ချယ်လ်ဆီး အသင်း ရဲ့ ဂိုးသမား ကီပါ ဟာ မနေ့ည က ကစား သွားခဲ့တဲ့ ဗလင်စီယာ အသင်း နဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာ ပါရီဂျို ရဲ့ ပင်နယ်တီ ကို လက်စွမ်းပြ ကာကွယ် သွားနိုင်ခဲ့ပေမယ့် ၊ ဗလင်စီယာ ရဲ့ သွင်းဂိုး ၂ဂိုးလုံး ကို လွယ်လွယ် နဲ့ ခွင့်ပြု ခဲ့ပါတယ် ။ ကီပါ ဟာ ယခု နောက်ပိုင်း ပွဲစဉ် တွေမှာ လက်စွမ်း တည်ငြိမ်မှုအား နည်းလာတာ ကို တဖြည်းဖြည်း နဲ့ တွေ့လာရပြီး မနေ့ည က ပွဲစဉ် မှာတော့ ကီပါ ရဲ့ လက်စွမ်း က ချယ်လ်ဆီး ပရိသတ် တွေ အတွက် ဝေဖန်စရာ ဖြစ်လာခဲ့ပါတယ် ။

ပထမပိုင်း မှာ ကားလို့စ် ဆိုလာ ရဲ့ ဂိုးသမား တည့်တည့် ပိတ်သွင်းမှု ကို ကီပါ တယောက် သေသေသပ်သပ် မကာကွယ် နိုင်ခဲ့လို့ ၊ ဂိုးစပေး ခဲ့ရသလို ၊ ပွဲပြီးခါနီး မှာလည်း ဒန်နီရယ် ဝက်စ် ရဲ့ ဖြတ်တင်ဘော က ပင်နယ်တီ ဧရိယာ ထဲသို့ မရောက်ရှိ လာခဲ့ပေမယ့် ၊ ဂိုးပေါက် နားသို့ နီးခဲ့ကာ ၊ ဒါကို ကီပါ က ဂိုးထဲ မဝင်လောက်ဘူး ဆိုပြီး တွက်ချက် ခဲ့တာကြောင့် ဂိုးထပ်ပေး လိုက်ရပြန်ပါတယ် ။

ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ၎င်းရဲ့ ပင်နယ်တီ ကာကွယ်မှု တကြိမ် ကို အသိအမှတ်ပြု ချီးကျူး ရမှာ ဖြစ်ပါတယ် ။ ဒီ ပင်နယ်တီ ကာကွယ်မှု ဟာလည်း ချယ်လ်ဆီး အသင်း ရဲ့ သရေ တမှတ် မှာ ပါဝင်ခဲ့ပါတယ် ။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် က ကီပါ ရဲ့ ပင်နယ်တီ ကာကွယ်မှု ကို အထူး ချီးကျူး ခဲ့ကာ ၊ နမော်နမဲ့ လုပ်ရပ် တွေကိုတော့ အခုလိုပဲ ကာကွယ် ပြောဆို ခဲ့ပါတယ် ။

လမ်းပတ် က ” ဒုတိယ ချေပဂိုး က တိုက်ဆိုင်မှု မရှိပဲ ၊ ကံဆိုးလို့ ပေးလိုက်ရတာ လို့ ထင်ပါတယ် ။ ဒန်နီရယ် ဝက်စ် ဟာ ဒီဂိုး ကို သွင်းဖို့ ဆန္ဒ ရှိခဲ့တဲ့ပုံ မပေါ်သလို ၊ ဒီလို အနေအထား ဟာ ဂိုးသမား တဦး အတွက် ဂိုးဝင်နိုင်လား ၊ မဝင်ဘူးလား ဆိုတာ တွက်ဆ ရခက်ခဲ လွန်းပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ဒီလိုမျိုး ဖြတ်တင်ဘောမျိုး ဟာ ဂိုးထဲကို တန်းဝင် နိုင်မလား ဆိုတာ မသေချာတဲ့ အတွက်ကြောင့်ပါ ။ ”

” နောက်ပြီး ဖြတ်တင်ဘော ကလည်း ကီပါ ဖမ်းဖို့ မမှီနိုင်လောက် တဲ့ အထိကို မြင့်လွန်းပါတယ် ။ အကယ်၍ ကီပါ အဖို့ ဒီ အလုံး ကို ဖမ်းလို့ မှီမယ် ဆိုရင် သူ မဖြစ်မနေ ဖမ်းဖို့ ကြိုးစားမှာပါ ။ ကျွန်တော် ဒီ ချေပဂိုး ကို ဗီဒီယို ပြန်ကြည့်မှာ ဖြစ်ပေမယ့် ကီပါ ကတော့ သူ ကိုယ်တိုင် ဆုံးဖြတ်ရတာ ဖြစ်လို့ ၊ သူ အသိဆုံး ဖြစ်နေလိမ့်မယ် လို့ ကျွန်တော် ထင်ပါတယ် ။ သူဟာ အမြဲတမ်း သူ့ အမှား တွေနဲ့ ပတ်သက်ပြီး အရိုးသားဆုံး ပြောပြလေ့ ရှိပါတယ် ။ ”

” သူသာ ဒီဂိုး ကို ဖမ်းနိုင်ခဲ့မယ် ဆိုရင် ကျွန်တော့ ကို သူ အရိုးသားဆုံး လာပြောပြမှာပါ ။ ဒါပေမယ့် ကျွန်တော် တို့ဟာ သူ့ရဲ့ ပင်နယ်တီ ကာကွယ်မှု ကို မျက်ကွယ်ပြုလို့ မရပါဘူး ။ ဒီ ပင်နယ်တီ ကာကွယ်မှုမျိုး ဟာ သာမန် ရိုးရိုး ပင်နယ်တီ ကာကွယ်တာမျိုး မဟုတ်ပါဘူး ။ တကယ် အံ့သြဖွယ် လက်စွမ်း နဲ့ ကာကွယ် ခဲ့တာ ဖြစ်ပါတယ် ။ ဒါတွေဟာ အသင်း အတွက် အမှတ်ရစေဖို့ ဂိုးသမား တွေ အတတ်နိုင်ဆုံး လုပ်ဆောင်ရတဲ့ အလုပ် ဖြစ်ပါတယ် ။ ” လို့ ဖြစ်ပါတယ် ။

တဖက် မှာ ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ မတ်တီယို ကိုဗာဆစ် ဟာ ဗလင်စီယာ နဲ့ ပွဲမှာ ဂိုးတဂိုး သွင်းနိုင် ခဲ့တာကြောင့် ပွဲပေါင်း ၁၂၀ ဂိုးပေါက်ပျောက်နေခြင်း ကို အဆုံးသတ် နိုင်ခဲ့ပါတယ် ။ အခုလို ချယ်လ်ဆီး အတွက် ပထမဆုံး သွင်းဂိုး ရရှိခဲ့တဲ့ ကိုဗာဆစ် ကိုလည်း လမ်းပတ် က အခုလို ချီးကျူး ပြောဆို ခဲ့ပါတယ် ။

ကိုဗာဆစ် က ” ဟုတ်ပါတယ် ။ ဒီဂိုး အတွက် ကျွန်တော် နဲ့ သူနဲ့ ရယ်စရာ တွေ အများကြီး ပြောဖြစ် ခဲ့ကြပါတယ် ။ သူ့ အသင်းဖော် တွေကလည်း စနောက် ခဲ့ကြပါတယ် ။ သူဟာ တကယ် အရည်အသွေးကောင်း များစွာ ပိုင်ဆိုင် ထားတဲ့ ကွင်းလယ်လူ ဖြစ်တာကြောင့် အရင် ကတည်းက အခုလို ဂိုးတွေ ရခဲ့သင့်ပါတယ် ။ အခုလို ချယ်လ်ဆီး အတွက် ပထမဆုံး သွင်းဂိုး ရဖို့ အတွက် ကျွန်တော် နဲ့ နည်းပြ အဖွဲ့ဝင် တခုလုံး ကြိုးစား ခဲ့ကြတာပါ ။ ”

” ဒီနေ့ ပွဲ မှာ သူ ၂ဂိုးလောက် ရခဲ့သင့်ပါတယ် ။ အခုလို သူဂိုးစရလို့ ကျွန်တော် အရမ်း ဝမ်းသာ မိပါတယ် ။ နောက်ပြီး ဒီဂိုး ဟာ သူ့ရဲ့ ကစားသမား ဘဝ ကို အသစ်တဖန် ဆန်းသစ် စေမယ် လို့ မျှော်လင့် မိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR