တိုက်စစ် ကစားသမား ၂ ဦး ထဲနဲ့တင် အသက် ၁၀၀ နီးပါး ရှိသွားခဲ့ပြီ ဖြစ်တဲ့ ဂျေလိဂ် ဒုတိယတန်းကလပ် ယိုကိုဟားမား အသင်း

ဆဲတစ် အသင်းရဲ့ ကွင်းလယ်လူဟောင်း ဖြစ်သူ ရှင်စကေး နာကာမူရာ ဟာ အသက် ၄၁ နှစ် အရွယ်မှာ ဂျပန် ကလပ် ယိုကိုဟားမား အက်ဖ်စီ အသင်းကို ပြောင်းရွေ့ သွားခဲ့ပါတယ်။ ဂျပန် ပရိတ်သတ် အချစ်တော် ကစားသမားဟာ J2 လိဂ် ကလပ် နဲ့ စာချုပ် ချုပ်ဆို နိုင်ခဲ့တာကြောင့် သူ့ရဲ့ မိခင်မြေမှာ ကစားသမား ဘ၀ ကို ရှေ့ဆက် နိုင်ခဲ့ပါတယ်။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်က ပရော်ဖက်ရှင်နယ် ကစားသမား ဘ၀ စတင် ခဲ့တဲ့ ကွင်းလယ် တိုက်စစ် ကစားသမား နာကာမူရာဟာ ဒီအသက်အရွယ်ထိ ဘောလုံး ဆက်ကစား နေနိုင် သေးတာကို ချီးကျူး သွားရမှာ ဖြစ်ပေမယ့် ၎င်းဟာ လက်ရှိ အသင်းသစ် ယိုကိုဟားမား ရဲ့ အသက် အကြီးဆုံး ကစားသမား မဟုတ် သေးပါဘူး ။

လက်ရှိ ယိုကိုဟားမား အသင်းရဲ့ အသက် အကြီးဆုံး ကစားသမား ကတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီလက ကလပ် နဲ့ စာချုပ်သစ် ချုပ်ဆို ခဲ့သူ အသက် ၅၂ နှစ် အရွယ် တိုက်စစ်မှုး ကာဇူယိုရှီ မော်ရာ ဖြစ်ပါတယ်။

ဒီရာသီ ကလပ် အတွက် ၂ ပွဲ ကစား ထားခဲ့တဲ့ မော်ရာ ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ပွဲဦးထွက်ကို လွန်ခဲ့တဲ့ ၁၉၈၆ ခုနှစ်က ဘရာဇီး ကလပ် ဆန်းတို့စ် အသင်း မှာ စတင် ခဲ့တာ ဖြစ်ပြီး ၎င်းဟာ ဂျပန် လက်ရွေးစင် အသင်း အတွက် ပွဲပေါင်း ၈၉ ပွဲ ကစား ပေးထားခဲ့ကာ မော်ရာရဲ့ လက်ရွေးစင် ကစားသမား ဘ၀ နောက်ဆုံး ပွဲစဉ် ကတော့ လွန်ခဲ့တဲ့ ၁၉ နှစ် အကြာက ဖြစ်ပါတယ်။

ဒါ့ကြောင့် ယိုကိုဟားမား အသင်း ပရိတ်သတ်တွေ အနေနဲ့ တိုက်စစ် ကစားသမား ၂ ဦးပေါင်း အသက် ၉၃ နှစ် ရှိနေတဲ့ အတွဲရဲ့ ကွင်းထဲမှာ တွဲဖက် ကစားမှုကို မြင်တွေ့ လာရ နိုင်ပါတယ်။ ယိုကိုဟားမား အသင်း က ပြီးခဲ့တဲ့ ကြာသပတေးနေ့က နာကာမူရာကို ခေါ်ယူ နိုင်ခဲ့တဲ့ သတင်းကို အတည်ပြု ကြေငြာ သွားခဲ့ပြီး ၎င်းဟာ ဒီရာသီ ကလပ် အသင်း တန်းတက် နိုင်ဖို့ အတွက် အရေးပါတဲ့ လက်နက် ဖြစ်လာ နိုင်တယ်လို့ ဆိုထား ပါတယ်။

ဂျပန် လက်ရွေးစင် အသင်း အတွက် ၉၈ ပွဲ ကစားထား ခဲ့တဲ့ နာကာမူရာဟာ ဆဲတစ် မှာ လွန်ခဲ့တဲ့ ၂၀၀၅ မှ ၂၀၀၉ ခုနှစ် ထိ ကစား ခဲ့ဖူးပြီး အဆိုပါ လေးနှစ်တာ ကာလ အတွင်း ဆုဖလား ၆ လုံး ဆွတ်ခူး နိုင်ခဲ့ပါတယ်။ ဖရီးကစ် စပယ်ရှယ်လစ် ဖြစ်တဲ့ နာကာမူရာ ဟာ အမှတ်ပေး ဖလား ၃ ကြိမ်ဆက် ၊ စကော့တလန် ဖလား ၁ ကြိမ် ၊ လိဂ်ဖလား ၂ ကြိမ် ဆွတ်ခူး နိုင်ခဲ့ပါတယ်။

ယိုကိုဟားမား အသင်း ဟာ ဂျေလိဂ် ဒုတိယတန်း ၂၁ ပွဲ ကစားပြီး ချိန်မှာ ၈ ပွဲနိုင် ၅ ပွဲသရေ ၈ ပွဲရှုံး ၊ ရမှတ် ၂၉ မှတ် ရရှိ ထားကာ အမှတ်ပေး ဇယား ရဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည် နေပြီး အဆင့် ၁ နေရာက မွန်တီဒီယို ယာမာဂါတာ နဲ့ ၁၁ မှတ် ၊ အဆင့် ၂ နဲ့ ၃ နေရာမှာ ရှိတဲ့ ကျိုတိုဆန်ဂါ ၊ ကာရှီးဝါး ရေးဆိုး အသင်း တို့နဲ့ ၁၀ မှတ် ကွာဟ နေပါတယ်။

နောက်ဆုံး ပွဲစဉ်မှာ တိုကျိုဗာဒီ အသင်းကို အဝေးကွင်းမှာ ၃ – ၂ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ယိုကိုဟားမား အသင်းဟာ လာမည့် စနေနေ့ မှာတော့ နီဂါတာ အသင်း နဲ့ ကစား ရမှာ ဖြစ်ပါတယ်။

SM