လာမယ့် ဇန်နဝါရီ မှာ ချယ်လ်ဆီး အသင်း အနေနဲ့ ဘယ်လို ကစားသမားမျိုး ခေါ်ယူဖို့ လိုအပ်လဲ ဆိုတာ အကြံပြု ပြောဆိုလိုက်တဲ့ #တင်မ်ရှားဝုဒ်

ချယ်လ်ဆီး အသင်း ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ကစားသမားသစ် ခေါ်ယူခွင့် ပြန်လည် ရရှိ ခဲ့ပြီ ဖြစ်သလို ၊ ကလပ် ဖက်ကလည်း ကစားသမားသစ် ခေါ်ယူဖို့ အတွက် နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် ကို ပေါင်သန်း ၁၅၀ အထိ အသုံးပြုခွင့် လည်း ပေးထားပါတယ် ။ ကစားသမားသစ် ခေါ်ယူခွင့် ပြန်ရပြီး ကတည်းက ချယ်လ်ဆီး အသင်း ဟာ နာမည်ကြီး ကစားသမား များစွာ နဲ့ သတင်း တွေ ထွက်ခဲ့ပါတယ် ။

လက်ရှိ အချိန် ချယ်လ်ဆီး အသင်း ဟာ တိုက်စစ်ပိုင်း ထက် ခံစစ်ပိုင်း ကို ပိုပြီး ပြင်ဆင်ဖို့ လိုအပ် နေပေမယ့် ၊ အားထားရမယ့် ၊ ပွဲကို အလှည့်အပြောင်း လုပ်ပေမယ့် တိုက်စစ် ကစားသမား တဦး ကို စျေးကွက် အတွင်း စျေးကြီးပေးပြီး ခေါ်ယူ သွားနိုင်ဖွယ် ရှိနေပါတယ် ။ ဒီနှစ် ဘောလုံး ရာသီ မစတင်မီ မှာပဲ ၊ အသင်း ရဲ့ အရေးပါဆုံး ကစားသမား ဖြစ်တဲ့ အီဒင် ဟာဇတ် ဟာ ရီးရဲလ် မက်ဒရစ် အသင်း သို့ ပြောင်းရွှေ့ သွားတာကြောင့် ၊ ချယ်လ်ဆီး တို့ ၄င်းရဲ့ နေရာ ကို မဖြစ်မနေ ဖြည့်တင်း ဖို့ လိုနေပါတယ် ။

အစောပိုင်း ကာလ တွေမှာ လူငယ် ခြေတက် တွေရဲ့ ရုန်းအား ၊ တိုးအား တွေကြောင့် အားရစရာ ခြေစွမ်း တွေနဲ့ အတူ ရလဒ်ကောင်း များစွာ စွမ်းဆောင် နိုင်ခဲ့ပေမယ့် ၊ နောက်ပိုင်း ပွဲစဉ် တွေမှာ ကစားသမား တွေရဲ့ ပွဲပန်းဒဏ် မခံနိုင်မှု ၊ အတွေ့အကြုံ နည်းပါးမှု စတဲ့ အချက် တွေကြောင့် ရလဒ်ပိုင်း မတည်ငြိမ်မှု တွေ များလာသလို ၊ ကိုယ့် အသင်း ရဲ့ အားနည်းချက် တွေက ပိုပိုပြီး ကြီးမား ခဲ့ရပါတယ် ။

အထူးသဖြင့် ဟာဇတ် လို ကစားသမားမျိုး မရှိတော့တာ ဟာ ချယ်လ်ဆီး အသင်း ရဲ့ ကစားကွက် က အတော်လေး ဆွဲဆောင်မှု ကင်းမဲ့ ခဲ့ရပါတယ် ။ တော့တင်ဟမ် အသင်း မန်နေဂျာ ဟောင်း တင်မ် ရှားဝုဒ် ကတော့ ဟာဇတ် လို မှော်ဆန်တဲ့ ခြေစွမ်း ပိုင်ရှင် ကစားသမား မျိုး ၊ ဟာဇတ် ကဲ့သို့ အလားအလာ ရှိတဲ့ ကစားသမားမျိုး ကို ချယ်လ်ဆီး တို့ စျေးကွက် ထဲမှာ ရှာဖွေ ဝယ်ယူဖို့ တိုက်တွန်း ပြောဆို ခဲ့ပါတယ် ။

ရှားဝုဒ် က ” ကျွန်တော့ အမြင် မှာတော့ ဖရန့် ဟာ သူ့ရဲ့ ပွဲတပွဲ အပေါ် ချဉ်းကပ်ပုံ ၊ သုံးသပ်ပုံ တွေနဲ့ ပတ်သက်ပြီး ၊ အရမ်း ပွင့်ပွင့်လင်းလင်း ရှိလွန်း နေတယ် လို့ ထင်ပါတယ် ။ သူဟာ ဖြစ်ပေါ် လာတဲ့ အချက်အလက် တွေကို လုံးဝ သိုဝှက်ထားခြင်း မရှိပါဘူး ။ အခု လတ်တလော သူတို့ အရေးနိမ့် ထားခဲ့တဲ့ အသင်း တွေဟာ သူတို့ တကယ် အနိုင်ယူသင့်တဲ့ အသင်း တွေ ဆိုတာကို ဖရန့် ကောင်းကောင်းကြီး သိပါတယ် ။ ”

“ဒါပေမယ့် ၊ ရလဒ်ပိုင်း က ကိုယ်ထင်ထားတာနဲ့ တလွဲစီ ဖြစ်နေရင်တော့ ၊ လူတွေရဲ့ ဝေဖန်ချင်စရာ ဖြစ်လာပါတယ် ။ မီဒီယာ တွေကလည်း ခင်ဗျား တို့ကို စပြီး မေးခွန်း ထုတ်ပါတော့မယ် ။ ဖရန့် အတွက် ချယ်လ်ဆီး ကို လုံးဝ လွတ်လွတ်လပ်လပ် ပုံဖော်ခွင့် မရှိနေပါဘူး ။ သူ့ကို ကလပ် ဖက်က တာဝန် ၊ ရည်မှန်းချက် တခုခု ပေးထားပါမယ် ။ အဆင့် ၄ အတွင်း ဝင်အောင် စွမ်းဆောင် ပေးရမယ့် တာဝန် စသဖြင့်ပေါ့ ။ ”

” အခု အနေအထား က ဖရန့် အတွက် စိုးရိမ်စရာ ဖြစ်လာပါပြီ ။ အဆင့် ၅ က တော့တင်ဟမ် နဲ့ ၃မှတ်ပဲ ကွာဟ ပါတော့တယ် ။ လာမယ့် တနင်္ဂနွေ မှာ တော့တင်ဟမ် နဲ့ သူတို့ အချင်းချင်း ရင်ဆိုင်ရတော့မှာပါ ။ ဖရန့် အနေနဲ့ ဒီပွဲ ကို မှန်မှန်ကန်ကန် ချဉ်းကပ် ရပါတော့မယ် ။ ဒါက သူ့ အတွက် မန်နေဂျာ ဘဝ အကြီးမားဆုံး စမ်းသပ်မှု တခု ဖြစ်လာမှာပါ ။ ”

” ကျွန်တော် ကတော့ လာမယ့် ဇန်နဝါရီ မှာ ချယ်လ်ဆီး ဖက်က ကစားသမားသစ် သေချာပေါက် ခေါ်မယ် လို့ ထင်ပါတယ် ။ သူတို့ အတွက် အီဒင် ဟာဇတ် လိုမျိုး မှော်ခြေစွမ်း နဲ့ ကစားသမားမျိုး လိုနေပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR