ယွန်းဘတ် နေရာမှာ အန်ဆယ်လော့တီ နဲ့ အစားထိုးရင် မှားလိမ့်မယ်လို့ အာဆင်နယ်ကို သတိပေးလိုက်တဲ့ အလန်စမစ်

ဂန်းနား တိုက်စစ်မှူးဟောင်း အလန်စမစ် က ( ၁၉၈၇ – ၁၉၉၅ အထိ ကစားခဲ့သူပါ ။ ) က အာဆင်နယ် အသင်း အနေနဲ့ ယာယီ နည်းပြ ယွန်းဘတ် နေရာမှာ အန်ဆယ်လော့တီ ကို အစားထိုး ခန့်အပ်ပါက မှားယွင်းတဲ့ ရွေးချယ်မှု ဖြစ်လိမ့်မယ်လို့ သတိပေး စကားဆိုသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ နာပိုလီ အသင်း နဲ့ လမ်းခွဲခဲ့တဲ့ အီတလီ နည်းပြကြီး အန်ဆယ်လော့တီ ကို အမြဲတမ်း နည်းပြ အဖြစ်ခန့်အပ်ဖို့ ချိတ်ဆက် ဆွေးနွေးလျက် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ် နေပြီး အလန်စမစ် ကတော့ အန်ဆယ်လော့တီ ကို နည်းပြ အဖြစ် မခန့်အပ်စေချင်ကြောင်း ပြောကြား သွားခဲ့ပါတယ် ။

အသက် ၆၀ အရွယ် ရှိပြီ ဖြစ်တဲ့ အီတလီ နည်းပြကြီး ကာလိုစ့် အန်ဆယ်လော့တီ ဟာ ချန်ပီယံလိဂ် ဖလားကို သုံးကြိမ်တိုင်တိုင် ဆွတ်ခူး ရရှိထားတဲ့ နည်းပြ တစ်ဦး ဖြစ်ပြီး အင်္ဂလန် ၊ ဂျာမနီ ၊ အီတလီ ၊ ပြင်သစ် တို့မှာလည်း ပြည်တွင်းလိဂ်ဖလားတွေကို ရယူနိုင်ခဲ့ပါ ။

ဒါပေမယ့်လည်း အလန်စမစ် ကတော့ အန်ဆယ်လော့တီ ကို နည်းပြ အဖြစ် ခန့်အပ်လိုက်ရင် မှားယွင်းတဲ့ ရွေးချယ်မှု ဖြစ်လိမ့်မယ်လို့ သတိပေး စကားဆိုလိုက်ပြီး အာတီတာကိုသာ နည်းပြ အဖြစ် ခန့်အပ် သင့်တယ်လို့ တိုက်တွန်း အကြံဉာဏ် ပေးလိုက်ပါတယ် ။

အလန်စမစ် က Evening Standard မှာ ” အာဆင်နယ် အသင်းရဲ့ လက်ရှိ အခြေအနေတွေအရ တီထွင် ဆန်းသစ်နိုင်စွမ်း ရှိပြီး တိကျ ပြတ်သားတဲ့ ဘောလုံး အမြင်တွေကို လေ့ကျင့်ရေးကွင်းမှာကစားသမားတွေထံ လျင်လျင်မြန်မြန် ပို့ချပေးနိုင်တဲ့ နည်းပြမျိုး လိုအပ်နေတာပါ ။ ”

” ကျွန်တော်ကတော့ အန်ဆယ်လော့တီ လို နည်းပြမျိုးကို ခန့်အပ်လိုက်ရင် မှားယွင်းတဲ့ ရွေးချယ်မှု ဖြစ်သွားလိမ့်မယ်လို့ ထင်ပါတယ် ၊ သူက အောင်မြင်မှုတွေ ရယူထားနိုင်တဲ့ အီတလီ နည်းပြပါ ၊ ဒါပေမယ့် သူက ရှေးရိုးစွဲ နည်းပြကြီး ဖြစ်တာကြောင့် အာဆင်နယ် အကျပ်အတည်းကို ဖြေရှင်းပေးနိုင်မယ် မထင်ပါဘူး ။ ”

” အချိန်တို အတွင်းမှာ အသင်းတစ်သင်းလုံးကို ထိန်းချုပ် ကိုင်တွယ်ပြီး ကစားပုံ ကောင်းမွန်တဲ့ အသင်း ၊ ရင်ဆိုင်ရ ခက်ခဲတဲ့ အသင်းဖြစ်အောင် တည်ဆောက် ပေးနိုင်မယ့် နည်းပြမျိုး လိုအပ်နေတာပါ ။ ”

” ကျွန်တော် ပြီးခဲ့တဲ့ တစ်ပတ်ကလည်း ပြောပြီးပါပြီ ၊ အခု တစ်ပတ်လည်း ထပ်ပြောပါမယ် ၊ အာဆင်နယ် အသင်း လိုအပ်နေတဲ့ နည်းပြက အာတီတာ ပါ ၊ အာဆင်နယ် အသင်း ဘုတ်အဖွဲ့လည်း ကျနော့်စိတ်နဲ့ ထပ်တူကျမယ်လို့ မျှော်လင့် နေပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR