လီဗာပူး အသင်းဟာ ထုံးစံအတိုင်း ၄-၃-၃ ပုံစံနဲ့ ပွဲထွက် လာခဲ့ပြီး ဒီပွဲမှာ ပွဲပယ် ခံထားရတဲ့ အပြင် ဒဏ်ရာ ပြသနာလည်း ရှိနေတဲ့ ဖာဘင်ညို ရဲ့ နေရာမှာ ၀ုိင်နယ်ဒန် ကို ကစား စေခဲ့ပြီး အောက်စလိတ်ချိန်ဘာလိန် ကလည်း ပွဲထွက် ကစားသမား စာရင်းမှာ ပါ၀င် လာခဲ့ပါတယ်။ ဘရိုက်တန် အသင်း ကလည်း ၄-၃-၃ ပုံစံနဲ့ပဲ ပွဲထွက် လာခဲ့ပြီး လက်စတာကို ရှုံးခဲ့တဲ ပွဲက လူစာရင်းကို နေရာ ၃ နေရာလောက် အပြောင်းအလဲ လုပ်လာ ခဲ့ပါတယ်။

ယာဂန်ကလော့ ရဲ့ အသင်းဟာ အစောပိုင်း ပွဲစဉ်မှာ မန်စီးတီး တို့ သရေကျ ခဲ့တာကြောင့် ဒီပွဲကို သတိကြီးကြီး နဲ့ စတင်ကာ ဘောလုံးကို အဓိက ကိုင်ကစား သွားခဲ့ပါတယ်။ ဘရိုက်တန် အသင်းကလည်း ဒီရာသီ ဘောလုံးကို ကောင်းကောင်း ကိုင်ကစား နိုင်တဲ့ အသင်းပီပီ နောက်တန်း ကနေ ကစားကွက် ကို စတင် ကစား သွားခဲ့ပါတယ်။ ကလော့ ဟာ ဘရိုက်တန် ရဲ့ build-up play ကို သူတို့ရဲ့ အားသာတဲ့ high pressing နဲ့ ပြန်လည် တုန့်ပြန် ခဲ့ကာ ဒီကနေ တဆင့် အခွင့်အရေးတွေ ရရှိ ခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူး အသင်းရဲ့ final pass တွေဟာ အားနည်းမှု ရှိနေတာကြောင့် ရိုင်ယန်ကို သိပ်ပြီး အလုပ် မရှုပ်စေ ခဲ့ကာ ဘရိုက်တန် ဘက်ကလည်း လီဗာပူး တို့ ဘောလုံး ပျက်တာနဲ့ တစ်ပြိုင်နက် ချက်ချင်း ဆိုသလို တိုက်စစ်ကို အမြန်ဆုံး ပြန်လည် စတင် ခဲ့ပါတယ်။ ပွဲချိန် ၁၅ မိနစ်မှာ လီဗာပူးတို့ အကောင်းဆုံး အခွင့်အရေး ရခဲ့ပြီး ဘယ်တောင်ပံက မာနေး ရဲ့ ဆွဲပြေးကာ ထိုးပေးမှုကို ဖာမီနို ကန်သွင်း ခဲ့ပေမယ့် ရိုင်ယန် လက်စွမ်းပြ ခဲ့ပါတယ်။

အဲဒီနောက် ပွဲချိိန် ၁၈ မိနစ်မှာ အလက်ဇန်းဒါးအာနိုး ရဲ့ set-pieces ကနေ ပေးပို့မှုကို ဗန်ဒိုက် က ခေါင်းတိုက် သွင်းယူကာ လီဗာပူး အတွက် အဖွင့်ဂိုးကို ရယူ ပေးခဲ့ ပါတယ်။ ဆက်တိုက် ဆိုသလို လီဗာပူးတို့ ကစားရှိန် မြင့်လာ ခဲ့ပြီး ဘရိုက်တန်ကို ပိုမို ဖိအားပေး လာခဲ့ကာ ၁၉ မိနစ် မှာလည်း ဖာမီနို အခွင့်အရေး ရခဲ့ပါတယ်။ အဲဒီနောက် ချိန်ဘာလိန် ရဲ့ ဂိုးထိပ်ကနေ ကန်သွင်းမှု ဘရိုက်တန် နောက်ခံလူနဲ့ ထိကာ မာနေးဆီ ရောက်သွား ခဲ့ပြီး ဆီနီဂေါ စတား ရဲ့ အနီးကပ် ကန်သွင်းမှုကို ရိုင်ယန်ကပဲ ကာကွယ် ခဲ့ပြန် ပါတယ်။

Set-pieces တွေ ကောင်းမွန်တဲ့ လီဗာပူးဟာ ၂၄ မိနစ်မှာ အလက်ဇန်းဒါးအာနိုး ရဲ့ ထောင့်ကန်ဘော ကနေပဲ ဗန်ဒိုက်က နောက်တစ်ဂိုး သွင်းယူကာ ၂-၀ နဲ့ သက်တောင့်သက်သာ ဦးဆောင် သွားခဲ့ ပါတယ်။ ထို့နောက် ဘရိုက်တန် ရဲ့ build-up play ကနေ တဆင့် မာနေး အခွင့်အရေး ရခဲ့ပေမယ့် ဘရိုက်တန် နောက်တန်း ကာကွယ်မှု ကောင်းခဲ့တာကြောင့် သက်သာ ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၃၀ နောက်ပိုင်း မှာတော့ ဘရိုက်တန် ရဲ့ ကစားပုံ ကောင်းမွန် လာခဲ့ပြီး လီဗာပူး ကို ဘောလုံး ပိုင်ဆို်င်မှု အသာစီးနဲ့ ပြန်လည် တိုက်စစ် ဆင်ကစား ခဲ့ပြီး ပရောပါး ၊ ဒန့် တို့ရဲ့ အခွင့်အရေးတွေ ဂိုးမပေး ခဲ့ရတာကြောင့် လီဗာပူး တို့ သက်သာ ခဲ့ပြီး ပထမပိုင်းမှာ ၂-၀ နဲ့ ပြီးသွား ခဲ့ပါတယ်။

ဒုတိယပိုင်း အစမှာတော့ လီဗာပူးဟာ ဘောလုံးပိုင်ဆို်င်မှု အသာစီး နဲ့ ပွဲကို ထိန်းကစား နေခဲ့ပါတယ်။ ဒါပေမယ့် ၅၃ မိနစ်မှာ ထောင့်ကန်ဘော ကနေ လူးဝစ်ဒန့်ရဲ့ ခေါင်းတိုက်ချက် ဂိုးဘေးကနေ ကပ်ထွက် သွားခဲ့တာကြောင့် လီဗာပူးတို့ ကံကောင်း ခဲ့ပါတယ်။ အဲဒီနောက် ဘရိုက်တန် တို့ ကစားကွက် မိမိနဲ့ လီဗာပူး ကို တုန့်ပြန် ကစားခဲ့ပြီး ကွန်နိုလီ အခွင့်အရေး တစ်ကြိမ် ရခဲ့ပေမယ့် အလီဆွန် ကာကွယ် ခဲ့ပါတယ်။ အဲဒီနောက် လီဗာပူးတို့ အခွင့်အရေးကောင်းတွေ ရလာ ခဲ့ပြီး အောက်စလိတ်ချိန်ဘာလိန် ၊ အလက်ဇန်းဒါးအာနိုး ၊ ဗန်ဒိုက် တို့ရဲ့ အားထုတ်မှု တွေကို လူးဝစ်ဒန့် အကောင်းဆုံး ကာကွယ် ခဲ့သလို မာနေး ရဲ့ ကန်ချက်ကလည်း အားပျော့ နေတာကြောင့် နောက်တစ်ဂိုး ထပ်မရဘဲ ဖြစ်နေခဲ့ ပါတယ်။

၆၈ မိနစ် မှာတော့ လီဗာပူး ဟာ ခြေစွမ်းမပြနိုင် ဖြစ်နေတဲ့ ဆာလား ကို လယ်လာနာ နဲ့ လူစားလဲ ခဲ့ပြီး ဘရိုက်တန် ကလည်း ထရိုဆန့် ၊ အယ်ဇက်တေ တို့ကို ထည့်ကာ တိုက်စစ်မြင့် လာခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဘရိုက်တန် တို့ ဘောလုံး ပိုင်ဆိုင်မှု ပိုသာ ခဲ့ပေမယ့် လီဗာပူးရဲ့ ခံစစ် ကစားဟန်ဟာ အကောင်းဆုံး အနေအထား မှာ ရှိနေတာကြောင့် ပထမပိုင်းလောက် အခွင့်အရေးကောင်းတွေ မရ ခဲ့ပါဘူး။

၇၆ မိနစ် မှာတော့ ဘရိုက်တန် အသင်း နောက်တန်း ကနေ ကျော်ပေးမှုကို ထရိုဆန့် ကန်သွင်း ခဲ့ပေမယ့် အလီဆွန် ရှေ့ကို တက်ကာ လက်နဲ့ ပုတ်ထုတ် ခဲ့တာကြောင့် တိုက်ရိုက် အနီကတ် ပြသ ခံခဲ့ ရပြီး လက်ရှိ ပွဲချိန်ကို ၁၀ ယောက်တည်းနဲ့ ယှဉ်ပြိုင် ခဲ့ရပါတယ်။ အဲဒီနောက် လူစားဝင် ကစားသမား အက်ဒရီယန် နဲ့ လီဗာပူး နောက်တန်းရဲ့ အဆင်သင့် မဖြစ်မှု ကနေ လူးဝစ်ဒန့်က ဖရီးကစ် ကို အမြန် ကန်သွင်း ခဲ့ပြီး ချေပဂိုး ရယူ ခဲ့ပါတယ်။ အဲဒီနောက် လီဗာပူး ဟာ အနို်င်ဂိုးကို ထိန်းကစားဖို့ အတွက် ပိတ်ဆို့ ကစား သွားခဲ့ပြီး ဘရိုက်တန် ကတော့ ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ ဖိကစား သွားခဲ့ပါတယ်။ ၈၆ မိနစ်မှာ အာရွမ်မွိုင်းရဲ့ ကန်ချက် ကောင်းခဲ့ပေမယ့် အက်ဒရီယန် လက်စွမ်းပြ ကာကွယ် ပေးသွား ခဲ့ပါတယ်။ ၈၈ မိနစ်မှာလည်း ဘရိုက်တန်ရဲ့ ခေါင်းတိုက်ချက် အက်ဒရီယန် အမိဖမ်းရာမှာ မသေသပ်တာကြောင့် စိုးရိမ်စရာ ကောင်းခဲ့ ပါတယ်။ ဒါပေမယ့်လည်း လီဗာပူး ဟာ အနိုင်ရလဒ်ကို အကောင်းဆုံး ထိန်းကစားကာ အမှတ်ပေးဖလား အတွက် အဓိက ပြိုင်ဘက် မန်စီးတီး ကို ၁၁ မှတ် ဖြတ်လိုက် နိုင်ခဲ့ပါတယ်။

SM