မော်ရင်ဟို ရဲ့ တတိယ မြောက် လန်ဒန် စွန့်စားခန်း ကတော့ ၃ – ၂ ဆိုတဲ့ အနိုင် ရလဒ် နဲ့ အဖွင့် လှသွားခဲ့ ပါတယ် ။ ဝက်စ်ဟမ်း ကွင်းက နိုင်ပွဲ ဟာ ဒီရာသီ စပါး ရဲ့ ပထမဆုံး သော အဝေးကွင်း နိုင်ပွဲ ဖြစ်ခဲ့တာ ကလည်း မော်ရင်ဟို အတွက် အမှတ်တွေ တိုးပေး ချင်စရာ ဖြစ်ခဲ့ ပါတယ် ။ လာမယ့် ကြားရက် မှာ ကစားမယ့် ချန်ပီယံ လိဂ် ပွဲ ကို နိုင်ရင်လည်း စပါးတို့ နောက်တစ်ဆင့် တက်တော့ မှာပါ ။ မော်ရင်ဟို ရဲ့ ခရီးစဉ် ကတော့ ပျော်စရာတွေ ဆက်နေမယ့် ပုံပါပဲ ။

မော်ရင်ဟို ဟာ ၄-၂-၃-၁ ကို ဝက်စ်ဟမ်း နဲ့ ပွဲ အတွက် ရွေးခဲ့ ပါတယ် ။ ဒီ ကစားကွက် က စပါး အတွက် ကျင့်သား ရပြီးသား ကစားကွက် ဖြစ်တာကြောင့် အခက်ခဲ မဖြစ် ခဲ့ ပါဘူး ။ ဒီနေရာ မှာ ပိုချက်တီနို နဲ့ မတူ ညီ တဲ့ အခင်း အကျင်း နဲ့ နည်းဗျုဟာ တစ်ခု ကို မော်ရင်ဟို သုံးခဲ့ ပါတယ် ။

အဲ့တာ ကတော့ ဆွန်ဟောင်မင် နဲ့ လူးကပ် မော်ရာ တို့ ကို တောင်ပံ တစ်ဖက် စီ မှာ ပွဲထုတ် ခဲ့တာ ပါပဲ ။ မြန်နှုန်း ကောင်းတဲ့ ဒီ ကစား သမား ၂ ယောက် ဟာ စပါး ရဲ့ တန်ပြန် တိုက်စစ် ကဏ္ဍ မှာ အားကိုးခဲ့ ရသလို ဖြတ်တင်ဘောတွေ နဲ့ လည်း ကူညီ နိုင်ခဲ့ ကြပါတယ် ။ စပါး ရတဲ့ ဒုတိယဂိုး မှာ ဒါကို တွေ့ ခဲ့ရ ပါတယ် ။

ဒုတိယပိုင်း မှာလည်း တန်ပြန် တိုက်စစ် က နေ လူးကပ် မော်ရာ အပိုင်ကြီး ကန်ခွင့် ရခဲ့ ပါသေးတယ် ။ ဒါပေမယ့် ဘရာဇီးသား က ဒယ်လီ အလီ ကို ခင်းပေးဖို့ စိတ်ရောက် နေတာကြောင့် ဂိုး ဖြစ်ရမယ့် အနေအထား ကနေ ဂိုးလွန်ဘော ဖြစ်သွားခဲ့ရ ပါတယ် ။ ဘာပဲဖြစ်ဖြစ် မော်ရင်ဟို ရဲ့ စမ်းသပ်ချက် အောင်မြင် ခဲ့တယ်လို့ ဆိုရမှာပါ ။ နောက်ပိုင်း ပွဲစဉ်တွေ မှာလည်း ဆွန် + မော်ရာ တန်ပြန် တိုက်စစ် အတွဲ က ပြိုင်ဘက်တွေ ကို ခက်ခဲ စေဦးမှာ သေချာပါတယ် ။

စပါး ကို စရောက် လာတဲ့ နေ့ ကတည်းက မော်ရင်ဟို ဟာ ဒယ်လီ အလီ ကို ရွေးခဲ့ ပါတယ် ။ ကိုယ်တိုင် မျက်လုံးချင်ဆုံပြီး စကားပြော ခဲ့ သလို ဝက်စ်ဟမ်း နဲ့ ပွဲ မှာလည်း အယ်လီ ကို ပွဲထုတ် ခဲ့ ပါတယ် ။ အလီ က လည်း မော်ရင်ဟို ရဲ့ ယုံကြည်မှု ကို ဆက်လက် ရရှိဖို့ အစွမ်းကုန် အားထုတ် ကစားသွားခဲ့ ပါတယ် ။ နောက်ပွဲ တွေ မှာလည်း အလီ က မော်ရင်ဟို ရဲ့ ကွင်းလယ် တိုက်စစ် သမား အဖြစ် ရှိနေ ဦးမှာပါ ။

မော်ရင်ဟို ဟာ စပါးရဲ့ နောက်တန်း အစွန်လူတွေ ကို တိုက်စစ်မှာ အလွန်အကျွံ လိုက်ပါဖို့ ခွင့်မပြု ခဲ့ ပုံပါပဲ ။ ပိုချက်တီနို လက်ထက် မှာ တိုက်စစ် လိုက်ပါလွန်းတဲ့ စပါး နောက်တန်း အစွန်လူတွေ ဟာ စနေနေ့ ပွဲမှာ တော့ သတိကြီးကြီး ထားပြီး အတက် အဆင်း ပြုလုပ် ခဲ့တာ ကို မြင်တွေ့ ခဲ့ရ ပါတယ် ။ ဒါက တိုက်စစ်ပိုင်း ကို အားလျော့ စေပေမယ့် နောက်တန်း ကို တော့ ပိုမို လုံခြုံစေ ခဲ့တာ ကို ပထမ ပိုင်းက သက်သေ ပြခဲ့ ပါတယ် ။

စပါး ရသွားတဲ့ ၃ ဂိုး စလုံး က ကောင်းမွန်တဲ့ ဂိုးတွေ ပါပဲ ။ ပြန်ပေး ခဲ့ရတဲ့ ဂိုးတွေ ကတော့ နောက်တန်းတွေ ရဲ့ အားနည်းမှု တွေ ပါခဲ့ ပါတယ် ။ ဘန်ဒေဗီး ထွက်သွား အပြီး မှာ စပါး ရဲ့ ခံစစ် နေရာယူပုံ တွေ အားလျော့ လာခဲ့ ပါတယ် ။ နောက်ထပ် ၁၀ မိနစ် လောက်သာ ဆက်ကစား ရရင် သရေ တောင် ကျသွားမယ့် အနေ အထား အထိ စပါးရဲ့ ဒုတိယပိုင်း ကစားပုံ က ရုပ်ပျက် ခဲ့ ပါတယ် ။

အနှစ်ချုပ် ပြောရရင်တော့ ဒီပွဲ မှာ မော်ရင်ဟို ရဲ့ နည်းဗျုဟာ တွေ အပြည့်အဝ မပါခဲ့ ပါဘူး ။ ပွဲ ကစားဖို့ ၂ ရက် အလို မှ အသင်းနဲ့ စတင် ထိတွေ့ ရတာ ကြောင့် ဘယ်သူတွေ ကစားမယ် ၊ ဘယ်လို ကစား မယ် ဆိုတာတွေ လောက်ပဲ ညွှန်ကြား နိုင်ခဲ့ မှာပါ ။ လူစားလဲ တာကတော့ မော်ရင်ဟို ရဲ့ စိတ်ကူး ဖြစ်ခဲ့ပြီး ဒီအတွက် သူ့မှာ တာဝန် အပြည့်အဝ ရှိခဲ့ ပါတယ် ။

နိုင်ပွဲ ရခဲ့တယ် ဆိုပေမယ့် ပွဲချိန် ၂ ခု မှာ စပါးတို့ ပုံစံ တစ်မျိုးစီ ကစား သွားခဲ့ ပါတယ် ။ ဒုတိယ ပိုင်း ကစားပုံ က တော့ တကယ် စိတ်ပျက် စရာ ပါပဲ ။ ၃ – ၁ ဖြစ်နေ ချိန် မှာ ရလဒ် ကို ထိန်းဖို့ မော်ရင်ဟို ကြိုးစားခဲ့ ပေမယ့် သူ ထည့်လိုက်တဲ့ သူတွေ က ပဲ အသင်း ကို ဒုက္ခ ပေးသွား ခဲ့ပါတယ် ။ ဒါကို မော်ရင်ဟို မြင်တွေ့ မှာပါ ။

စပါး ရဲ့ အင်အား ဟာ တောင့်တင်း သယောင် နဲ့ အတွင်းပိုင်း ယိုစိမ့်မှု တွေ ရှိနေတယ် ဆိုတာ ကို ဝက်စ်ဟမ်း နဲ့ ပွဲ မှာ မြင်ခဲ့ရ ပါတယ် ။ တိုက်စစ် ပိုင်း အစု အဖွဲ့ က ကောင်းသလောက် ခံစစ် ပိုင်း ကတော့ အားနည်း နေခဲ့ ပါတယ် ။ ဒါကို ဇန်နဝါရီ မှာ မော်ရင်ဟို ဘယ်လို ဖာထေးမလဲ ဆိုတာ စိတ်ဝင်စား စရာပါ ။

ခံစစ် ဘုရင်လို့ တင်စားခဲ့ရဖူးတဲ့ မော်ရင်ဟို သာ စပါးခံစစ် ကို တောင့်တင်း အောင် လုပ်နိုင်မယ် ဆိုရင် လန်ဒန် က အဖြူရောင် ကလပ် ဟာ အရင်တုန်းက လို စိန်ခေါ်သူ အဖြစ် ကို ပြန်ရောက်လာ ဖို့ အလားအလာ ကောင်းနေ ပါတယ် ။ ဘာပဲ ဖြစ်ဖြစ် ပွဲဦးထွက် အဖွင့် လှ သွားခဲ့တာ က မော်ရင်ဟို အတွက်ရော စပါး ကစား သမားတွေ အတွက် ပါ ဖိအားလျော့စေ ခဲ့မှာပါ ။

SPORTS MYANMAR