လီဗာပူး ကစားသမား ဘ၀ ပထမဦးဆုံးရာသီကို သုံးသပ်လိုက်ကာ အသင်းဖော်တစ်ဦးရဲ့ အရေးပါပုံကို ချီးကျူးလိုက်တဲ့ ဖာဘင်ညို

ဖာဘင်ညို ဟာ လီဗာပူး ကစားသမား ဘ၀ ပထမ ဦးဆုံး ဘောလုံး ရာသီကို ဥရောပ ချန်ပီယံ အဖြစ် နဲ့ ပျော်ရွှင်စွာ အဆုံးသတ် နိုင်ခဲ့ပြီး ဘရာဇီး လက်ရွေးစင်က အန်ဖီး ကလပ် ရဲ့ ၂၀၁၈-၁၉ ဘောလုံး ရာသီ အောင်မြင်မှုတွေ အတွက် အဓိက အခန်းကဏ္ဍ ကနေ ပါဝင် နိုင်ခဲ့ပါတယ်။

ဖာဘင်ညို ဟာ လီဗာပူး အသင်း ရီးရဲယ်မက်ဒရစ်ကို ရှုံးနိမ့် ခဲ့တဲ့ ချန်ပီယံဖိုင်နယ် ပွဲစဉ် ပြီးနောက် ရက်ပိုင်း အကြာမှာပဲ အန်ဖီး ကို ရောက်လာ ခဲ့တာ ဖြစ်ပေမယ့် ဘရာဇီး ကွင်းလယ်လူဟာ အောက်တိုဘာလကုန် အထိ လီဗာပူး အတွက် တစ်ပွဲသာ ပွဲထွက်ခွင့် ရခဲ့ကာ အဆိုပါ ပွဲဟာ လိဂ်ဖလား တတိယအဆင့် ပွဲစဉ် မှာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီနောက်ပိုင်း တစ်ဖြည်းဖြည်း ပွဲကစားခွင့်တွေ ရလာ ခဲ့တဲ့ ဖာဘင်ညို ဟာ လီဗာပူး အသင်း မက်ဒရစ်မှာ တော့တင်ဟမ် ကို ၂ – ၀ နဲ့ နိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ဖိုင်နယ်မှာ ပွဲထွက် ကစားခွင့် ရခဲ့တဲ့ အပြင် ပရီးမီးယားလိဂ် သမိုင်းမှာ တတိယမြောက် ရမှတ် အများဆုံး အသင်း အဖြစ် မှတ်တမ်း ၀င်ခဲ့တဲ့ လီဗာပူး အတွက် ကြီးမားတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ပေး ခဲ့ပါတယ်။

ဖာဘင်ညို က “ခြုံပြီး ပြောရမယ် ဆိုရင် လီဗာပူး မှာ ကျွန်တော့်ရဲ့ ပထမဦးဆုံး ရာသီဟာ ကောင်းမွန် ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ပထမဦးဆုံး ရာသီမှာ လေ့လာသင်ယူမှုတွေ ၊ အထိုင်ကျအောင် လုပ်ရမယ့် ကာလတွေ ရှိလာမယ် ဆိုတာ ကျွန်တော် သိထားခဲ့ ပြီးသားပါ။ ကျွန်တော် ဒါတွေကို ကျော်ဖြတ် နိုင်ခဲ့ပါတယ်။

သိပ်ပြီးတော့ အချိန်မကြာ ခဲ့ပါဘူး။ ဒါပေမယ့် အစပိုင်း တုန်းက မလွယ်ကူ ခဲ့ဘူး ဆိုတာ ကျွန်တော် မှတ်မိ နေပါသေးတယ်။ ကျွန်တော် ဟာ အသင်းရဲ့ လူစာရင်း ကနေ ပွဲစဉ် အနည်းငယ် ချန်လှပ် ခံခဲ့ ရပါတယ်။ ကျွန်တော့်ကို ကျွန်တော် အလုပ်ကြိုးစားဖို့ လိုအပ်တယ် စိတ်ရှည်ဖို့ လိုအပ်တယ်လို့ ပြောဖြစ် ခဲ့ပေမယ့် အသင်းရဲ့ လူစာရင်း ကနေ ချန်လှပ် ထားခြင်း ခံရတာ ကတော့ မလွယ်ကူ ခဲ့ပါဘူး။ ဒါပေမယ့် ဒါဟာ အခု ဆိုရင် အတိတ် ဖြစ်သွားခဲ့ ပါပြီ။ ကျွန်တော်ဟာ ပိုမို ပွဲကစားခွင့် ရလာခဲ့ ပါတယ်။

ကစားခွင့် ပိုမို ရလေလေ ၊ ဘောလုံး ကစားရတာ ပျော်လေလေ ပါပဲ။ ကျွန်တော်ဟာ အသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်လာခဲ့ပြီလို့ ထင်ပါတယ်။ ကျွန်တော်ဟာ မန်နေဂျာ အတွက် အားထားရတဲ့ ရွေးချယ်မှု ကို ပေးစွမ်း ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော့် အတွက် အရမ်းကို ကောင်းတဲ့ ရာသီတစ်ခု လို့ ထင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဖာဘင်ညို ကို ဘရာဇီး အသင်းဖော်တွေ ဖြစ်ကြတဲ့ အလီဆွန် ၊ ဖာမီနို တို့က မာဆေးဆိုက်မှာ အထိုင်ကျအောင် ကူညီပေး ခဲ့တဲ့ အပြင် ဆာဒီယိုမာနေး ကလည်း ကောင်းစွာ အကူအညီ ပေးခဲ့ပါတယ်။ ဒီကစားသမား နှစ်ဦးဟာ ပြင်သစ်ဘာသာစကားနဲ့ ဆက်သွယ် ပြောဆို ခဲ့ပြီး ကွင်းတွင်း ကွင်းပြင် နားလည်မှု အားကောင်း လာခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ မန်ယူနိုက်တက် နဲ့ ပွဲမှာ ဖာဘင်ညိုဟာ မာနေး ကို လှလှပပ ဂိုးဖန်တီး ပေးခဲ့တာက သက်သေ ပါပဲ။

ဖာဘင်ညို က “ဆာဒီယို မာနေး ဟာ တကယ့်ကို ထူးချွန်တဲ့ ကစားသမားပါ။ သူဟာ မမောမပန်း ကစား နိုင်ပြီး အမြင့်ဆုံး အားထုတ်မှု ၊ အားရုံစူးစိုက်မှု တွေနဲ့ ပွဲတိုင်းပွဲတိုင်း ကစားနိုင်ပါတယ်။ သူ့ရဲ့ နည်းစနစ်ပိုင်း အရည်အသွေး ပြောနေစရာတောင် မလိုပါဘူ။ သူဟာ အမြဲတမ်း ကျွန်တော်တို့ အတွက် ခြားနားမှုကို ဖြစ်စေသူပါ။

သူဟာ ပြီးပြည့်စုံတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး သူဟာ အသင်းဖော် တစ်ဦးကို အဝေးဘောပဲ ဖြစ်ဖြစ် အနီးဘောပဲ ဖြစ်ဖြစ် ပေးနိုင်အောင် လုပ်ပေး ပါတယ်။ သူဟာ အကောင်းဆုံး ပုံစံ ရနေတဲ့ ကြီးကြယ်တဲ့ ကစားသမား တစ်ဦးပါ။ ဒါဟာ သူ့ရဲ့ ယုံကြည်မှု အတွက် တကယ် အရေး ပါပါတယ်။

ကွင်းပြင်ပမှာ ဆိုရင် သူနဲ့ ကျွန်တော် ပြင်သစ် ဘာသာ နဲ့ ဆက်သွယ် ပြောဆိုပါတယ်။ ကျွန်တော့်ရဲ့ ပြင်သစ် စကား ကျွမ်းကျင်မှုဟာ အင်္ဂလိပ်ထက်တော့ ပိုကောင်းပါတယ်။ သူဟာ အရမ်း ကောင်းတဲ့ လူပါ။ ဆာဒီယို ဟာ ဒီရာသီ ကျွန်တော်တို့ အတွက် တကယ် အရေးပါတဲ့သူ ဖြစ်ခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။