ချန်ပီယံလိဂ် ရှုံးထွက် စည်းမျဉ်းတွေ နဲ့ ပွဲစဉ် ဇယားများ

2019-2020 ဘောလုံးရာသီ အတွက် 16 အသင်း ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်တွေဟာ ဒီညနေမှာပဲ ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ ထူးခြားတာက ဒီနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲဟာ အုပ်စုတွင်းမှာ ကတည်းက ပွဲကောင်းတွေ အများကြီး ကြည့်ရှုခွင့် ရရှိခဲ့သလိုပဲ ၊ ရှုံးထွက်အဆင့်မှာလဲ နောက်ထပ် ပွဲကောင်း များစွာကို ထပ်မံကြည့်ရှုခွင့် ရကြဦးမှာပါ။

ချန်ပီယံလိဂ် သမိုင်းကြောင်း တစ်လျှောက် ပထမဆုံး အကြိမ် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အတ္တလန္တာ အသင်းကတော့ ဗလင်စီယာ နဲ့ ရင်ဆိုင်သွားရမှာပါ။ သူတို့လိုပဲ ရှုံးထွက် အဆင့်ကို ပထမဆုံး အကြိမ် တက်ရောက်လာတဲ့ လိုက်ပ်ဇစ် အသင်းက မော်ရင်ဟို ရဲ့ စပါး အသင်းနဲ့ ရင်ဆိုင် ကစားသွားရမှာ ဖြစ်ပါတယ်။

2012 ချန်ပီယံလိဂ် ဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို ပင်နယ်တီ အဆုံးအဖြတ် နဲ့ အနိုင်ယူပြီး ဗိုလ်စွဲခဲ့တဲ့ လမ်းပတ်ရဲ့ ချဲဆီးဟာ ဒီအဆင့်မှာ ဘိုင်ယန်မြူးနစ် နဲ့ပဲ ပြန်လည် တွေ့ဆုံလျှက် ရှိနေပါတယ်။ ဘိုင်ယန်ဟာ ဒီရာသီ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေ အားလုံးကို အနိုင်ရအောင် ကစားပြနိုင်ခဲ့တဲ့ တစ်ခုတည်းသော အသင်းဖြစ်တဲ့အပြင် ၊ ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သွင်းဂိုး အများဆုံး သွင်းယူထားတဲ့ အသင်းပါ။ ဒါကြောင့် လူငယ်အများစုကို အခြေခံတည်ဆောက်ထားတဲ့ ချဲဆီး အနေနဲ့ ဘိုင်ယန် မြူးနစ်ကို ခက်ခက်ခဲခဲ နဲ့ ရင်ဆိုင်လာရဖွယ် ရှိနေပါတယ်။

အုပ်စုတွင်းမှာ ရှုံးပွဲလုံး၀ မရှိပဲ ၊ ပထမ နေရာကနေ တက်ရောက်လာခဲ့တဲ့ အသင်းတွေ ဖြစ်တဲ့ ပီအက်စ်ဂျီ က ဒေါ့မွန် နဲ့ လည်းကောင်း ၊ ဂျူဗီ ကတော့ လီယွန် နဲ့ လည်းကောင်း အသီးသီး ယှဉ်ပြိုင် ကစားကြမှာပါ။ ဂျူဗီ အတွက် သတင်းကောင်း တစ်ခုက လီယွန် တိုက်စစ်ရဲ့ အားထားရတဲ့ ဒီပေး ဟာ ACL ဒဏ်ရာကြောင့် 6 လ အထိ အနားယူရတော့မှာ ဖြစ်လို့ ၊ ဒီပွဲစဉ်တွေကို ပါဝင် ကစားပေးနိုင်တော့မှာ မဟုတ်တော့ပါဘူး။

မဲခွဲမှုတွေ ပြုလုပ်တိုင်း ကံကောင်းတတ်တယ် လို့ ပြောစမှတ်ပြုခဲ့ကြတဲ့ မန်စီးတီးဟာ ဒီညနေမှာတော့ ကံမကောင်းခဲ့ပါဘူး။ အထူးသဖြင့် သူတို့ဟာ အုပ်စု ဒုတိယရတဲ့ အသင်းတွေထဲကမှ ချန်ပီယံလိဂ် အအောင်မြင်ဆုံး ရီးရဲ မက်ဒရစ် နဲ့မှ ထိပ်တိုက်တွေ့ဆုံလာခဲ့တာပါ။ ကစားသမားဘဝမှာရော ၊ နည်းပြဘဝမှာရော ရီးရဲ မက်ဒရစ် ကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးတဲ့ ပက်ဂွာဒီယိုလာ အနေနဲ့ ၊ ဒီတစ်ကြိမ် ဇီဒန်း ရဲ့ အသင်းကို ယှဉ်ပြိုင် ကစားရမယ့် ပွဲတွေက စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

လက်ရှိ ချန်ပီယံ လီဗာပူး ကတော့ ခပ်ခပ်မာမာနဲ့ တုန့်ပြန် ကစားမယ့် အေတီကို နဲ့ တွေ့ဆုံနေပါတယ်။ ကွင်းထဲက ကစားသမားတွေ ရဲ့ စွမ်းဆောင်ရည်တွေ အပြင် ၊ ကွင်းဘေးကနေ အားမာန် အပြည့်နဲ့ မောင်းနှင်ကြမယ့် ကလော့ပ် ၊ ဆီမြွန်နီ တို့ရဲ့ အမူအရာတွေ ကလဲ ပရိသတ်တွေကို တစ်မျိုးတစ်ဖုံ နဲ့ ဆွဲဆောင်နေဦးမှာပါ။ ဒါ့အပြင် တန်ပြန်တိုက်စစ်ကို ပုံဖော်တဲ့ နေရာမှာ ၊ အားကောင်းတဲ့ အသင်းတွေ ဖြစ်တာကြောင့် ပရိသတ်တွေ အကြိုက် ပွဲတစ်ပွဲ ဖြစ်လာဦးမယ် ဆိုတာ သေချာပါတယ်။

ဘာစီလိုနာ ကတော့ နာပိုလီ နဲ့ တွေ့လို့ ချောင်တယ်လို့ ယူဆလို့ ရမယ့် ၊ သူတို့ရဲ့ ချန်ပီယံလိဂ် ရှုံးထွက် ကံကြမ္မာကြောင့် သတိကြီးကြီး နဲ့ ယှဉ်ပြိုင် ကစားရမယ့် အချိန်ကို ရောက်လာပြီလို့ ဆိုပါရစေ

ချန်ပီယံလိဂ် စည်းကမ်းချက်များ
********************
• ရှုံးထွက် အဆင့်ကို ရောက်လာပြီ ဖြစ်တာကြောင့် အနိုင်အရှုံး ရလာဒ် အပြင် ၊ အဝေးကွင်းဂိုး ကိုပါ ဒီအဆင့်မှာ ထည့်သွင်းစဉ်းစားလာပြီ ဖြစ်ပါတယ်။
• အကယ်၍ အသင်းနှစ်သင်းဟာ နှစ်ကျော့ ကစားပြီးတဲ့ အချိန်မှာ သရေ ကျနေပြီး ၊ အဝေးဂိုးပမာဏပါ တူညီနေလို့ အဖြေမထွက်ခဲ့ဘူး ဆိုရင် ၊ အချိန်ပို မီးနစ် 30 ဆက်ကစားမှာ ဖြစ်ပါတယ်။
• ထူးခြားချက် အနေနဲ့ ကတော့ အချိန်ပိုမှာ သွင်းယူတဲ့ ဂိုးကိုလဲ အဝေးကွင်းဂိုး အဖြစ် သတ်မှတ်သွားဦးမှာပဲ ဖြစ်ပါတယ်။
• ဒါကြောင့် အချိန်ပို ကစားခဲ့လို့ ရှိရင် ၊ နှစ်ဖက်စလုံး ဂိုးမရှိ သရေ ရလာဒ်မျိုး ထွက်ပေါ်မှသာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ခံယူသွားမှာပါ။
• ရှုံးထွက် အဆင့်ပွဲစဉ်တွေ မကစားမီမှာ ကလပ်အသင်းတွေဟာ ကစားသမားသစ် 3 ယောက် အထိ အပြောင်းအလဲ လုပ်ခွင့်ရှိနေပါတယ်။ အဲဒီလိုလုပ်ပြီးတာနဲ့ ၊ ဒီအဆင့်မှာ ကစားမယ့် ဘောလုံးသမားစာရင်းတွေကို ဖေဖော်ဝါရီလ 3 ရက်နေ့ နောက်ဆုံးထားပြီး ဥရောပ ဘောလုံး အဖွဲ့ချုပ်ထံ တင်သွင်းရမှာပါ။
• ကစားသမားသစ် 3 ယောက် ထည့်သွင်းရာမှာ ၊ အဆိုပါ ကစားသမားတွေဟာ ဥရောပ ဘောလုံးအဖွဲ့ချုပ်က ကျင်းပနေတဲ့ ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေမှာ ၊ အခြားကလပ် တစ်ခုခု နဲ့ ကစားခဲ့သူတွေလဲ ဖြစ်ခွင့်ရှိပါတယ်။
• List A, အတွက် ကစားသမား စာရင်း တင်သွင်းရာမှာ အများဆုံး ခွင့်ပြုထားတဲ့ အရေအတွက်ဟာ 25 ယောက်သာ ဖြစ်ပြီး ၊ အကယ်၍ ကစားသမားသစ် 3 ယောက် ထည့်သွင်းလို့ 25 ယောက် ကျော်သွားခဲ့မယ် ဆိုပါက ၊ မူလက ရှိရင်းစွဲ ကစားသမား စာရင်းထဲက ကစားသမားအချို့ကို ထုတ်ပယ်ပေးရမှာ ဖြစ်ပါတယ်။

ရှုံးထွက်အဆင့် ပွဲစဉ် ကစားမယ့် ရက်များ
************************
ဖေဖော်ဝါရီ 18 ရက် / မတ်လ 11 ရက်
ဒေါ့မွန် – ပီအက်စ်ဂျီ
အေတီကို – လီဗာပူး

ဖေဖော်ဝါရီ 19 ရက် / မတ်လ 10 ရက်
အတ္တလန္တာ – ဗလင်စီယာ
စပါး – လိုက်ပ်ဇစ်

ဖေဖော်ဝါရီ 25 ရက် / မတ်လ 18 ရက်
ချဲဆီး – ဘိုင်ယန်
နာပိုလီ – ဘာစီလိုနာ

ဖေဖော်ဝါရီ 26 ရက် / မတ်လ 17 ရက်
ရီးရဲမက်ဒရစ် – မန်စီးတီး
လီယွန် – ဂျူဗီ