ဘောလုံးလောကရဲ့ အလှတရား တစ်ခုကို ဖန်တီးပေးသွားခဲ့တဲ့ ရီးရဲ ဆိုစီဒက်

ဘောလုံး ကစားနည်းဟာ ကမ္ဘာပေါ်မှာ လူကြိုက် အများဆုံး ကစားနည်း တစ်ခုဖြစ်ပြီး ၊ အပြန်အလှန်လေးစားမှုတွေ ၊ စည်းလုံး ညီညွတ်မှုတွေ ပြသရင်း လူမှု အဖွဲ့အစည်ပေါ်ထံ ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ပေါ်ပေါက်လာအောင်လဲ ဖန်တီးပေးလျှက် ရှိနေပါတယ်။

ဒီတစ်ပတ်မှာတော့ စပိန် လာလီဂါ ကလပ် ရီးရဲ ဆိုစီဒက် အသင်းဟာ ၊ ဘောလုံး လောကရဲ့ အလှတရားတစ်ခုကို ဖန်တီးပြခဲ့တာကြောင့် ၊ သူတို့ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး တစ်ကမ္ဘာလုံးက ဝိုင်းဝန်း ချီးကျူးလျှက် ရှိနေပါတယ်။

ကြားရက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကိုပါဒယ်ရေး ဖလားပွဲစဉ်မှာ ဆိုစီဒက် အသင်းဟာ ဘီစာရီးလ် လို့ အမည်ရတဲ့ စပိန် စတုတ္ထတန်း ကလပ်အသင်းလေး တစ်သင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ ပွဲစဉ်မှာ သူတို့အသင်းဟာ 8-0 ရလာဒ် နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။ သို့သော် ဆိုစီဒက် အသင်းဟာ အဲဒီလို ဂိုးပြတ်နိုင်ပွဲအတွက် အောင်ပွဲခံခဲ့ခြင်း မရှိပဲ ၊ ဘီစာရီးလ် အသင်းကိုတောင် သူတို့ အိမ်ကွင်းကို လာရောက် လာပတ်ဖို့ ဖိတ်ခေါ် သွားခဲ့ပါတယ်။

ဘီစာရီးလ်ဟာ စပိန် မြောက်ပိုင်းက ဘီစာရီးလ် ဒီ ကမ့်မို့စ် လို့ အမည်ရတဲ့ ရွာလေး တစ်ရွာက ဘောလုံးအသင်း ဖြစ်ပါတယ်။ တစ်ရွာလုံးမှ လူဦးရေက 754 ဦးသာ ရှိပြီး ၊ အဲဒီ အထဲကနေ ဘောလုံး အသင်းတစ်သင်း ဖြစ်အောင် တည်ထောင်ထားခဲ့တာ ဖြစ်ကာ ၊ သူတို့ရဲ့ ကြိုးစား အားထုတ်မှုတွေကို အသိအမှတ် ပြုတဲ့ အနေနဲ့ ဆိုစီဒက် အသင်းက ဖိတ်ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။

သတင်းတွေ အရတော့ ဆိုစီဒက်ဟာ ဘီစာရီးလ် ဘောလုံး အသင်းကိုပဲ ဖိတ်ခေါ်ခဲ့တာ မဟုတ်ပဲ ၊ တစ်ရွာလုံးကို ဖိတ်ခေါ်သွားခဲ့တာလို့ သိရပါတယ်။ ဘီစာရီးလ် အသင်း အနေနဲ့ ဆိုစီဒက် ရဲ့ ရှေ့လာမယ့် ဘောလုံး ပွဲစဉ်တွေထဲက မိမိတို့ စိတ်ကြိုက် ပွဲစဉ် တစ်ပွဲကို ရွေးချယ်ကာ ၊ လာရောက် ကြည့်ရှုမယ့် အကြောင်း ကြိုတင် အကြောင်းကြားပေးရမှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဆိုစီဒက်ဘက်က သူတို့အတွက် သွားလာစာရိတ် ၊ ကွင်းဝင်ခွင့် လက်မှတ်တွေ အားလုံးအတွက် အကုန်အကျခံမှာ ဖြစ်တဲ့ အပြင် ၊ ညစာနဲ့လဲ တည်ခင်း ဧည့်ခံပေးဖို့ အထိ စီစဉ်သွားမှာ ဖြစ်ပါတယ်။

မာကာ နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ဘီစာရီးလ် အသင်း ဥက္ကဌ အန်တိုနီယို ရီဒွန်ဒို က “ ကျနော်တို့ နဲ့ ဆိုစီဒက် ကစားတဲ့ ပွဲက ဘောလုံးပွဲ တစ်ပွဲ မဟုတ်တော့ပဲ၊ ပျော်ပွဲ ရွှင်ပွဲ တစ်ခုလိုတောင် ဖြစ်သွားခဲ့ပါတယ်။ ဆိုစီဒက် ရဲ့ အပြုအမူတွေကြောင့်လဲ အရမ်းကို ကျေနပ်ခဲ့ရတာပါ။ ဂိုးပြတ် နိုင်တာတောင် ၊ ပြန်လည် နှစ်သိမ့်ပေးတဲ့ အခွင့်အရေးက တော်တော်လေးကို ကြီးမားလွန်းပါတယ်။

အခုတော့ ကျနော်တု့ိ အသင်းရဲ့ ပွဲစဉ်တွေကို သေချာ လေ့လာပြီး ၊ ဘယ်အချိန်လောက်မှာ ဆိုစီဒက် ကွင်းကြီးထဲကို သွားရောက် လည်ပတ်ချင်တယ် ဆိုတဲ့ အကြောင်းကို သေချာရွေးချယ်သွားတော့မှာပါ။ ဆန် ဆီဘက်စတီယန် ကို သွားခွင့်ရတဲ့ အတွက် ကျနော်တို့ အားလုံး အရမ်းကို စိတ်လှုပ်ရှားနေကြပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။