အာဆင်နယ် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် အာတီတာ ကို ဘယ်လို ပံ့ပိုး ပေးရမလဲဆိုတာ ပြောကြားလိုက်တဲ့ နီကိုလပ်စ်

ဂန်းနား တိုက်စစ်မှူးဟောင်း ချာလီ နီကိုလပ်စ် က အာဆင်နယ် အသင်း အနေနဲ့ အာတီတာ ကို နည်းပြ အဖြစ် ခန့်အပ်ပါက ငွေကြေး သုံးစွဲခွင့် ပေးဖို့ လိုအပ်သလို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ အတွက် အချိန် သုံးနှစ်လောက် ပေးဖို့ လိုအပ်ကြောင်း တိုက်တွန်း ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ယနေ့ ကျင်းပ ပြုလုပ်မယ့် အဲဗာတန် အသင်း နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို မနက်ဖြန်ကို ရွှေ့ဆိုင်း လိုက်ပြီး အာတီတာ ကို နည်းပြသစ် အဖြစ် ခန့်အပ်ကြောင်း ဒီနေ့(သို့မဟုတ်) မနက်ဖြန်မှာ ကြေညာ သွားဖွယ် ရှိနေပါတယ် ။

အာဆင်နယ် နဲ့ အာတီတာ တို့ဟာ သုံးနှစ်ခွဲ စာချုပ် ချုပ်ဆိုမှာ ဖြစ်ပြီး တစ်နှစ် လစာ ပေါင် ၅ သန်း ပေးချေ သွားမှာ ဖြစ်ကာ မန်စီးတီး အသင်း ကနေ အာတီတာကို ခေါ်ယူ ခဲ့တဲ့ အတွက် အာဆင်နယ် တို့ လျှော်ကြေး သန်း ဂဏန်း လောက် ပေးဆောင် ရမယ်လို့လည်း သိရပါတယ် ။

အာဆင်နယ် အသင်း တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်သူ ချာလီ နီကိုလပ်စ် က ပရိသတ်တွေ အနေနဲ့ အာတီတာ ကို စိတ်ရှည် သည်းခံ ပေးဖို့ လိုအပ်သလို အသင်း ဘုတ်အဖွဲ့ ဟာလည်း ကစားသမားသစ်တွေ ခေါ်ယူဖို့ အတွက် ငွေများများ သုံးခွင့်ပေးဖို့ လိုအပ်ကြောင်း ဆိုပါတယ် ။

နီကိုလပ်စ် က Sky Sports မှာ ” အာတီတာ ကို အချိန်ပေးဖို့ လိုအပ်တယ်ဆိုတာ ကို ကျနော်ကတော့ အကြွင်းမဲ့ လက်ခံပါတယ် ၊ ပရိသတ်တွေကတော့ သူတို့ အသင်း အချိန်တိုလေး အတွင်းမှာ အခုလို ကျဆင်းသွားတာကို မယုံကြည်နိုင်အောင် ဖြစ်နေတဲ့ပုံပါပဲ ။ ”

” အမ်မရီ ဆိုလည်း စပိန်မှာ အောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့တဲ့ နည်းပြ တစ်ဦးပါ ၊ ပီအက်စ်ဂျီ မှာလည်း အမ်ဘာပေး ၊ နေမာ ၊ ကာဗာနီ တို့လို နာမည်ကျော် ကစားသမားတွေနဲ့ အလုပ် အတူ တွဲလုပ်ခဲ့သူပါ ။ ဒါပေမယ့် အာဆင်နယ် အသင်းမှာတော့ သူ့အနေနဲ့ ပိုပိုဆိုးလာတဲ့ ခံစစ်ပိုင်း ဆိုးရွားမှုကို မဖြေရှင်းနိုင်ခဲ့ပါဘူး၊ဒီပြဿနာကြောင့်ပဲ အာဆင်ဝင်းဂါး အာဆင်နယ် အသင်းကနေ ထွက်ခွာခဲ့ရတာပါ ။ ”

” ခံစစ်အတွက် သူတို့ ငွေသုံးခဲ့ပေမယ့် ဖြေရှင်းနိုင်ခဲ့ခြင်း မရှိပါဘူး ၊ အာတီတာ ရောက်လာခဲ့ရင်လည်း သူ့အနေနဲ့ ခံစစ်ကို အရင်ဆုံး ပြင်ဆင် ရမှာပါ ၊ အကယ်ဒမီ မှာ အရည်အသွေးကောင်းတွေ ရှိတဲ့ လူငယ်တွေ ရှိပေမယ့် ခံစစ် ကစားသမားကောင်းကောင်းတော့ မတွေ့မိပါဘူး ။ ”

” အာတီတာ ကို ခန့်အပ်တာ စွန့်စားရာ ကျပေမယ့် ပြဿနာ တစ်ခုလို့တော့ မမြင်မိပါဘူး ၊ အာတီတာ ကို အများကြီး မျှော်လင့်ထားလို့တော့ မရပါဘူး ၊ ပရိသတ်တွေ အနေနဲ့ အာတီတာ အသင်းကို ပြန်လည် တည်ဆောက်ဖို့ အတွက် သုံးရာသီလောက် အချိန်ပေးဖို့ လိုအပ်ပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။