ပရီးမီးယားလိဂ်မှာ အခြေအနေမကောင်းတော့တဲ့မန်စီးတီးအသင်း ချန်ပီယံလိဂ်မှာကော ဘယ်လိုဖြစ်သွားမယ်ဆိုတာခန့်မှန်းလိုက်တဲ့ #ဘာဘာတော့ဗ်

လက်ရှိချန်ပီယံ မန်စီးတီး အသင်း ဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် ၁၆ အပြီးမှာ ပဲ ဦးဆောင်သူ လီဗာပူး အသင်းနဲ့ ၁၄ မှတ်အထိ ကွာဟ ခဲ့ပြီ ဖြစ်ပါတယ်။ဒါကြောင့် လည်း သူတို့ရဲ့ ၃ ရာသီဆက် ချန်ပီယံ ဆုအိိပ်မက် က ပျက်ပြယ်ဖို့ များသွားခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့် လည်း မန်စီးတီး အသင်းဟာသူတို့ရဲ့ နောက်ထပ် အဓိက ရည်မှန်း ချက် တခုဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ဘက်ကို အလုံးစုံ အာရုံစိုက်သွားတော့မယ်လို့ အများက ယူဆနေကြပါတယ်။ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ သူ့အသင်းဟောင်းရဲ့မြို့ခံပြိုင်ဘက်ဟာ ချန်ပီယံလိဂ်မှာလည်း ရုန်းကန်ရလိမ့်မယ်လို့ ဟောကိန်း ထုတ်လိုက်ပါတယ်။

Bet Fair ဝက်ဘ်ဆိုက်ဒ်နဲ့ အင်တာဗျူးမှာ ဘာဘာတော့ဗ်က – ” မန်စီးတီး အသင်း ဟာချန်ပီယံ လိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစား တဲ့ အသင်းတွေထဲကတသင်းဖြစ်ပါတယ်။ဒါပေမယ့် လာမယ့် မေလ မှာသူတို့အသင်း ချန်ပီယံဆုကိုကိုင်မြှောက်နိုင်မယ်လို့ တော့ ကျွန်တော်လောင်းကြေး ထပ်မှာ မဟုတ်ပါဘူး။သူတို့ဟာ ဒိုင်နမိုဇာဂရတ်ကို ၄-၁ ဂိုးနဲ့ အနိုင်ယူပြီး အုပ်စုအဆင့်ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့ ဟာသူတို့ အသင်းရဲ့ ရလဒ်တွေကို ထည့်တွက်လို့ မဖြစ်သေးပါဘူး။သူတို့ဟာအခုထိ အဆင့်အတန်းတူ ပြိုင်ဘက်တွေနဲ့ မကစားရသေးပါဘူး။

ဂွာဒီယိုလာအနေနဲ့ မန်စီးတီးနဲ့ အတူချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ဖို့ ဆန္ဒပြင်းပြ နေပေမယ့် အခြားအသင်းတွေကလည်း ပိုကောင်းတဲ့ ကစားပုံကို ပြသနေကြပါတယ်။လီဗာပူးအသင်းက ချန်ပီယံလိဂ်မှာအကောင်းဆုံးပုံစံမရောက်သေးပေမယ့် ပရီးမီးယားလိဂ်မှာ အံ့မခန်းစွမ်းဆောင်ပြထားပါတယ်။ဘာစီလိုနာနဲ့ ဂျူဗီ တို့ဟာ ချန်ပီယံ လိဂ်ရဲ့ အတောင့်တင်းဆုံး ချန်ပီယံ လောင်း တွေဖြစ်ပါတယ်။စပါး အသင်းကို လည်း ခင်ဗျားတို့ မေ့ထားလိုက်လို့ မရသေး ပါဘူး။ရှုံးထွက်အဆင့်မှာဘယ်သူနဲ့တွေ့တွေ့ သူတို့အနေနဲ့ ကြောက်စရာဘာအကြောင်းရင်းမှ မရှိပါဘူး။

သူတို့ ဟာ နည်းပြဘဝ မှာ ဆုဖလားဆွေ အများကြီးရထားတဲ့ နည်းပြတယောက်ဖြစ်တဲ့ မော်ရင်ဟိုရဲ့ လက်ထဲမှာ ရှိနေပါတယ်။ပေါ်တို ၊ အင်တာမီလန် တို့လို အသင်းတွေကို စွမ်းဆောင် ပေးထားတာဖြစ်လို့စပါး အသင်းက ဘယ်သူနဲ့ တွေ့တွေ့ ကိစ္စ မရှိပါဘူး။သူတို့ ဟာ ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံ လိဂ်ပြိုင် ပွဲရဲ့ ဖိုင်နယ် အဆင့်ကို တက်ရောက်ထားခဲ့ ပြီးပြီဖြစ်ပြီး ကြီးမားတဲ့ အရည်အသွေးရှိထားပါတယ်။သူတို့ကိုယ်သူတို့ ယုံကြည်မှု မျိုးလည်း ခံစားသင့်ပါတယ် ” လို့ပြောခဲ့တာ ဖြစ်ပါတယ်။

ဘာဘာတော့ဗ်ရဲ့ အသင်းဟောင်း ယူနိုက်တက် အသင်းဟာ နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ ကောင်းမွန်နေခဲ့ပြီး အီတီဟတ်မှာ ကစားခဲ့တဲ့ မန်ချက်စတာဒါဘီကိုလည်း အနိုင်ရထားပါတယ်။ဘာဘာတော့ဗ်ကတော့ နည်းပြဆိုးလ်ရှားနဲ့ ကစားသမား တွေရဲ့ စွမ်းဆောင်ရည်အပေါ်ကို ကျေနပ်နေပါတယ်။ဒီီအကြောင်းနဲ့ ပတ်သက်ပြီး ဘာဘာတော့ဗ်က – ” မန်ချက်စတာ ဒါဘီ ပွဲစဉ် အပြီးမှာ ကျွန်တော် အတော်လေးကို ပျော်ရွှင်နေပါတယ်။ဘာကြောင့်လည်းဆိုတော့ ယူနိုက်တက် အသင်းက အနိုင်ရဖို့ အပြည့်အဝ ထိုက်တန်ခဲ့ လို့ ဖြစ်ပါတယ်။

သူတို့ရဲ့ ပွဲအပေါ် အာရုံစူးစိုက်မှု နဲ့ ပြိုင်ဘက် အသင်းသားတွေကို ထိန်းချုပ်ပုံကအတော်လေးကောင်းခဲ့ပါတယ်။ဆိုးလ်ရှားရဲ့ လက်အောက်က လူငယ်လေးတွေရဲ့ ခံစစ်ကနေ တိုက်စစ်ကို ယုံကြည်မှုရှိရှိကူးပြောင်းတာကိုမြင်ရတာ ကြီးကျယ်ခန်းနားလွန်းပါတယ်။ကြာသပတေး နေ့မှာ အယ်လ်ခမာကို အနိုင်ရခဲ့တဲ့ ပွဲမှာလည်း ဂရင်းဝုဒ်က တိုက်စစ်မှူး ဗီဇ မွေးရာပါဆိုတာကို ပြသခဲ့ပါတယ်။ဒီကောင်လေးတောက်ပနိုင်ဖို့ အခွင့်အရေး ပေးခဲ့တဲ့ ဆိုးလ်ရှားကို လည်း ချီးကျူးသင့်ပါတယ် ” လို့ပြောသွား ခဲ့တာ ဖြစ်ပါတယ်။

SM