ယူနိုက်တက် ၊ ချဲဆီး တို့ ရှုံးပွဲကြုံပြီး အာဆင်နယ် သရေ ကျလိမ့်မယ်လို့ ဆိုလိုက်တဲ့ #လော်ရိုး

အဲဗာတန် – အာဆင်နယ်

အဲဗာတန် အသင်းရဲ့ ယာယီနည်းပြ ဖာဂူဆန် ဟာ ဒီပွဲလဲ ဆက်လက် တာဝန်ယူဦးမှာ ဖြစ်ပေမယ့် ၊ အာဆင်နယ် မှာတော့ အာတီတာ က တာဝန်သွားမယ် ထင်ပါတယ်။ ဖာဂူဆန် ဟာ သူ စတင် တာဝန်ယူခဲ့တဲ့ အချိန်က စလို့ ကိုင်တွယ်ထားတဲ့ 3 ပွဲမှာ 3 ပွဲစလုံး ရလာဒ်ကောင်းတွေ ပေါ်ထွက်လာအောင် စွမ်းဆောင်ပြထားသူပါ။ ကာရာဘောင် ဖလားမှာ ပင်နယ်တီ နဲ့ ထွက်လိုက်ရတယ် ဆိုပေမယ့် ၊ မီးနစ် 90 ပွဲ ကစားချိန် အတွင်းတော့ သူတို့ဟာ ရှုံးပွဲ လုံး၀ မရှိသေးပါဘူး။

ဒါက ဘာကို သက်သေပြနေသလဲ ဆိုရင် ၊ အဲဗာတန် ကစားသမားတွေဟာ သူတို့အကြောင်းကို သေချာသိတဲ့ နည်းပြ တစ်ယောက်ရဲ့ ကိုင်တွယ်မှုအောက်မှာ ဆိုရင် အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်တယ် ဆိုတာပါပဲ။

ဒါကြောင့် အန်ဆယ်လော့တီ ကို အဲဗာတန် က ခန့်အပ်ဖို့ ချဉ်းကပ်နေတဲ့ သတင်းတွေ ထွက်ပေါ်လာချိန်က ကျနော် က ထောက်ခံတဲ့ ဘက်မှာ မရှိခဲ့တာပေါ့။ အန်ဆယ်လော့တီ ဟာ အသင်းတစ်သင်းကို တည်ဆောက်ပြီး ရယူတဲ့ နည်းပြမျိုး မဟုတ်ပါဘူး ၊ တောင့်တင်းပြီးသား ကစားသမား စာရင်းတွေ အပေါ်မှာသာ အောင်မြင်မှုကို ရှာဖွေတဲ့သူပါ။

တစ်ဖက်မှာလဲ အာဆင်နယ် ကို ကိုင်တွယ်မယ့် အာတီတာ အနေနဲ့ စိန်ခေါ်မှုက အရမ်းကို ကြီးလွန်းပါတယ်။ အရင်ဆုံး အနေနဲ့ နာတာရှည် ရောဂါလို ဖြစ်နေတဲ့ ခံစစ်ကို ပြင်ဆင်ရမှာ ဖြစ်သလို ၊ ပြန်တည်ဆောက်ဖို့ အတွက် သူ့ကို စိတ်ရှည်ရှည် နဲ့ အချိန်ပေးရဦးမှာပါ။ဂွတ်ဒီဆင်ပါ့ခ် မှာ ဖာဂူဆန် ရဲနောက်ထပ် အောင်ပွဲခံပုံတွေ ကို မြင်ရနိုင်ပေမယ့် ၊ သရေပွဲလောက်ပဲ မှန်းထားချင်ပါတယ်။

ခန့်မှန်းချက် – အဲဗာတန် 1-1 အာဆင်နယ်

မန်စီးတီး – လက်စတာ
ယူနိုက်တက် ကတော့ မန်စီးတီး ရဲ့ ခံစစ်ကြောင်း အားနည်းမှုကို သူတု့ိရဲ့ တန်ပြန်တိုက်စစ်ကို အားကိုးရင်း အောင်ပွဲခံပြထားခဲ့ပါတယ်။ လက်စတာ အနေနဲ့ရော အဲဒီ အတိုင်း ကော်ပီ ကူးပြဦးမှာလား?
ယူနိုက်တက် မှာတော့ တိုက်စစ်ကနေ ပြေးလွှားမယ့် ရပ်ရှ်ဖို့ဒ် ၊ မာရှယ် ၊ ဂျိမ်းတို့ ရှိနေပေမယ့် ၊ လက်စတာမှာ ဗာဒီ တစ်ယောက်ထဲ အဲဒီလို လုပ်ပြဖို့ ခက်ခဲပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် မန်စီးတီး ဟာ ဒီတစ်ကြိမ်တော့ သေသေချာချာ ပြင်ဆင်ထားမှာ ဖြစ်လို့ ၊ သူတို့ပဲ အနိုင်ရမယ်လို့ မျှော်လင့်ထားပါတယ်။ အဲဒီ အတိုင်းသာ ဖြစ်သွားခဲ့ရင် ၊ လက်စတာ အတွက် ချန်ပီယံ လမ်းကြောင်းပေါ်ကနေ သွေဖယ်သွားနိုင်သလို ၊ ဒီဇင်ဘာ 26 ရက်နေ့ သူတို့ကွင်းမှာ ဧည့်ခံ ကစားမယ့် လီဗာပူး နဲ့ ပွဲစဉ်အတွက်လဲ မျှော်လင့်ချက်က နည်းပါး သွားနိုင်ပါတယ်။

ဒါပေမယ့် ကျနော့် တစ်ဦးတည်း အမြင်မှာတော့ လီဗာပူး က ဒီပွဲကနေ သရေ ရလာဒ် ထွက်ပေါ်လာရင် အကောင်းဆုံးပဲလို့ ခံယူထားမယ် ထင်ပါတယ်။ လက်စတာ သာ အနိုင်ရသွားရင်တော့ လီဗာပူး အတွက် စိုးရိမ်စရာ အနည်းငယ်တော့ စိုးရိမ်စရာပေါ့။

 

ခန့်မှန်းချက် – မန်စီးတီး 2-0 လက်စတာ

ဝက်ဖို့ဒ် – ယူနိုက်တက်
ပြီးခဲ့တဲ့ အပတ်က ကျနော်ဟာ အန်ဖီးလ် ကွင်းထဲမှာ ရှိနေခဲ့တာ ဖြစ်ပြီး ၊ ဝက်ဖို့ဒ်ရဲ့ ကစားပုံ နဲ့ ပတ်သက်လို့ တော်တော်လေးကို ချီးကျူးမိခဲ့တာပါ။ သူတို့ဟာ ဂိုးသွင်းခွင့်တွေ အပြင် ၊ အခွင့်အရေး တော်တော်များများကို ဖန်တီးပြသွားနိုင်ခဲ့ပါတယ်။

ဘယ်တောင်ပံက ဒီလိုဖူ ၊ ညတောင်ပံ က အစ္စမေလာဆား တို့ ရဲ့ လုပ်အားနှုန်းတွေက အားရဖို့ ကောင်းခဲ့ပြီး ၊ အထောင်တိုက်စစ်က ဒီနေးသာ ခြေစွမ်းကောင်းခဲ့ရင် ရလာဒ်ကောင်းတစ်ခုတောင် ရသွားနိုင်ခဲ့ပါတယ်။ ပြောရရင် ကျနော်တို့ဟာ မနှစ်က ဝက်ဖို့ဒ် ရဲ့ ပုံစံမျိုး ပြန်မြင်နေရပြီလို့ ဆိုချင်တာပါ။ ယူနိုက်တက် နဲ့ ပွဲမှာ သူတို့ ဘယ်လို ရလာဒ်တွေ ထွက်အောင် ကစားပြမလဲ ဆိုတာ အတိအကျ မပြောရဲပေမယ့် ၊ ရလာဒ်ကောင်း တစ်ခုတော့ ရအောင် ကြိုးစားမှာ သေချာနေပါတယ်။

ခန့်မှန်းချက် – ဝက်ဖို့ဒ် 2-1 ယူနိုက်တက်

စပါး – ချဲဆီး
မော်ရင်ဟို အတွက်တော့ စပါးနည်းပြ အဖြစ်နဲ့ ပထမဆုံး အကြိမ် အသင်းဟောင်း ချဲဆီးကို ရင်ဆိုင်ကစားရမှာပါ။ ပြီးတော့ ဒီပွဲသာ အနိုင်ရလိုက်ရင် သူ့အသင်းဟာ ချဲဆီး ကို ကျော်ပြီး အဆင့် 4 နေရာမှာ ရပ်တည်ခွင့်ရမယ့် အခွင့်အရေးက ရှိနေပြန်ပါတယ်။

ဒီရာသီ လမ်းပတ်ရဲ့ စွမ်းဆောင်ရည်က ပြောစရာ မရှိလောက်အောင် ကောင်းမွန်ထားတယ် ဆိုပေမယ့် ၊ တစ်ခါတလေ မမျှော်လင့်တဲ့ ရလာဒ်တွေ ထွက်ပေါ်ထားတာ ကတော့ အတွေ့အကြုံ နုသေးလို့ လို့ပဲ ထောက်ပြပါရစေ။ သေချာတာက ဒီနှစ်သင်း အကြားမှာ ချစ်ခြင်းတွေ ၊ မေတ္တာတွေ ဆိုတာ လုံး၀ မရှိပါဘူး။

ကျနော် ကတော့ စပါး ဟာ ချန်ပီယံလိဂ် ဝင်ခွင့် မှန်းလို့ရမယ့် အဆင့် 4 နေရာ ရပ်တည်နိုင်ဖို့ အခွင့်အရေးကို မိမိရရ ဆုပ်ကိုင်သွားလိမ့်မယ် ထင်ပါတယ်။

ခန့်မှန်းချက် – စပါး 2-1 ချဲဆီး

လီဗာပူး – ဖလာမင်ဂို (ကမ္ဘာ့ကလပ် ချန်ပီယံများ ဖလား ဗိုလ်လုပွဲ)
ကလော့ပ် ကတော့ သူ့ရဲ့ ပထမဦးစားပေး တိုက်စစ် 3 ယောက် နဲ့ ဒီပွဲကို ပွဲထွက်လာပါလိမ့်မယ်။ အနားပေးထားတဲ့ ဖာမင်နို ၊ မာနေး တို့ဟာ ပွဲအစပိုင်း ကတည်းက ပါလာမှာ ဖြစ်သလို ၊ ဗန်ဒိုက်လဲ ပါလာဖို့ မျှော်လင့်ပါတယ် ဘာလို့လဲ ဆိုတော့ လီဗာပူးဟာ သူ့ကို မဖြစ်မနေ လိုအပ်နေတာလေ။

ဒီပွဲအပေါ် သုံးသပ်ရရင် 50-50 ပဲ ၊ ဖလာမင်ဂို ကလဲ အသင်းကောင်း တစ်သင်းဆိုတာ အထူးပြောစရာ လိုမယ် မထင်ပါဘူး။ ဘရာဇီးကလပ်တွေ ဘယ်လောက် အထိ ကြီးကျယ်ခမ်းနားတယ် ဆိုတာလဲ ဘောလုံးပရိသတ် အများစု နားမလည်ကြသေးဘူးဗျ။

သူတို့ ပရိသတ်တွေ အကြားမှာ 1981 ခုနှစ်က လီဗာပူး ကို အနိုင်ရခဲ့တဲ့ ပွဲနဲ့ ပတ်သက်ပြီး စပ်ဆိုထားတဲ့ သီချင်းတောင် အခုထိရှိနေပါသေးတယ်။ အဲဒီ အချိန်က လီဗာပူးဘက်မှာ ကျနော်ကိုယ်တိုင် ပါဝင် ကစားခဲ့တာပါ။ ဒီလောက်အထိ ကြာနေတဲ့ အချိန်မျိုးတောင် သီချင်းတစ်ပုဒ် ရှင်သန်နေဆဲ ဖြစ်တယ် ဆိုရင်တော့ သူတို့ရဲ့ ဘောလုံးအပေါ် ထားတဲ့ ရူးသွပ်မှုတွေ ၊ သမိုင်းကြောင်းတွေကို ခန့်မှန်းကြည့်လို့ ရကြမယ်ထင်ပါတယ်။

ပြီးတော့ ဘရာဇီး ကနေ ကာတာ အထိ လိုက်ပါ အားပေးကြတဲ့ ပရိသတ်တွေ ကလဲ အများကြီး ဖြစ်လို့ ၊ ဒီပွဲဟာ ကြည့်ကောင်းဦးမှာပါ။ လီဗာပူး ဘက်ကတော့ မီးနစ် 120 လောက်အထိ ကစားရလိမ့်မယ်လို့ တွေးချင်တွေးထားပါလိမ့်မယ် ဖလာမင်ဂို ဘက်ကိုတော့ မပြောတတ်ပါဘူး။
အချိန်ပိုမှာ လီဗာပူး အနိုင်ရသွားမယ် ထင်ပါတယ်။

ခန့်မှန်းချက် – လီဗာပူး 1-0 ဖလာမင်ဂို (အချိန်ပို

SPORTS MYANMAR