တော့တင်ဟမ် နဲ့ ဒါဘီ ပွဲစဉ် မှာ နိုင်ပွဲ ပြန်ယူမယ် လို့ ချယ်လ်ဆီး ပရိသတ် တွေကို ကတိပေးလိုက်တဲ့ #အက်ဇ်ပီလီကွီတာ

ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ စနေနေ့ ညက ကစား သွားခဲ့တဲ့ ဘုန်းမောက် အသင်း နဲ့ ပွဲစဉ် မှာ တိုက်စစ်ပိုင်း က အားရစရာ ခြေစွမ်း မပြနိုင်ခဲ့ပဲ ၊ ပွဲပြီးခါနီး မှာ ပေးလိုက်ရတဲ့ သွင်းဂိုး နဲ့ အတူ နောက်ထပ် ရှုံးပွဲ တပွဲ ကြုံတွေ့ ခဲ့ရပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ထို ပွဲစဉ် မှာ ခံစစ် အထိုင် ကို ဦးစားပေးပြီး တန်ပြန် တိုက်စစ် ကို အားပြု ခဲ့တဲ့ ဘုန်းမောက် အသင်း ရဲ့ တုန့်ပြန်မှု တွေကိုလည်း ဘယ်လိုမှ မခုခံ နိုင်ခဲ့ပါဘူး ။

နောက်ဆုံး တခေါက် international break အပြီး မှာ ဒဏ်ရာ ရ ကစားသမား တချို့ ပြန်လာ ခဲ့တဲ့ အပြင် ၊ လူပြန်စုံ လာပေမယ့် ၊ ချယ်လ်ဆီး အသင်း ဟာ ရလဒ်ပိုင်း မှာတော့ အတော်လေး ကမောက်ကမ ဖြစ်ခဲ့ရပါတယ် ။ အရင် က ရမှတ် အများကြီး ဖြတ်ကာ ၊ ၎င်းရဲ့ အနောက်က အသင်း တွေကို ဦးဆောင် ထားပေမယ့် ၊ အခု အခါမှာတော့ ချယ်လ်ဆီး အသင်း ဟာ အဆင့် ၅ နေရာ က တော့တင်ဟမ် အသင်း နဲ့ ၃မှတ်သာ ကွာဟ ပါတော့တယ် ။

လာမယ့် တနင်္ဂနွေ နေ့မှာ တော့တင်ဟမ် နဲ့ ချယ်လ်ဆီး တို့ ဝှိုက်ဟတ်လိန်း မှာ ထပ်မံ ရင်ဆိုင် ရမှာ ဖြစ်ပြီး ၊ ချယ်လ်ဆီး အသင်း အနေနဲ့ ပိုကောင်းတဲ့ တုန့်ပြန်မှု ကို မပြနိုင်ခဲ့ဘူး ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် စိုးရိမ်စရာ အနေအထား ကို ရောက်သွား နိုင်ပါတယ် ။

ဘုန်းမောက် အသင်း နဲ့ ရင်ဆိုင် ကစားအပြီး Chelsea TV နဲ့ အင်တာဗျူး မှာတော့ အက်ဇ်ပီလီကွီတာ က ၎င်းတို့ဟာ လာမယ့် ပွဲစဉ် တွေမှာ တိုက်စစ်ပိုင်း က ဂိုးဘယ်လို သွင်းရမလဲ ဆိုတာ သေသေချာချာ ပြန်လေ့လာဖို့ လိုနေကြောင်း နဲ့ တော့တင်ဟမ် နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ် မှာ အရာ အားလုံး ကို ပေးဆပ် ကစားသွားဖို့ လိုကြောင်း ဖွင့်ဟ ပြောကြား ခဲ့ပါတယ် ။

အက်ဇ်ပီလီကွီတာ က ” ကျွန်တော် တို့ဟာ ပြိုင်ဖက် ရဲ့ ခံစစ် ကို ဘယ်လို ဖြိုဖျက်ရမလဲ ဆိုတဲ့ နည်းလမ်း ရှာမတွေ့ ခဲ့ပါဘူး ။ ပွဲချိန် အတွင်းမှာ ကျွန်တော် တို့ဟာ ဘောလုံး ပေးပို့မှုတွေ နှေးကွေး နေခဲ့သလို ၊ ရလာတဲ့ အခွင့်အရေး တွေကိုလည်း လျင်လျင်မြန်မြန် အသုံးမချ နိုင်ခဲ့ပါဘူး ။ ဒါ့အပြင် ပြိုင်ဖက် ရဲ့ set-piece တွေကနေ ခြိမ်းခြောက်မှု တွေကို မတားဆီး နိုင်ခဲ့လို့ ၊ ပွဲအပြီး မှာ ကျွန်တော် တို့ အရေးနိမ့် ခဲ့ရပါတယ် ။ ”

” အခု လတ်တလော အိမ်ကွင်း ပွဲစဉ် တွေမှာ ကျွန်တော် တို့ဟာ ပြိုင်ဖက် တွေကို အနိုင်ရဖို့ ခဲယဉ်း နေခဲ့ပါတယ် ။ အခုဆို ကျွန်တော် တို့ဟာ နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ပွဲစဉ် ၃ပွဲ မှာ ၂ပွဲ အထိ အရေးနိမ့် ခဲ့ရပါတယ် ။ ကျွန်တော် တို့ အနေနဲ့ ခံစစ် အထိုင် ကစားတဲ့ အသင်း တွေနဲ့ ရင်ဆိုင်ရတဲ့ အခါ ၊ ဘယ်လို ဂိုးသွင်းရမယ် ဆိုတာ သိထားဖို့ လိုနေပါပြီ ။ ဒါ့အပြင် နောက်ထပ် ၂နေရာလောက် တိုးတက်ဖို့ လိုပါသေးတယ် ။ ”

” ကျွန်တော် တို့ အနေနဲ့ ရှေ့ဆက် အားတင်း ထားရပါမယ် ။ ခရစ်စမတ် ကာလ အတွင်း မှာ ပွဲစဉ် တွေ ပိုပြီး များပြား လာဖို့ ရှိပါတယ် ။ ကျွန်တော် တို့ အတွက် အရေးပါတဲ့ ပွဲစဉ် တချို့ ကလည်း ရှေ့မှာ စောင့်ကြို နေပါတယ် ။ အဲ့ဒီ အတွက် ကျွန်တော် တို့ အသင့် ရှိနေဖို့ လိုပါတယ် ။ ကျွန်တော် တို့ဟာ ခံစစ် အလေးပေးတဲ့ အသင်း တွေနဲ့ ရင်ဆိုင်ရတဲ့ အခါ ၊ မကြာခဏ ဆိုသလို ၊ တန်ပြန် တိုက်စစ် ကနေ ထိုးဖောက်ခွင့် တွေ ပေးနေရပါတယ် ။ ”

” တခါတလေ ကျရင် ၊ တန်ပြန် တိုက်စစ် ကနေ တဆင့် ၊ တည်ကန်ဘော တွေကနေ တဆင့် ဂိုးတွေ ခွင့်ပြု ခဲ့ရပါတယ် ။ တည်ကန်ဘော မှာ အသင်းတိုင်း အတွက် ဂိုးရနိုင်ခြေ ဆတူ ရှိပါတယ် ။ ကျွန်တော် တို့ အနေနဲ့လည်း တည်ကန်ဘော တွေကနေ ဂိုးတွေ ရနိုင်အောင် ကြိုးစားဖို့ လိုလာပါပြီ ။ ဒါဟာ ပြီးခဲ့တဲ့ ပွဲစဉ် အနည်းငယ် အတွင်း မှာ ကျွန်တော် တို့ ရင်ဆိုင် ခဲ့ရတဲ့ အခက်အခဲ တွေပါ ။ ”

” ကျွန်တော် တို့ဟာ ပြိုင်ဖက် ရဲ့ ပင်နယ်တီ ဧရိယာ ထဲမှာရော ၊ ကိုယ့် အသင်း ရဲ့ ပင်နယ်တီ ဧရိယာ ထဲမှာပါ စွမ်းဆောင်ရည်ကောင်း တွေ မပြသ နိုင်ခဲ့ပါဘူး ။ လာမယ့် အပတ် မှာ ကျွန်တော် တို့ အတွက် ပွဲကြီးတပွဲ က စောင့်ကြို နေပါတယ် ။ အဲ့ဒီ အတွက် ကျွန်တော် တို့ အသင့် ဖြစ်နေဖို့ လိုပါတယ် ။ တော့တင်ဟမ် နဲ့ ကြီးမားတဲ့ ဒါဘီပွဲ ကို ဆင်နွှဲ ရမှာပါ ။ ရမှတ် တွေ လိုအပ်နေပြီ ဖြစ်လို့ ၊ လာမယ့် ပွဲစဉ် မှာ ကျွန်တော် တို့ အရာရာ ပေးဆပ် ကစားသွားမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR