မက်ဆီရဲ့ ဘာစီလိုနာ အသင်းကိုရင်ဆိုင်ဖို့ ရီးရဲလ်မှာလည်းလက်နက်ပုန်းတွေရှိထားပြီးသားပဲလို့ ဆိုလိုက်တဲ့ #ဇီဒန်း

စပိန် လာလီဂါ ပွဲစဉ်တွေကို အခု ကြားရက် အတွင်းမှာလည်း ဆက် ပြီး ကစားသွားမှာ ဖြစ်ပြီး နာမည်ကျော် အယ်ကလက်စီ ကို ပွဲစဉ် လည်း ပါဝင်နေတာ ဖြစ်ပါတယ်။ အခုရာသီမှာမှ ရီးရဲလ် အသင်းကိုရောက်လာတဲ့ ဟာဇက်က တော့ ကံဆိုးစွာနဲ့ ပဲ ကစားသမားဘဝ ပထမဆုံးပွဲအယ်ကလက်စီကို ပွဲကိုလွဲချော်တော့မှာဖြစ်ပါတယ်။ဒီဘယ်ဂျီယံသားဟာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် လတ်တလောမှာ ပွဲတွေ နဲ့ ဝေးနေခဲ့ရတာဖြစ်ပြီး ပြန်ကစားနိုင်ဖို့ အချိန် အနည်းငယ်ယူရဦးမယ့်ပုံမှာရှိနေပါတယ်။ဘာစီလိုနာ အသင်းကတော့ သူတို့ရဲ့ အဓိက ကစားသမား မက်ဆီ အပါအဝင် အင်ပြည့်အားပြည့်နဲ့ နူးကမ့် မှာ ဧည့်ခံသွားဖို့ရှိနေတာဖြစ်ပါတယ်။

အသက် ၃၂နှစ် အရွယ် ဒီအာဂျင်တီးနား သားဟာ မကြာသေးမီကမှ သူ့ရဲ့ ဆဋ္ဌမမြောက် ဘလွန်းဒီအောဆုကြီးကို ဆွတ်ခူးထားတဲ့ တိုက်စစ်မှူးတဦးလည်းဖြစ်ပါတယ်။သူဟာကြံ့ခိုင်မှုပြသနာတချို့ကြောင့်ရာသီအစပွဲတွေကို လွဲချော်ခဲ့ပေမယ့် ပြန်ကစားနိုင်ချိန်မှာတော့ပုံစံကောင်းပြန်ပြီးပြသနေပါတယ်။သူဟာ ဒီရာသီမှာ လာလီဂါ ပွဲစဉ် ၁၁ ပွဲသာ ပါဝင်ထားနိုင် ခဲ့သေးတာဖြစ်ပေမယ့် ဘာစီလိုနာ အသင်းအတွက် သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်အထိ စွမ်းဆောင်ပေးထားပါတယ်။ဒါကြောင့် လည်း ရီးရဲလ် အသင်းရဲ့ ပြိုင်ပွဲစုံ ၁၁ပွဲဆက် ရှုံးပွဲမရှိကစားထားတဲ့မှတ်တမ်းက အနည်းငယ် မျက်ခုံး လှုပ်နေရတာဖြစ်ပါတယ်။

မက်ဆီ ဟာ ကစားသမား ဘဝ တလျှောက် မှာ ရီးရဲလ် အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ လာလီဂါ ပွဲတွေမှာ ၁၈ ဂိုးအထိသွင်းယူထားနိုင်ခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။အခုလာမယ့်ပွဲမှာသာပါဝင်ခဲ့ပါက အယ်ကလက်စီကိုပွဲအများဆုံးကစားထားတဲ့ ဘာကာအသင်းသားအဖြစ် ဇာဗီ နဲ့အတူ ၄၂ ပွဲစီနဲ့ ရပ်တည်သွားတော့မှာဖြစ်ပါတယ်။ရီးရဲလ်နည်းပြကြီး ဇီဒန်းကတော့ မက်ဆီ ဟာ ကြီးကျယ်ခန်းနားတဲ့ ကစား သမား တဦးဖြစ်ပေမယ့် မိမိအသင်းမှာ လည်း လက်နက်ပုန်းတွေ ရှိထားပြီးသားပဲ လို့ ဆိုသွားခဲ့ပါတယ်။ပွဲကြို အင်တာဗျူး တခုမှာ ဇီဒန်းက –

” ဘာတွေပဲဖြစ်ဖြစ် ဒါဟာ ဘောလုံးပွဲ တပွဲသာ ဖြစ်ပါတယ်။ပွဲကို ၁၁ ယောက် ချင်း ပဲ စတင်ပြီး ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ ၁၁ ယောက်ချင်းစီ နဲ့ပဲ ပွဲပြီး မပြီးကိုတော့ အားလုံးနောက်တော့မြင်ရမှာဖြစ်ပါတယ်။အရမ်းကောင်းတဲ့ ပြိုင်ဘက် အသင်း တသင်းနဲ့ ရင်ဆိုင် သွားရမယ်ဆိုတာကို ကျွန်တော်တို့ နားလည်ပါတယ်။သူတို့ဟာအသင်းကောင်းတသင်းဆိုတာကိုလည်း ကာလရှည် သက်သေပြထားခဲ့ပြီးပါပြီ။မက်ဆီက ဘယ်လို ကစားသမား မျိုးဆိုတာကိုလည်း ကျွန်တော်တို့ သိပါတယ်။

ဒါပေမယ့် ကျွန်တော်တို့မှာလည်း ကိုယ့်ရဲ့ လက်နက်ပုန်းတွေရှိထားပြီးသားပါပဲ။အရမ်းကောင်းတဲ့ ပုံစံမျိုးမှာရှိနေတဲ့ အသင်းတသင်းနဲ့ အရမ်းကောင်းတဲ့ ပွဲတပွဲ ဖြစ်လာဖို့တော့ မျှော်လင့်ထားပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။ဇီဒန်းဟာ ကစားသမားဘဝမှာကော နည်းပြ ဘဝမှာပါ အယ်ကလက်စီကို ပွဲအတွေ့ အကြံုတွေအများကြီး ရရှိထားခဲ့ဖူးသးဖြစ်ပါတယ်။ဒီလို ပွဲမျိုးကို ကစားသမားတိုင်းက မျှော်လင့်နေကြတာဖြစ်ပြီး ရမှတ် ၃မှတ်ထက် ဂုဏ်သိက္ခာက ပိုပြီး အရေးကြီးတယ်လို့သူက ဆိုပါတယ်။

ဗုဒ္ဓဟူးည မှာကစားရမယ့်အယ်ကလက်စီကို ပွဲစဉ်အပေါ် ဇီဒန်းက – ” ပွဲကြီးပွဲကောင်းတပွဲမြင်ရဖို့တော့ မျှော်လင့်ပါတယ်။ဒါဟာ အရေးအကြီးဆုံး လည်းဖြစ်ပါတယ်။ကျွန်တော်ကတော့ ဒီပွဲမှာ ရလဒ်က အရေး အကြီးဆုံးလို့ မထင်ပါဘူး။မိနစ် ၉၀ အတွင်းမှာ ကျွန်တော်တို့ဘာတွေ လုပ်ပြနိုင်ခဲ့တယ် ဘယ်လို ကစားနိုင် ခဲ့တယ်ဆိုတာက ပိုပြီး အရေးကြီးပါတယ်။ဒါဟာလူတိုင်းကို ကျေနပ်ပျော်ရွှင်စေဖို့ အတွက်လည်း အကူအညီဖြစ်စေနိုင်မယ် လို့ ထင်ပါတယ်။

ဘောလုံး လောကမှာ အရာရာတိုင်းက အလျင်အမြန် ဖြစ်ပျက်ပြောင်းလဲ နေတာ ဖြစ်ပါတယ်။ဒါကြောင့် လည်း ကျွန်တော်ကတော့ နေ့ရက် တရက် ချင်းစီတိုင်း အတွက် ကိုပဲ ချဉ်းကပ် အာရုံစိုက်တာ ကို လုပ်ဆောင်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်အလုပ်ကိုယ် အတတ်နိုင်ဆုံးအကောင်းဆုံး ဖြစ်အောင်ပဲ ကြိုးစား လုပ်ဆောင်မှာဖြစ်ပါတယ်။ပွဲအတွင်းမှာ အရာရာက အဆင်မပြေဖြစ်နေရင် ဘယ်လိုပြုပြင်ပြောင်းလဲရမယ်ဆိုတာကို ကြိုးစားတွေးတောစဉ်းစားသွားမှာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

SM