မန်စီးတီးကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်နေတဲ့ ဂွာဒီယိုလာကို ပြန်ခေါ်ဖို့ရှိမရှိပြောပြလိုက်တဲ့ #ဘာတိုမြူ

စနေ နေ့ မှာ ကစားခဲ့တဲ့ ပရီးမီးယား လိဂ်ပွဲစဉ် မှာ ယူနိုက်တက် အသင်းက မန်စီးတီး အသင်း ကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ ပါတယ်။ အီတီဟက် မှာ ကစား ခဲ့ရတဲ့ ပွဲစဉ် ဖြစ်ပေမယ့် လက်ရှိချန်ပီယံ မန်စီးတီး တို့ မြို့ခံပြိုင်ဘက်ကို အရေး နိမ့်ခဲ့ရတာ လည်း ဖြစ်ပါတယ်။

ဒါကြောင့် လည်း ပွဲစဉ် ၁၆ အပြီးမှာ ရမှတ် ၃၂ မှတ် သာရရှိခဲ့ လို့ နည်းပြ ဂွာဒီယိုလာ အတွက် နည်းပြ ဘဝ တလျှောက် အဆိုးရွားဆုံး ရာသီအစ ရမှတ်မျိုး အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ လီဗာပူး အသင်းနဲ့ ၁၄ မှတ်အထိ ကွာဟ ခဲ့ပြီဖြစ်လို့ လည်း ချန်ပီယံဆု အတွက် မျှော်လင့်ချက်က ကုန်သလောက်ရှိသွား ခဲ့ ပြီဖြစ်ပါတယ်။

လတ်လော အနေအထားတွေကြောင့် လည်း ဂွာဒီယိုလာ အနေနဲ့ မန်စီးတီး အသင်း ကို စွန့်ခွာဖို့ စဉ်းစားဖွယ်ရှိနေတယ် လို့ သတင်းတွေက ဖော်ပြနေပါတယ်။ကတ်တလန်သားကြီး ဂွာဒီယိုလာဟာ နည်းပြဘဝကို ဘာစီလိုနာနဲ့ စတင်ခဲ့တာဖြစ်ပြီး အောင်မြင်မှုတွေအများအပြားရယူပေးခဲ့ဖူးပါတယ်။

သူဟာ ၂၀၁၂ ခုနှစ်မှာတော့ ဘိုင်ယန် အသင်းကို ပြောင်းရွှေ့ ခဲ့ပြီး အခုချိန်မှာ အင်္ဂလန်မြေကို ရောက်နေတာဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဘာတိုမြူ ကတော့ ဂွာဒီယိုလာ အတွက် တံခါး တွေ အမြဲတမ်း ဖွင့်ပေးထားတယ် လို့ ဆိုပါတယ်။

နူးကမ့်မြေကို ဂွာဒီယိုလာ ပြန်ရောက်နိုင်ခြေ ရှိမရှိ မေးမြန်းရာမှာ ဘာတိုမြူက – ” ဒီကိစ္စက ကျွန်တော့် အပေါ်ကို မူတည်တာမဟုတ်ပါဘူး။ဒီကနေ ထွက်ဖို့ ဆုံးဖြတ်ခဲ့တာက ဂွာဒီယိုလာဖြစ်ပါတယ်။ဒါပေမယ့်ဒီအသင်းကသူ့အတွက် တံခါးတွေကို အမြဲတမ်း ဖွင့်ထားပါလိမ့်မယ် ” လို့ဖြေသွားခဲ့တာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် ရှိနေပြီ ဖြစ်ပေမယ့် အခုထိ အားထားနေရ တဲ့ မက်ဆီ နဲ့ ပတ်သက်ပြီး ဘာတိုမြူက – ” ကျွန်တော့်ရဲ့ သက်တမ်း မကုန် မီလေး မှာ မက်ဆီကို အင်နီယေစတာတုန်းက လို တဘဝလုံးစာ စာချုပ်ချုပ်သွား ချင်ပါတယ်။သူ့အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကြိုက်သလို ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။

အီတလီ က လူတွေ၊ ဗြိတိန်သား တွေ အပါအဝင် အခြား နိုင်ငံ တွေက ပရိသတ်တွေက ဘာစီလိုနာ အသင်း လာ ကစားတဲ့ ပွဲတွေမှာ မက်ဆီကိုအနီး ကပ် မြင်တွေ့ ခွင့်ရဖို့က သူတို့ရဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်။သူဟာ နံပါတ်တစ် ဘောလုံးသမားတယောက်လည်းဖြစ်ပါတယ်။

သူ့အနေနဲ့ နောက်ထပ် နှစ်တွေ အတော်ကြာ ဆက်ရှိနေဦး မယ်လို့ လည်းထင်ပါတယ်။ဘာကြောင့်လည်းဆိုတော့ သူဟာဘာစီလိုနာ အသင်းသမိုင်းကို ပြောင်းလဲ စေခဲ့တာ မဟုတ်ပဲ ကမ္ဘာ့ဘောလုံး သမိုင်းကို ပြောင်းလဲစေခဲ့သူဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

မက်ဆီ ဟာ အသက်၃၂ နှစ် အရွယ် ကျော်နေပြီ ဖြစ်ပေမယ့် သွင်းဂိုးတွေနဲ့ အတူ ခြေစွမ်းကောင်းကို ဆက်ပြီးပြသ နေခဲ့သေးတာဖြစ်ပါတယ်။သူဟာ ဒီရာသီအစမှာ ဒဏ်ရာအချို့ကြောင့်ပွဲတွေ နဲ့ ခေတ္တဝေးခဲ့ရပေမယ့် လိဂ်ပွဲ ၁၀ ပွဲ ကစားပေးထားအပြီး ၁၇ ဂိုးအထိ ပါဝင် ပတ်သက်ထားနိုင် ခဲ့ပြီဖြစ်ပါတယ်။

သူဟာ အခုအပတ် လာလီဂါပွဲစဉ်မှာ လည်း ဘာစီလိုနာ အတွက် ဟက်ထရစ် သွင်းယူပေးနိုင် ခဲ့ပါတယ်။မာယော့ကာ နဲ့ ပွဲစဉ်မှာ ရရှိ ခဲ့တဲ့ ဟက်ထရစ် ဟာ မက်ဆီ အတွက်တော့ လာလီ ဂါ ပြိုင်ပွဲမှာ ရရှိခဲ့တဲ့ ၃၅ ကြိမ် မြောက် ဟက်ထရစ် လည်းဖြစ်ပါတယ်။ဒါဟာ သူ့ရဲ့ မဟာပြိုင်ဘက် ရော်နယ်ဒိုရဲ့ လာလီဂါ သမိုင်းမှာ ဟက်ထရစ်အကြိမ် အများဆုံးကစား သမားဆိုတဲ့ စံချိန်ကို ချိုးဖြတ်လိုက်နိုင် ခဲ့တာလည်းဖြစ်ပါတယ်။