အာဆင်နယ် အသင်းရဲ့ နောက်ခံလူဟောင်း လက်ချ်စတိုင်နာ က အူနိုင်း အမ်မရီ ဟာ နည်းပြကောင်း တစ်ဦး ဖြစ်ပေမယ့် ထိပ်တန်း ကစားသမားတွေဆီကနေ စွမ်းဆောင်ရည်ကောင်းတွေ ရရှိအောင် လုပ်ဆောင်နိုင်မှု အပိုင်းမှာတော့ အားနည်းခဲ့ကြောင်း ဆိုပါတယ် ။

ဆွစ်ဇာလန် အသင်း ခေါင်းဆောင်ဟောင်း လက်ချ်စတိုင်နာ ဟာ ပြီးခဲ့တဲ့ ရာသီက ဂျူဗင်တပ်စ် အသင်းကနေ အာဆင်နယ် အသင်းကို ရောက်ရှိလာခဲ့သူ ဖြစ်ပြီး နည်းပြ အမ်မရီ လက်အောက်မှာ ကစားခဲ့ဖူးသူလည်း ဖြစ်ပါတယ် ။

လက်ချ်စတိုင်နာ ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာတော့ အာဆင်နယ် အသင်းနဲ့ လမ်းခွဲခဲ့ပြီး ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ် အော့ဘက်စ် အသင်းမှာ ကစား နေပါတယ် ။ လက်ချ်စတိုင်နာ ကတော့ အမ်မရီ ဟာ ထိပ်တန်း ကစားသမားတွေကို ကိုင်တွယ်ရာမှာ ရုန်းကန်ခဲ့ရကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

အူနိုင်း အမ်မရီ ဟာ အာဆင်နယ် အသင်းကို နည်းပြစဉ်တုန်းက အိုဇေးလ်လို ထိပ်တန်း ကစားသမားမျိုးကို မကြာခဏ ပွဲထွက်လူစာရင်းကနေ ချန်လှပ် ခဲ့တာကြောင့် ပရိသတ်တွေ၊ ကစားသမားဟောင်းတွေရဲ့ ဝေဖန်မှုနဲ့ အကြီးအကျယ် ရင်ဆိုင် ခဲ့ရသူလည်း ဖြစ်ပါတယ် ။

လက်ချ်စတိုင်နာ က inews.co.UK နဲ့ အင်တာဗျူးမှာ ” နည်းပြ က ကိုယ့်ကို နှစ်လလောက် ပွဲထွက် မကစားခိုင်းတဲ့ အခါမျိုးမှာ သူ့ကို ဝေဖန် ပြစ်တင်လေ့ ရှိကြပါတယ် ၊ ဒါပေမယ့် ဒါက ကျနော့်ပုံစံ မဟုတ်ပါဘူး ။ အရင်တုန်းကဆို အသင်းက အရမ်းကောင်းနေတာပါ ၊ ပြီးခဲ့တဲ့ ရာသီကုန်ခါနီး နှစ်လလောက် အလိုမှာ ဘယ်လိုတွေ ဖြစ်ပျက်သွားမှန်း ကျနော်လည်း မသိပါဘူး ။ ”

” လေ့ကျင့်ရေး အစီအစဉ်တွေကလည်း ကောင်းမွန်သလို မနှစ်က အသင်းရဲ့ စွမ်းဆောင်ရည်ကလည်း တကယ်ကောင်းတာပါ ၊ ဒါကြောင့် နည်းပြ နဲ့ ပတ်သက်တဲ့ မကောင်းကြောင်းတွေ မပြောချင်ပါဘူး ၊ အခု အချိန်မှာတော့ အမ်မရီ နဲ့ ရုန်းကန်ရတဲ့ အကြောင်းတွေ ပြောလို့ ရပါပြီ ။ ”

” သူက ကစားသမားတွေကို ကောင်းကောင်းလေ့ကျင့်​ပေးနိုင်တဲ့ နည်းပြကောင်း တစ်ဦး ဖြစ်ပေမယ့် ထိပ်တန်း ကစားသမားတွေနဲ့တော့ ရုန်းကန် ခဲ့ရပါတယ် ၊ အသင်းက နာမည်ကြီး ကစားသမားတွေဆီက ထိပ်တန်း စွမ်းဆောင်ရည် ရရှိအောင် သူ မလုပ်နိုင်ခဲ့ပါဘူး ။ အဲ့ဒါလေးကလွဲလို့ ကျန်တာတွေ အားလုံးကတော့ အဆင်ပြေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR