုင်စွမ်း ရှိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ကိုဗာဆစ် ပြောတာကို လက်ခံတဲ့ အကြောင်း ဂျော်ဂျင်ဟို က ” ကျွန်တော် တို့ တယောက် ကို တယောက် ကြည့်လိုက်ရင် ၊ နောက် ဘာ အကွက် ဆက်ရွှေ့မလဲ ဆိုတာ သိထားပြီးသားပါ ။ ကျွန်တော် သူ့ကို ကြည့်တဲ့ အခါ ၊ သူလည်း ကျွန်တော် နောက် ဘာဆက်လုပ်မလဲ ဆိုတာကို စိတ်ထဲက ကြိုတွက်နိုင်စွမ်း ရှိပါတယ် ။ ဒါဟာ အလုပ် လုပ်ရတာ ပိုလွယ်ကူ စေပါတယ် ။ ”

” ကျွန်တော် တို့ဟာ ဘောလုံး မပေးခင် တယောက် ကို တယောက် အမြဲ စောင့်ကြည့် နေရပါတယ် ။ အဲ့လိုမှ မဟုတ်ရင် ပြိုင်ဖက် က ဖိအား ပေးလာတဲ့ အချိန် ဘောလုံး မှားပေး နိုင်သလို ၊ ဘောလုံး လည်း ဆုံးရှုံး သွားနိုင်ပါတယ် ။ ကျွန်တော့ အတွက် ကတော့ ဘောလုံး မရခင် ၊ အရှေ့ နဲ့ ဘေးဘီ တွေမှာ ကိုယ့် အသင်းဖော် တွေ ဘယ်လို နေရာ ယူထားလဲ ဆိုတာ အရင်ကြည့်ပါတယ် ။ သေချာမှ ကျွန်တော် အရှေ့ မှာ ရှိနေတဲ့ တိုက်စစ် ကစားသမား တွေကို ပေးပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး ကိုဗာဆစ် က ” ကျွန်တော် တို့ ၂ယောက်လုံး ဟာ ပြီးခဲ့တဲ့ ရာသီ ထက်စာရင် ဒီနှစ် မှာ ကစားပုံ အတော်လေး ကွဲပြားသွားတာ ကို တွေ့ရပါတယ် ။ မနှစ် က ဆိုရင် ဘောလုံး ခြေထဲမှာ ရှိနေရင် ၊ လိမ်ခေါက်ဖို့ မကြိုးစားခိုင်းပဲ ၊ အသင်းဖော် တွေဆီကို ဘောလုံး မြန်မြန် ရောက်အောင် ပေးရပါတယ် ။ ဒီနှစ် မှာတော့ ကျွန်တော် တို့ဟာ ကစားခွင့် ပို လွတ်လပ်လာပြီး ၊ ဂျော်ဂျီ နဲ့ အချိတ်အဆက် ပိုမိလာတယ် လို့ ထင်ပါတယ် ။ ”

” တခါတလေ ကျရင် ကျွန်တော် ဟာ ဘယ် ကစားသမား တွေကို marking ကပ်ရမယ် ဆိုတာ မသိလိုက်တာ တွေ ရှိပါတယ် ။ အဲ့ဒီ အခါ ကျရင် ဂျော်ဂျီ က ကျွန်တော့ ကို ဘယ်နေရာ တွေမှာ နေရာယူဖို့ တွန်းပို့ တတ်ပါတယ် ။ ဒီလို အခြေအနေ တွေမှာ ဂျော်ဂျီ ဆုံးဖြတ်တာ အရမ်း ကျွမ်းကျင်ပါတယ် ။ ”

” နောက်ပြီး ကျွန်တော် တို့ အနေနဲ့ ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ် အဖျက် ကစားသမား တယောက် အကြောင်း ပြောဖို့ ကျန်ပါသေးတယ် ။ အန်ဂိုလို ကိုပါ ။ သူဟာ ကျွန်တော် တို့ ၂ယောက်လုံး ကို အများကြီး ကူညီ ပေးပါတယ် ။ သူ့ရဲ့ လျင်မြန်မှု နဲ့ ပြိုင်ဖက် တွေဆီက ဘောလုံး ဖျက်ယူမှု တွေက အင်မတန် မှ ပညာသား ပါလွန်းပါတယ် ။ ဒီလို အရည်အသွေးမျိုး ကျွန်တော် တို့ အသင်း မှာ လိုအပ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR