ရာသီသစ်မတိုင်မီ လီဗာပူး ပရိတ်သတ်တွေ အတွက် သတင်းစကားပါးလိုက်တဲ့ ဗာဂျယ်ဗန်ဒိုက်

ဗာဂျယ်ဗန်ဒိုက် ဟာ လာမည့် ၂၀၁၉-၂၀ ဘောလုံး ရာသီမှာ လီဗာပူး အသင်း နဲ့ အတူ နောက်ထပ် ဆုဖလားတွေ ထပ်မံ ဆွတ်ခူး နိုင်ဖို့ အတွက် ပစ်မှတ် ထားနေ ပါတယ်။ လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီက ချန်ပီယံလိဂ် ဖိုင်နယ်ကို ထပ်မံ တက်ရောက် နိုင်ခဲ့ပြီး ဇွန်လ ၁ ရက်နေ့က မက်ဒရစ် မှာ ကျင်းပ ခဲ့တဲ့ ဖိုင်နယ်မှာ တော့တင်ဟမ် ကို ၂ – ၀ နဲ့ နိုင်ကာ ကလပ် အသင်းရဲ့ သမိုင်းတစ်လျှောက် ၆ ကြိမ်မြောက် ဥရောပ ချန်ပီယံဆု ကို ရယူ နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ယာဂန်ကလော့ ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ချန်ပီယံ ဆု အတွက် မန်ချက်စတာစီးတီး အသင်းနဲ့ နောက်ဆုံး ပွဲစဉ် အထိ အကြိတ်အနယ် ယှဉ်ပြိုင် ခဲ့ပြီး ပက်ဂွာဒီယိုလာ ရဲ့ အသင်းဟာ ရမှတ် ၁ မှတ် အသာ နဲ့ ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူး ဟာ လာမည့် ၂၀၁၉-၂၀ ဘောလုံး ရာသီမှာလည်း ပရီးမီးယားလိဂ် ဖလား ကို နောက်တစ်ကြိမ် ထပ်မံ စိန်ခေါ် နိုင်ဖို့ ပစ်မှတ် ထားနေပြီး ဗန်ဒိုက် က ပြီးခဲ့တဲ့ ရာသီ ဥရောပ အောင်မြင်မှုဟာ လီဗာပူး ကစားသမားတွေကို အရမ်း ကောင်းတဲ့ အရသာ တစ်ခု ပေးစွမ်း နိုင်ခဲ့တယ်လို့ ဆိုလိုက်ပြီး အခု ဆိုရင် သူတို့ဟာ ဒီလို အရသာမျိုးတွေ ထပ်မံ အလို ရှိနေတယ်လို့ ဆိုလိုက် ပါတယ်။

ဗန်ဒိုက်ဟာ အကောင်းဆုံး ရာသီ တစ်ခု ကို ပိုင်ဆိုင် နိုင်ခဲ့တာကြောင့် PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု အပြင် ၊ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကိုလည်း ရရှိ ခဲ့ပြီး အခု ဆိုရင် လီဗာပူး နဲ့ ချန်ပီယံလိဂ် ဖလား ရရှိ ခဲ့တာကြောင့် ဘလွန်းဒီအော ဆု အတွက်လည်း အထူး ရေပန်းစား နေပါတယ်။

လီဗာပူး ပရိတ်သတ်တွေကို ဗန်ဒိုက် ပေးခဲ့တဲ့ မက်ဆေ့ခ်ျ ကတော့ “ မယုံကြည် နိုင်စရာ ကောင်းလောက်တဲ့ ဘောလုံး ရာသီတစ်ခု ရဲ့ အဆုံးမှာတော့ အခု ဆိုရင် ကျွန်တော်ဟာ ကိုယ့်ကိုကိုယ် ပြန်လည် သုံးသပ်ဖို့ အတွက် ရက်အနည်းငယ် အချိန် ရပါတယ်။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ရာသီက ကြိးမားတဲ့ အောင်မြင်မှုတွေ ရရှိ ခဲ့ပြီး ဒီလို မယုံကြည် နိုင်စရာ ကောင်းတဲ့ ကလပ် ရဲ့ အသင်းသား တစ်ဦး ဖြစ်နေတာ ကတော့ ကျွန်တော့် အတွက် ဂုဏ်ယူ စရာ ပါပဲ။

ဥရောပ ချန်ပီယံ ဖြစ်ခဲ့တာ ကတော့ ကျွန်တော့်ရဲ့ အိမ်မက်တွေ အမှန်တကယ် ဖြစ်လာတာ ပါပဲ။ ကျွန်တော်တို့ အားလုံးဟာ အခုဆိုရင် နောက်ထပ် အောင်မြင်မှုတွေ အတွက် ဆာလောင် နေကြပြီး ဒီလို အောင်မြင်မှုတွေ ရရှိဖို့ အတွက် ကျွန်တော်တို့ အားလုံး အစွမ်းကုန် ကြိုးစား သွားမှာပါ။” လို့ ဆိုလိုက် ပါတယ်။

ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ Nations League ဆီမီးဖိုင်နယ်မှာ အင်္ဂလန် အသင်းကို အနိုင်ရအောင် ကူညီ ပေးခဲ့ပြီး နယ်သာလန် ကို ဖိုင်နယ် ရောက်စေ ခဲ့ပါတယ်။ ရော်နယ်ကိုးမန်း ရဲ့ အသင်းဟာ ဖိုင်နယ်မှာ အိမ်ရှင် ပေါ်တူဂီ အသင်းကို ရှုံးနိမ့်ပြီး ဒုတိယ နေရာနဲ့ ကျေနပ် ခဲ့ရပေမယ့် လီဗာပူး နောက်ခံလူ ကတော့ သူတို့ အသင်းဟာ ဒီထက် အများကြီး လာအုံးမယ့် အရည်အသွေး ရှိနေတယ်လို့ ယုံကြည် ထားပါတယ်။

ဗန်ဒိုက် က “လက်ရွေးစင် အသင်းနဲ့ အနာဂတ် ကိုလည်း ကျွန်တော် စိတ်လှုပ်ရှား နေပါတယ်။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ရာသီက စွမ်းဆောင်မှု တွေကို အခြေခံကာ တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ် အတွင်း ခင်ဗျားတို့ရဲ့ အားပေးမှုကို ကျေးဇူးတင် ပါတယ်။ အားလပ်ရက်ပြီးရင် ခင်ဗျားတို့နဲ့ ပြန်တွေ့ ပါမယ်။ ပြီးရင်တော့ ဖလားတွေ အတွက် အဆင်သင့် ဖြစ်အောင် လုပ်သွားပါမယ်။”

SM