ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တေ ဟာ ချယ်လ်ဆီး ကို မရောက်လာခင် ကတည်းက ကွင်းလယ် အဖျက် ကစားသမား တဦး အနေနဲ့သာ ကျော်ကြား ခဲ့တာကြောင့် ၊ သူ့ရဲ့ ကစားပုံ စတိုင်လ် အရ သွင်းဂိုး တွေ ရရှိဖို့ ဆိုတာ အခွင့်အရေး အရမ်း နည်းပါတယ် ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က စတင်ပြီး ကန်တေ ဟာ ကွင်းလယ် အဖျက်ပိုင်း ထက် တိုက်စစ် ကို ပိုလိုက်ပါ ရတဲ့ ပုံစံ ကို အားပြု လာရပါတယ် ။

မနှစ် ကတည်းက ချယ်လ်ဆီး အသင်း အတွက် အရေးပါတဲ့ ဂိုးအနည်းငယ် ကို သွင်းယူ ပေးခဲ့တဲ့ ကန်တေ ဟာ ဒီနှစ် ဘောလုံး ရာသီ မှာလည်း လီဗာပူး ၊ ဆောက်သမ်တန် ၊ မန်စီးတီး တို့နဲ့ ယှဉ်ပြိုင် ကစား ခဲ့ရတဲ့ ပွဲစဉ် တွေမှာ ချယ်လ်ဆီး အတွက် အရေးပါတဲ့ သွင်းဂိုး ၃ ဂိုး ကို သွင်းယူ ပေးနိုင် ခဲ့ပါတယ် ။ ကန်တေ အဖို့ လမ်းပတ် လက်အောက် မှာ အရင် ကထက် ပိုပြီး လွတ်လပ်တဲ့ ကစားခွင့် ကို ရရှိနေသလို ၊ ကိုဗာဆစ် ၊ ဂျော်ဂျင်ဟို တို့နဲ့ အတွဲအဖက် ကစားခွင့် ရှိလာတာကြောင့် ဂိုးသွင်းဖို့ အခွင့်အရေး တွေ ပိုရလာတာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ မန်စီးတီး နဲ့ ပွဲမှာ ဂိုးသွင်းပေးခဲ့တဲ့ ကန်တေ က လမ်းပတ် ဟာ သူ့ကို ဂိုးတွေ သွင်းပေးဖို့ မတောင်းဆို တတ်ကြောင်း နဲ့ အခုလို ဂိုးတွေ ရရှိနေတဲ့ အတွက်လည်း ပျော်ရွှင် ရကြောင်း ၊ ဒီလို သွင်းဂိုး တွေ ရရှိလာတာ အသင်း အတွက် တဖက်တလမ်း ကနေ ကူညီရာ ရောက်သလို ၊ မန်စီးတီး နဲ့ ပွဲက သွင်းဂိုး ကို ဖန်တီးပေးခဲ့တဲ့ ကိုဗာဆစ် ကိုလည်း ချီးကျူး စကား ဆိုသွားခဲ့ပါတယ် ။

ကန်တေ က ” နည်းပြ က ကျွန်တော့ ကို ဂိုးသွင်းပေးပါ ဆိုပြီးတော့ ထွေထွေထူးထူး တောင်းဆိုတာမျိုးတော့ မရှိပါဘူး ။ ဒါပေမယ့် ကျွန်တော် ဒီလို ဂိုးတွေ သွင်းရတာ ကို နှစ်သက်ပါတယ် ။ အထူးသဖြင့် ကိုယ့်အသင်း လည်း အနိုင်ရမယ် ၊ ကိုယ်လည်း ဂိုးရမယ် ဆိုရင် ပိုပြီး ပျော်ရွှင် ရတာပေါ့ဗျာ ။ ဒီ ခံယူချက်မျိုး ဟာ လက်ရှိ ချယ်လ်ဆီး အသင်းသားတိုင်း မှာ ရှိနေပါတယ် ။ ဒါပေမယ့် ကျွန်တော် ဟာ နည်းပြကြီး လို ကွင်းလယ် ဂိုးသွင်းစက် တော့ မဟုတ်ပါဘူး ။ ”

” ကျွန်တော် ဟာ ဂိုးသွင်းနိုင်ဖို့ ထက် အသင်း အနိုင်ရဖို့ကို ပို အလေးထားပါတယ် ။ ကျွန်တော် ဟာ အသင်း ကို နိုင်ပွဲ တွေ ဆက်စေဖို့ ၊ ဇယား ထိပ်ပိုင်း မှာ ဆက်လက် ရပ်တည်စေဖို့ ကူညီ ပေးချင်ပါတယ် ။ ဒါကြောင့်မို့ ကျွန်တော် ဟာ ဂိုးသွင်းဖို့ အခွင့်အရေး ရရင် သွင်းဂိုး တွေနဲ့ အသင်း ကို ကူညီ ပေးသွားချင်ပါတယ် ။ ချယ်လ်ဆီး အတွက် ကစားပေး လာတဲ့ သက်တမ်း တလျှောက် မှာ ကျွန်တော် ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ပြိုင်ဖက် ပင်နယ်တီ ဧရိယာ ထဲကို ပိုပြီး ဝင်ရောက် ကစားဖြစ်တယ် လို့ ထင်ပါတယ် ။ ”

” ဂိုးသွင်းဖို့ အကောင်းဆုံး အခွင့်အရေး တွေ ရရင် ကျွန်တော် အမြဲ ဂိုးသွင်းဖို့ ကြိုးစားပါတယ် ။ မန်စီးတီး နဲ့ပွဲ က ဂိုးကလည်း သွင်းဂိုးကောင်း တဂိုးပါ ။ ရလဒ်ကောင်း ကိုတော့ ကျွန်တော် တို့ မထိန်းနိုင်ခဲ့ပါဘူး ။ ဒါပေမယ့် မတ်တီယို ဆီက ပေးပို့မှု က အရမ်း လှပပါတယ် ။ ကျွန်တော့ ဖက်က မျှော်လင့် ထားတာ ကတော့ ကျွန်တော် တို့ အနေနဲ့ အခုထက် ပိုပြီး အသင်း တသင်းလုံး သွင်းဂိုး တွေ ပိုပြီး ရရှိလာဖို့ပါ ။ ”

” ဒါဆို ကျွန်တော် တို့ နိုင်ပွဲ တွေ ပိုရလာနိုင်ပါတယ် ။ ဒီနှစ် ဘောလုံး ရာသီ က မနှစ်ကနဲ့ တူတူပါပဲ ။ ကျွန်တော် တို့မှာ အရည်အသွေး ပြည့်ဝတဲ့ ကွင်းလယ် ကစားသမားကောင်း တွေ ရှိနေပါတယ် ။ ဘယ်သူ က ပွဲထွက်ခွင့် ရတယ် ဆိုတာ အရေးမကြီးပါဘူး ။ အသင်းသား တိိုင်းဟာ ကိုယ့် ကစားနေရတဲ့ နေရာ ကနေ ကျရာ တာဝန် ကို အကောင်းဆုံး ကြိုးစား ပေးဆပ် နေကြပါတယ် ။ ”

” ကျွန်တော် တို့ဟာ တသင်းလုံး ၊ စိတ်တူ ကိုယ်တူ ဖြစ်နေကြပါတယ် ။ ဘယ်သူ က ပွဲထွက်ခွင့် ရတယ် ၊ ဘယ်သူ က မရဘူူး ဆိုတာ က အရေးမကြီးပါဘူး ။ အရေးကြီးတာ က ဒီ ချယ်လ်ဆီး အသင်း ဂျာစီ အတွက် ဘယ်လောက် အထိ တန်ဖိုးထား ပေးဆပ်ဖို့ပါပဲ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR