အူဘာမီယန်ထွက်မသွားဖို့ အာဆင်နယ်အသင်းခန့်အပ်တာဝန်ပေးသင့်တဲ့နည်းပြရဲ့ နာမည်ကိုပြောပြလိုက်တဲ့ #ကီဗင်ကမ့်ဘဲလ်

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မှာ စပိန် ထိပ်သီး ဘာစီလိုနာ အသင်း က အာဆင်နယ် အသင်းရဲ့ တိုက်စစ် ကစား သမား အူဘာမီယန် ကိုခေါ် ယူဖို့ စိတ်ဝင်စားနေတယ် ဆိုတဲ့ ကောလာဟလတွေ အတော်လေးအသံထွက်ခဲ့ပါသေးတယ်။ဒီဂါဘွန်သား ဟာ လတ်တလော မှာ အာဆင်နယ် အသင်းနဲ့ ၂၀၂၁ ဇွန်လအထိသာ စာချုပ်သက်တမ်း ကျန်ရှိနေတာလည်းဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ သူတို့ရဲ့ အဓိက တိုက်စစ် ကစားသမား ကို အလွယ်တကူ လက်မလွှတ်ရစေဖို့ စာချုပ်သစ် အတွက် ကမ်းလှမ်းမှုတွေပြုလုပ်ထားပါတယ်။ဒါပေမယ့် ကာယကံရှင် ကစားသမား ဘက်ကတော့ အခုထိ ဆုံးဖြတ်ချက်မချသေးပဲ အချိန်ဆွဲနေတာဖြစ်ပါတယ်။

ဒီအတွက် အူဘာမီယန်ကို အပြစ်တင်လို့ တော့ မရဘူးလို့ အာဆင်နယ် အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း တဦးဖြစ်တဲ့ ကီဗင်ကမ့်ဘဲလ်က မှတ်ချက်ပေးသွားခဲ့ပါတယ်။အသင်းအတွက်သူက ရေရှည် သစ္စာတော်ခံအဖြစ် ကစားပေးသွားဖို့ အတွက် အန်ဆယ်လော့တီလို နည်းပြမျိုး လိုအပ်တယ်လို့လည်း ကမ့်ဘဲလ်က ထောက်ပြသွားခဲ့ပါတယ်။

အူဘာမီယန်ဟာ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ် အသင်း
အတွက် ၂၂ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ လို့
ရွှေဖိနပ် ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါပေမယ့် သူ့ရဲ့ အသင်းကတော့ အဆင့်၆နေရာသာရခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့တောင် လွဲချော်ထားခဲ့တာဖြစ်ပါတယ်။

Daily Star နဲ့ အင်တာဗျူးမှာ ကမ့်ဘဲလ်က -” အာဆင်နယ်နည်းပြ အလုပ်နေရာအတွက် လိုအပ်နေတာက အတွေ့အကြုံရင့်တဲ့ လူတယောက်ဖြစ်ပါတယ်။လုံးဝ အညှာအတာ မရှိပဲ အသင်းကို တာဝန်ယူကိုင်တွယ် ပေးမယ့်သူမျိုး ဝင်လာဖို့လိုတာဖြစ်ပါတယ်။

အသင်းရဲ့ နောက်ကွယ်က ဖြစ်ရပ်တွေကို ကြည့်လိုက်ရင်တော့ အူဘာမီယန်က စာချုပ်သက်တမ်းတိုးဖို့ကိစ္စကို ဝေ့လည်ကြောင်ပတ်လုပ်နေပါတယ်။ဒါပေမယ့်လည်း ဒီအတွက်သူ့ကို ကျွန်တော် အပြစ် မတင်ပါဘူး။

လာကာဇက် ကလည်း အလားတူအနေအထားမျိုးမှာရှိနေပါတယ်။သူ့ရဲ့ နောက်ထပ်စာချုပ်သက်တမ်းတိုးမှု မှာလည်း မသေချာမရေလျာမှုတွေဖြစ်လာနိုင်ပါတယ်။အန်ဆယ်လော့တီ ဟာ အတော်လေးကောင်းတဲ့ နည်းပြတယောက်စြ်ပါတယ်။

သူ ဟာ ကစားသမား ဘဝမှာအောင်မြင် မှု တွေအများကြီးရခဲ့သလို နည်းပြဘဝမှာလည်းအတူူတူပဲဖြစ်ပါတယ်။တကယ်လို့အာဆင်နယ်အသင်းသာချန်ပီယံလိဂ်ကိုပြန်ကစားချင်စိတ်ရှိရင် ဒါကို ဘယ်လိုလုပ်ရမယ်ဆိုတဲ့သူ ထက်ပိုကောင်းတာဘာရှိဦးမှာလည်းဗျာ။အန်ဆယ်လော့တီလိုလူကပဲ ခြေစွမ်းကျဆင်းနေတဲ့ ကစားသမားတွေကို အကောင်းဆုံးဖြစ်အောင်လုပ်နိုင်ပါလိမ့်မယ် ” လို့ပြောခဲ့ပါတယ်။

နည်းပြ ဟောင်း အမ်မရီနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာတော့ ကမ့်ဘဲလ်က- ” အမ်မရီ တုန်းကတော့ ဝေဖန်ပြစ်တင်မှုတွေ ကို ခံခဲ့သင့်တာဖြစ်ပါတယ်။ဒါပေမယ့်လည်း အာဆင်နယ်အသင်းဘယ်လိုအကောင်းဆုံးဖြစ်လာအောင်လုပ်မယ်ဆိုတဲ့ အစီအစဉ် မရှိတာက ပိုဆိုးပါတယ်။

အသင်းမှာ အင်အား ဖြည့်တင်းဖို့ လိုအပ် နေသေးတဲ့ နေရာတွေ အများကြီး ရှိနေပါသေးတယ်။အာဆင်နယ်အသင်း
ဟာ အမ်မရီ လက်ထက်မှာတုန်လှုတ်နေခဲ့ပြီး အချိန်ဆွဲနေသလိုဖြစ်ခဲ့ပါတယ်။စပါး အသင်းကတော့ အပြောင်းအလဲလုပ်ခဲ့ပါတယ်။

စပါး အသင်းဟာ သူတို့ဘာကို အလိုရှိတယ်ဆိုတာကို သိနားလည်ပြီး လုပ်နိုင်ခဲ့ပြီဆိုတာကိုလည်း သိခဲ့ပါတယ်။ဘာကြောင့်လည်းဆိုတော့ မော်ရင်ဟိုက အလုပ်ရှိမနေလို့ဖြစ်ပါတယ်။ပိုချက်တီနိုကို ထုတ်ပယ်ပြီး တစ်မိနစ် လောက်အကြာမှာပဲ မော်ရင်ဟိုကို ခန့်အပ်လိုက်ပါတယ်။

ဒါဟာ ကစားသမား တွေကို လည်း စိတ်ပိုင်း ဆိုင်ရာ တွန်းအားတွေဖြစ်စေပြီး ခေါင်းမော့ရင်ကော့စေပါတယ်။အာဆင်နယ် အသင်းရဲ့ လုပ်ပုံကိုင်ပုံတွေကတော့ ကစားသမားတွေရဲ့ စိတ်ဆန္ဒတွေကို ယုတ်လျော့စေပါတယ် ” လို့ပြောခဲ့ပါတယ်။