#Breaking_News : မနက်ဖြန်မှာ အာဆင်နယ် နည်းပြ တရားဝင် ဖြစ်လာဖို့ ရာခိုင်နှုန်း များသွားပြီ ဖြစ်တဲ့ အာတီတာ

မိုက်ကယ် အာတီတာဟာ လစ်လပ်နေတဲ့ အာဆင်နယ် နည်းပြ ရာထူးကို မရယူမီ ဒီမနက်မှာ ပြုလုပ်ခဲ့တဲ့ မန်စီးတီး အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာပဲ အသင်းသားတွေ အပါအဝင် ၊ ဝန်ထမ်းတွေ ၊ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးကို နှုတ်ဆက်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ဒါကြောင့် အာဆင်နယ် နဲ့ အတူ အက်ဖ်အေ ဖလားအောင်မြင်မှုတွေ ရယူထားခဲ့တဲ့ ကစားသမားဟောင်းကြီးဟာ အီမရိတ် ကို 3 နှစ် ခွဲစာချုပ် နဲ့ ပြန်လည်ရောက်ရှိလာတော့မှာပါ ။ သူဟာ မန်စီးတီး လက်ထောက်နည်းပြ အဖြစ် တာဝန်ထမ်းဆောင်စဉ် အတွင်း ပရီးမီးယားလိဂ် ဖလား 2 လုံး ရအောင် ကူညီပေးနိုင်ခဲ့သလို ၊ ကာရာဘောင် ဖလားတွေ နဲ့ အက်ဖ်အေ ဖလားကိုလဲ ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

အာတီတာဟာ လက်ထောက် နည်းပြ ရာထူးမှာ ရှိနေသည့်တိုင်အောင် ၊ သူ့ရဲ့ လုပ်ရည်ကိုင်ရည်တွေကြောင့် အနာဂတ်မှာ အောင်မြင်နိုင်မယ့် လူငယ်တစ်ဦးလို့ အားလုံးက ထင်ကြေးပေးခံထားခဲ့ရသူပါ။ ဒါ့အပြင် အူနိုင်း အမ်မရီ အာဆင်နယ် နည်းပြကို မရယူမှီ အချိန်ကလဲ ၊ ခရွန်ကီ ရဲ့ နောက်ဆုံး ဆန်ကာတင် စာရင်းအထိ ပါဝင်ထားခဲ့သူ ဖြစ်ပါတယ်။အဲဒီအချိန်ကတော့ အာဆင်နယ် ဘက်က သက်တော်ရှည် နည်းပြကြီး ဝင်းဂါးရဲ့နေရာကို ၊ စီနီယာ အသင်းကြီး အတွေ့အကြုံ လုံး၀ မရှိသေးတဲ့ အာတီတာ ကို ခန့်အပ်တာဟာ စွန့်စားလွန်းရာ ကျလွန်းလိမ့်မယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ အမ်မရီ ကို ဦးစားပေး ရွေးချယ်ခဲ့ပါတယ်။ သို့သော် အကြောင်းအရင်း များစွာ ဖြတ်ကျော် ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်းမှာတော့ အာဆင်နယ် ဟာ အာတီတာ ကို ပြန်လည် ချဉ်းကပ်လာခဲ့ပြီး ၊ အသင်းရဲ့ အနာဂတ် တစ်ခုကို ယုံယုံကြည်ကြည် နဲ့ ကိုင်တွယ် စေတော့မှာ ဖြစ်ပါတယ်။

သတင်းထောက်တွေ ရဲ့ အဆိုအရတော့ အာဆင်နယ် ဘက်က အာတီကို ချဉ်းကပ်ခဲ့တာ ၊ မန်စီးတီး နဲ့ ကစားတဲ့ ပွဲအပြီးကတည်းက ဖြစ်တယ်လို့ ပြောဆိုနေကြကာ ၊ မန်စီးတီး ဆီကိုတော့ တနင်္လာနေ့မှာ စပိန်သားကြီးက အသိပေးခဲ့တယ်လို့ ဆိုပါတယ်။အဲဒီနောက် မန်စီးတီး တာဝန်ရှိသူတွေက လက်ရှိ စာချုပ်ပါ အချက်အလက်တွေ ဖျက်သိမ်းဖို့ အတွက် အာဆင်နယ် အသင်းဆီကနေ လျော်ကြေးအချို့ ရယူလိုတာကြောင့် ဆွေးနွေးမှုတွေ ကြာမြင့်ခဲ့ရတာပါ။

ဒီကနေ့ ညနေ လေ့ကျင့်ရေး အစီအစဉ်တွေ လုပ်ဆောင်နေတဲ့ မန်စီးတီး အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာတော့ အာတီတာ က ပါဝင်လာခြင်း မရှိတော့ပါဘူး။ ဒါကြောင့် သူဟာ မနက်ဖြန်မှာပဲ အာဆင်နယ် အသင်းရဲ့ တရားဝင် နည်းပြ ဖြစ်လာပြီ ဖြစ်ကြောင်း ကြေငြာချက် ထွက်ပေါ်လာဖွယ် ရှိနေပါတယ်။ပက်ဂွာဒီယိုလာ အတွက်တော့ မန်စီးတီး ကို ကိုင်တွယ်ခါစက လက်ထောက်နည်းပြ နှစ်ဦး အထိ ပိုင်ဆိုင်ခဲ့ပေမယ့် ၊ ပြီးခဲ့တဲ့ ဘောလုံးရာသီက တောရန့် ကို နယူးယောက် စီးတီး ဘောလုံး အသင်းထံ စေလွှတ်လိုက်ရသလို ၊ လက်ရှိ မှာလဲ အာတီတာ ကို လက်လွှတ်လိုက်ရပြန်ပြီ ဖြစ်ပါတယ်။

နောက်ထပ် အောင်မြင်မှု မှတ်တိုင်တွေ စိုက်ထူဖို့ ကြိုးစားနေတဲ့ ပက်ဂွာဒီယိုလာ အတွက် ဒီတစ်ပတ်ဟာ ကံကောင်းခြင်းတွေ မရှိခဲ့ဘူးလို့ မှတ်ချက်ပေးရမှာပါ။ ချန်ပီယံလိဂ် မဲခွဲပွဲ အပြီးမှာ ရီးရဲ မက်ဒရစ် နဲ့ တွေ့ဆုံခဲ့သလို ၊ ကာရာဘောင် ဖလားမှာလဲ မြို့ခံပြိုင်ဘက် ယူနိုက်တက် နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ ကို အင်္ဂလန် ဘောလုံး လောက အကြောင်းတွေ မျှဝေပေးခဲ့တဲ့ အာတီတာ ကို ထပ်မံ ဆုံးရှုံးရဦးမှာ ဖြစ်လို့ ၊ သူယုံကြည်ရတဲ့ လက်ထောက် နည်းပြသစ် တစ်ဦးကို အလျှင်အမြန် ခန့်အပ်သွားဖွယ် ရှိနေပါတယ်။

SM