အမ်းမရိတ်မှာ အာဆင်နယ် အသင်းကို ခြေပြတ်ဂိုးပြတ်နဲ့ အနိုင်ကစားပြီး ၊ လက်စတာ သရေပွဲကို အခွင့်ကောင်းယူလိုက်နိုင်တဲ့ မန်စီးတီး(Review )

Super Sunday ရဲ့ အကောင်းဆုံး ပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ အာဆင်နယ် နဲ့ မန်စီးတီး တို့ ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲမှာ နှစ်သင်းစလုံးဟာ ဒဏ်ရာ ပြဿနာ ကိုယ်စီ ရှိနေကြတာကြောင့် ရှိတဲ့ အကောင်းဆုံး လူစာရင်းနဲ့ပဲ ပွဲထွက် လာခဲ့ကြပါတယ် ။

အိမ်ရှင် အာဆင်နယ် အသင်းဟာ ဝက်စ်ဟမ်း အသင်း နဲ့ ပွဲက လူစာရင်း နှစ်နေရာ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပါတယ် ။ ဂိုးသမားနေရာမှာ လီနို ၊ နောက်တန်း လေးယောက်တန်း အဖြစ် မိတ်လန်နိုင်းလ်စ် ၊ ချ်ိန်ဘာ ၊ ဆိုကရက်တစ် ၊ ကိုလာစီနက် တို့ကို အသုံးပြု ခဲ့ပါတယ် ။

ကွင်းလယ်မှာတော့ ဂွမ်ဒူဇီ နဲ့ တော်ရီးယား တို့ကို တွဲပေးခဲ့ပြီး အိုဇေးလ် ကတော့ သူ ကစားနေကြ နံပါတ် ၁၀ နေရာမှာပဲ ပွဲထွက် ကစားခဲ့ပါတယ် ။ တိုက်စစ်ကိုတော့ အူဘာမီယန်း ၊ နီကိုလပ်စ် ပေပေ ၊ မာတီနယ်လီ တို့က ဦးဆောင် လာခဲ့ပါတယ် ။

ဧည့်သည် မန်စီးတီး အသင်းကတော့ ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက် လာခဲ့ပြီး ဂိုးသမား အီဒါဆန် ၊ နောက်တန်းမှာ ဝေါလ်ကာ ၊ အော်တာမန်ဒီ ၊ ဖာနန်ဒင်ဟို ၊ မန်ဒီ တို့ကို အသုံးပြု လာခဲ့ပါတယ် ။ ကွင်းလယ်မှာ ဖိုဒန် ၊ ဂန်ဒိုဂန် ၊ ရိုဒရီ တို့ကို တွဲပေးခဲ့ပြီး တိုက်စစ်ကိုတော့ ဂျေးဆု ၊ စတာလင် ၊ ဒီဘရိုင်း တို့က ဦးဆောင် လာခဲ့ပါတယ် ။

ပထမပိုင်း
••••••••••••

ပွဲအစ စက္ကန့် ၂၀ လောက်မှာပဲ အာဆင်နယ် အသင်း လူငယ် တိုက်စစ်မှူး မာတီနယ်လီ ရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှု နဲ့ မန်စီးတီး အသင်းရဲ့ ဂိုးပေါက်ကို စတင် ခြိမ်းခြောက် နိုင်ခဲ့ပါတယ် ။ ဒါပေမယ့်လည်း ချက်ချင်းဆိုသလိုပဲ တန်ပြန် တိုက်စစ်ကနေ တစ်ဆင့် မန်စီးတီး အသင်းက ဦးဆောင်ဂိုး စတင် သွင်းယူ သွားခဲ့ပါတယ် ။

အဆိုပါ ဂိုးကိုတော့ ဂါဘရီရယ် ဂျေးဆု ရဲ့ ညာခြမ်းကနေ ပေးပို့မှုကို လူကပ် ခံထားရခြင်း မရှိတဲ့ ဒီဘရိုင်း က ဘောလုံး လုံးဝ မထိန်းဘဲ လှပ သေသပ်စွာ ကန်သွင်းယူသွားခဲ့တာပါ ။ အာဆင်နယ် အသင်းအတွက်တော့ ပြိုင်ပွဲစုံ ၁၄ ပွဲ ဆက်တိုက် ဂိုးပေးခဲ့ရတဲ့ စံချိန်မှတ်တမ်းဆိုးကို ဆက်လက် ပိုင်ဆိုင် သွားခဲ့ပါတယ် ။

ပွဲချိန် ၁၄ မိနစ်မှာလည်း အာဆင်နယ် အသင်း နောက်တန်း ကစားသမားတွေရဲ့ အားနည်းမှုကနေ တစ်ဆင့် မန်စီးတီး အသင်း ဒုတိယမြောက် ဦးဆောင်ဂိုး ထပ်မံ ရရှိ သွားခဲ့ပြီး ဒီဘရိုင်း ရဲ့ ပေးပို့မှုကနေ စတာလင် က ဘယ်ခြေနဲ့ ပိတ်သွင်း ယူသွားခဲ့တာပါ ။ အဆိုပါဂိုးဟာ အာဆင်နယ် နောက်တန်း ကစားသမားတွေရဲ့ ပွဲအပေါ် အာရုံ စူးစိုက်မှု နည်းပါးမှုကို ပေါ်လွင်စေခဲ့ပြီး ငါးယောက် – နှစ်ယောက် အနေအထားကနေ ပေးလိုက်ရတာပါ ။

မန်စီးတီး အသင်းဟာ နှစ်ဂိုး ရပြီးတဲ့ နောက်ပိုင်း ကစားအား အနည်းငယ် ချခဲ့ပြီး အိမ်ရှင် အာဆင်နယ် အသင်းကို စိတ်ကြိုက် ဘောလုံး ကစားကိုင် ကစားခွင့် ပေးခဲ့ပါတယ် ။ ဒါပေမယ့်လည်း အာဆင်နယ် အသင်း တိုက်စစ်ဟာ မန်စီးတီး ခံစစ်ကို ကျော်ဖြတ် နိုင်ခဲ့ခြင်း မရှိဘဲ အပျက်များနေခဲ့ပါတယ် ။

ပွဲကစားချိန် မိနစ် ၄၀ မှာလည်း မန်စီးတီး အသင်း တတိယမြောက် ဦးဆောင်ဂိုး ထပ်မံ ရရှိ သွားခဲ့ပြီး ဒီဘရိုင်း ကပဲ ဂိုးဧရိယာ အစပ်နားကနေ ဘယ်ခြေနဲ့ ကန်သွင်းခဲ့တာပါ ။ ဒီနေ့ပွဲမှာ အာဆင်နယ် နောက်တန်း ကစားသမားတွေဟာ ဒီဘရိုင်းကို ဘယ်လိုမှ ထိန်းချုပ် နိုင်ခဲ့ခြင်း မရှိဘဲ ဂိုးကန်သွင်းခွင့်တွေ တောက်လျှောက် ခွင့်ပြု နေခဲ့ရတာပါ ။

အာဆင်နယ် အသင်း ဘယ်နောက်ခံလူ ကိုလာစီနက် ဒဏ်ရာ ရသွားတာကြောင့် ယွန်းဘတ် ဟာ ဆာကာ ကို လူစားလဲ အသုံးပြု ခဲ့ရပါတယ် ။ ပထမပိုင်း ပြီးခါနီးမှာလည်း ဒီဘရိုင်း ဟက်ထရစ် ရသွားပြီလို့ ထင်မှတ်ရလောက်အောင် သူ့ရဲ့အဝေးကန်ချက် လှပ ကောင်းမွန်ခဲ့ပေမယ့် လီနို လက်ဖျားလေး နဲ့ ပုတ်ထိုက်လိုက်တာကြောင့် အာဆင်နယ် အသင်း စတုတ္တမြောက် ဂိုးပေးရမယ့် အခြေအနေဆိုးကနေ လွတ်မြောက် သွားခဲ့ပါတယ် ။

ဒုတိယပိုင်း
•••••••••••

ဒုတိယပိုင်းမှာတော့ မန်စီးတီး အသင်းဟာ တိုက်စစ် ကစားအားကို အနည်းငယ် ချလိုက်သလို အာဆင်နယ် အသင်း ခံစစ်ဟာလည်း ပထမပိုင်းတုန်းကလောက် ရုပ်ပျက်ဆင်းပျက် မဖြစ်တော့ဘဲ ဧည့်သည် အသင်းရဲ့ ကန်ချက်တွေကိုလည်း ကာကွယ် ဟန့်တား နိုင်ခဲ့ပါတယ် ။

ဒုတိယပိုငိးမှာ မန်စီးတီး အသင်းဟာ ဖိုဒန် နေရာမှာ ဘာနန်ဒို ဆေးလ်ဗား ၊ ဂန်ဒိုဂန် နေရာမှာ မာရက်ဇ် ကို ထည့်သွင်းခဲ့သလို အာဆင်နယ် အသင်းဟာလည်း အိုဇေးလ် ကို ထုတ်ပြီး စမစ်ရို ကို ထည့်သွင်း အသုံးပြု ခဲ့ပါတယ် ။ ဒါပေမယ့်လည်း ပွဲဟာ ပထမပိုင်းကလောက် ကြည့်မကောင်းတော့ဘဲ ဘောလုံး အပျက်များနေခဲ့ကာ သွင်းဂိုးတွေ ထပ်မံ မြင်တွေ့ရခြင်းတော့ မရှိပါဘူး ။

ပွဲအပြီးမှာတော့ ဧည့်သည် မန်စီးတီး အသင်းဟာ အာဆင်နယ် အသင်းကို ဂိုးပြတ် အနိုင်ယူပြီး အမှတ်ပေးဇယား အဆင့် ၂ နေရာက လက်စတာ စီးတီး အသင်းရဲ့ သရေပွဲကို အခွင့်ကောင်း ရယူပြီး အမှတ်ကွာဟချက်ကို လျှော့ချ နိုင်ခဲ့ပါတယ် ။

မန်စီးတီး အသင်းဟာ အဆင့် ၂ နေရာက လက်စတာ နဲ့ လေးမှတ် အကွာကို ပြန်လည် ရောက်ရှိ လာခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးက လီဗာပူး အသင်း နဲ့တော့ ၁၄ မှတ် အထိ ကွာဟနေဆဲပါ ။ အာဆင်နယ် အသင်းကတော့ ဒီနေ့ ရှုံးပွဲကြောင့် အဆင့် ရပ်တည်မှု ကြီးကြီးမားမား အပြောင်းအလဲ မရှိခဲ့ပေမယ့် ချဲလ်ဆီး ရှုံးပွဲ ၊ မန်ယူနိုက်တက် သရေပွဲတို့အပေါ် အခွင့်ကောင်း မယူနိုင်ခဲ့တာ အတော်လေး နစ်နာတယ်လို့ ဆိုရမှာပါ ။

အာဆင်နယ် အသင်း အနေနဲ့ ယာယီ နည်းပြ ယွန်းဘတ် နေရာမှာ နောက်တန်း ပြဿနာ ကို ဖြေရှင်း ပေးနိုင်မယ့် ၊ အသင်း တစ်သင်းလုံးကို ပြန်လည် စည်းလုံးလာအောင် နည်းပြ တစ်ဦးကို သေချာ ခန့်အပ်ဖို့ လိုအပ် နေပါပြီ ။ ဒါ့အပြင် အာဆင်နယ် အသင်းဟာ ဒဏ်ရာရ ကစားသမားတွေ များပြားနေတာကြောင့် လာမယ့် ဆောင်းရာသီ စျေးကွက်မှာ ကစားသမားသစ် ခေါ်ယူဖို့ လိုအပ်နေပြီလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR