အကီ ၊ ဘန်ချေဝဲလ် ၊ ဇာဟာ တို့နဲ့ သတင်း တွေ ထွက်နေခြင်း အပေါ် တုန့်ပြန် ပြောဆိုခဲ့တဲ့ #လမ်းပတ်

ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ တခုလုံး အတွက် ကစားသမားသစ် ခေါ်ယူခွင့် အပိတ် ခံခဲ့ရပေမယ့် ၊ မကြာသေးခင် ကမှ ယင်း နဲ့ ပတ်သက်ပြီး အယူခံ တင်ထားခြင်း အောင်မြင် ခဲ့တာကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ကစားသမားသစ် တွေ ပြန်လည် ခေါ်ယူခွင့် ရရှိခဲ့ပြီ ဖြစ်ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ အခု အချိန် မှာ လူငယ် ကြယ်ပွင့် ကစားသမားကောင်း တွေနဲ့ တောက်ပ နေတာ မှန်ပေမယ့် ၊ တည်ငြိမ်မှု အပိုင်း မှာတော့ လိုအပ်ချက် များစွာ ရှိနေပါတယ် ။ ဒါ့အပြင် ဒီရာသီ ချယ်လ်ဆီး အသင်း မှာ ကြုံတွေ့ နေရတဲ့ အဓိက အခက်အခဲ ၂ခု ရှိနေပြီး ၊ တခု ကတော့ တိုက်စစ်ပိုင်း က အခွင့်အရေး ဖန်တီးနိုင်သလောက် အဆုံးသတ် ညံ့ဖျင်းခြင်း နဲ့ ခံစစ် က ပေးဂိုး များစွာ ခွင့်ပြု နေရခြင်း တို့ ဖြစ်ပါတယ် ။

ဇန်နဝါရီ အပြောင်းအရွှေ့ ဟာ ထိပ်တန်း ကစားသမား တွေ တော်ရုံတန်ရုံ အပြောင်းအရွှေ့ မလုပ်တတ်ပေမယ့် ၊ ချယ်လ်ဆီး အသင်း ဟာ လတ်တလော မှာ ပရီးမီးယားလိဂ် မှ ကစားသမားကောင်း တချို့ ဖြစ်တဲ့ ဘုန်းမောက် မှ နေသန် အကီ ၊ လက်စတာ မှ ဘန်ချေဝဲလ် ၊ ခရစ်စတယ် ပဲလေ့စ် မှ ဝီလ်ဖရစ် ဇာဟာ တို့နဲ့ သတင်းကြီးလျက် ရှိနေပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ထို ကောလဟလ တွေနဲ့ ပတ်သက်ပြီး ” ကျွန်တော် တို့ဟာ အသင်း ကို အမှန်တကယ် တိုးတက် စေနိုင်မယ့် ထိပ်တန်း ကစားသမားကောင်း တွေ လိုပါတယ် ။ ခင်ဗျား တို့ ခုနက ပြောကြတဲ့ ကစားသမား ၃ဦး ဟာ လတ်တလော ကာလ အတွင်း မှာ အကောင်းဆုံး ခြေစွမ်း တွေ ပြနေကြတာ မှန်ပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော် အရင် က ပြောခဲ့သလိုပဲ ၊ လက်ရှိ ကျွန်တော် ပိုင်ဆိုင် ထားတဲ့ အသင်း နဲ့ ပတ်သက်ပြီး ကျေနပ်မှု ရှိပါတယ် ။ အသင်း တိုးတက်စေဖို့ အတွက် ဆိုရင်တော့ ကျွန်တော် တို့ ဘာမဆို လုပ်သွားမှာပါ ။ အပြောင်းအရွှေ့ က ကျွန်တော့ ကိစ္စ မဟုတ်ပါဘူး ။ ကျွန်တော် မန်နေဂျာ လောက ထဲကို ဝင်လာတဲ့ အချိန် အထိ သိထားသလောက် က မန်နေဂျာ တွေ အတွက် အပြောင်းအရွှေ့ ကိစ္စ ဆိုတာ အနည်းငယ် ပူးပေါင်း ဆောင်ရွက်ရုံမျှ ပဲ ဖြစ်ပါတယ် ။ ”

” ကျွန်တော် တို့မှာ ကင်းထောက် အဖွဲ့ ၊ ဘုတ်အဖွဲ့ တွေ ရှိပါတယ် ။ ကျွန်တော့ အနေနဲ့ ရှေ့ဆက်ပြီး ၊ ဒီ အဖွဲ့သား တွေနဲ့ တက်ညီလက်ညီ ဆွေးနွေး လုပ်ဆောင်ရမှာပါ ။ ကျွန်တော့ ဖက်ကတော့ အသင်း အတွက် အကျိုးရှိမယ့် ၊ ကျွန်တော့ ကစားကွက် နဲ့ လိုက်ဖက်မယ့် ကစားသမား တွေကိုတော့ ညွှန်ပြလို့ ရပါတယ် ။ ဒါပေမယ့် ချယ်လ်ဆီး ကစားသမား ဖြစ်ချင်တဲ့သူ ၊ အသင်း အတွက် အမှန်တကယ် ပေးဆပ်မယ့်သူ တွေကိုပဲ တကယ် အလိုရှိတာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

တဖက်မှာ လမ်းပတ် က ယနေ့ည ဘုန်းမောက် အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ချယ်လ်ဆီး ဖက်က ပစ်မှတ် ထားနေတဲ့ အကယ်ဒမီ ကစားသမားဟောင်း နေသန် အကီ နဲ့ ပတ်သက်ပြီး ” နေသန် အခုအချိန် မှာ ဘယ်လောက်ထိ ကောင်းသလဲ ဆိုတာတော့ ကျွန်တော် မသိပါဘူး ။ ကျွန်တော် သိသလောက် က နေသန် ဟာ ချယ်လ်ဆီး အကယ်ဒမီ ကနေ ထွက်ပေါ် လာတဲ့ လူငယ် ကစားသမား ၊ ပွဲထွက်ခွင့် ပိုရချင်တဲ့ အတွက် ဘုန်းမောက် အသင်း ကို ပြောင်းရွှေ့ သွားတယ် ဆိုတာပါပဲ ။ ”

” သူ့ ဆုံးဖြတ်ချက် အတိုင်းပဲ ၊ သူဟာ ဘုန်းမောက် အသင်း မှာ အထူး ခြေစွမ်းပြနေ ခဲ့ပါတယ် ။ ပရီးမီးယားလိဂ် ရဲ့ ခံစစ်မှူးကောင်း တဦး ဖြစ်တယ် ဆိုတာကို သူ သက်သေ ပြထားပြီးပါပြီ ။ အခုအချိန် မှာတော့ အသင်း ရဲ့ ခံစစ်ပိုင်း နဲ့ ပတ်သက်ပြီး ကျွန်တော် စိတ်ပြန်အေး ရပြီ လို့ ပြောနိုင်ပါတယ် ။ အပြောင်းအရွှေ့ ပြုလုပ်ဖို့ ဆိုတာ ကျွန်တော့ စိတ်ထဲ က အပြောင်းအလဲ ဖြစ်မှသာ ဖြစ်နိုင်ပါတယ် ။ ”

” ဒီ အတိုင်း ဆိုရင်တော့ ကျွန်တော် တို့ဖက် က ခံစစ်ပိုင်း နဲ့ ပတ်သက်ပြီး ကစားသမားသစ် ခေါ်ယူဖို့ မလှုပ်ရှား ရသေးပါဘူး ။ ကျွန်တော် တို့ အခု အချိန် စိုးရိမ် ရမှာ က မနက်ဖြန် မှာ ကစားရမယ့် ဘုန်းမောက် နဲ့ ပွဲစဉ်ပါ ။ ပြီးရင် တော့တင်ဟမ် ၊ ဆောက်သမ်တန် ၊ အာဆင်နယ် ၊ ဘရိုက်တန် တို့နဲ့ ဆက်လက် ရင်ဆိုင် ရပါမယ် ။ အဲ့ဒီ အချိန် ကျရင်တော့ အပြောင်းအရွှေ့ စျေးကွက် ပြန်ဖွင့်ပါပြီ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR