ရော်နယ်ဒိုရဲ့Freekick ဂိုးကိုဝင်လုသလိုဖြစ်ခဲ့တဲ့အပေါ်ဖြေရှင်းလိုက်တဲ့ #အာရွန်ရမ်ဆေး

ယနေ့ နံနက် အစောပိုင်းမှာ ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု အဆင့် ပွဲစဉ်မှာ ဂျူဗီအသင်းက လိုကိုမိုတစ် အသင်းကို ၁-၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။မော်စကိုမြို့မှာကစားသွားခဲ့တဲ့ဒီပွဲမှာ ဧည့်သည်ဂျူဗီတို့ ပွဲစပြီးမကြာခင်ကတည်းက ဦးဆောင်ဂိုးရခဲ့တာဖြစ်ပေမယ့် လိုကိုမိုတစ်အသင်းရဲ့ချေပဂိုးကြောင့် ပွဲပြီးတဲ့အထိ ရုန်းကန်ခဲ့ရသေးတာဖြစ်ပါတယ်။ပွဲချိန် ၄ မိနစ် မှာ ဂျူဗီ အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒို ရဲ့ အလွတ်တည်ကန်ဘော ကန်ချက်ဟာ ကောင်းမွန်ခဲ့ပြီး ဂိုးထဲရောက်လုအနေအထားမှာရမ်ဆေးက ပြေးဝင်ပိတ်သွင်းပေးခဲ့လိုဦးဆောင်ဂိုးရခဲ့တာဖြစ်ပါတယ်။ပွဲချိန်၁၂မိနစ်မှာ မီရန်ချက်က ချေပခဲ့ပေမယ့်နာကျင်အချိန်ပိုမှာဒေါက်ဂလက်စ် ကော်စတာက ဂျူဗီအသင်းအတွက်အဖိုးတန်အနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဂျူဗီ အသင်းရဲ့ ပထမဂိုးမှာရော်နယ်ဒိုရဲ့ ကန်ချက်ကို လိုကိုမိုတစ်ဂိုးသမားတားဆီးခဲ့ပေမယ့် ဂိုးထဲဝင်တော့မယ့်အနေအထားမျိုးမှာ ရမ်ဆေးက ပြေးဝင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုအနေနဲ့ သူ့ရဲ့ သွင်း ဂိုးအဖြစ်အောင်ပွဲခံဖို့ ပြင်ဆင်နေခဲ့ပြီးမှ စိတ်ပျက်စရာဖြစ်သွားခဲ့တာလည်းဖြစ်ပါတယ်။ချန်ပီယံလိဂ် လူသားလို့သတ်မှတ်နိုင်တဲ့ ဒီပေါ်တူဂီသားအတွက် အခုသွင်းဂိုးဟာ
နောက်ထပ် သမိုင်းဝင် ဂိုးတဂိုးလည်းဖြစ်ဖို့ ရှိခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုဟာချန်ပီယံလိဂ်မှာမတူညီတဲ့ပြိုင်ဘက် ၃၃ သင်းကိုဂိုးသွင်းယူထားနိုင်ခဲ့ပြီး မက်ဆီ၊ ရာအူးလ်တို့နဲ့အတူ အများဆုံးအဖြစ်ပူးတွဲ ရပ်တည်နေတာဖြစ်ပါတယ်။

အခုပွဲမှာသာ ဂိုးရခဲ့ပါက ၃၄ သင်းမြောက် ပြိုင်ဘက်ကို ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာဖို့ရှိနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့နွေမှာ အာဆင်နယ်အသင်းကနေ ဂျူဗီကိုပြောင်းလာခဲ့တဲ့ ရမ်ဆေးကတော့ ရော်နယ်ဒိုရဲ့ စံချိန်တခုကို ပိတ်ပင်တားဆီးသလိုဖြစ်သွားခဲ့လို့ စိတ်မကောင်းဖြစ်ပြီး တောင်းပန်စကားဆိုခဲ့ပါတယ်။ပွဲအပြီး သတင်းထောက်တွေနဲ့ အင်တာဗျူးမှာ ရမ်ဆေးက – ” ဒီသွင်းဂိုးမှာ သူတို့ဂိုးသမားက ကျွန်တော်နဲ့ နီးနီးလေးမှာရှိနေတာဖြစ်ပြီး ဘောလုံးကိုဒိုင်ဗင်ထိုးပြီး ကာကွယ်သွားနိုင်တယ်လို့ကျွန်တော်ယူဆခဲ့ပါတယ်။ဂိုးစည်းပေါ်မှာ
ရှိနေတဲ့ ဘောလုံးကိုကျွန်တော်က ဂိုးထဲကို ကျိန်းသေဝင်အောင် လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ပါတယ်။ဒီအတွက် ရော်နယ်ဒိုကိုလည်း တောင်းပန်စကားပြောခဲ့ပြီးပါပြီ ” လို့ပြောသွားခဲ့ပါတယ်။

နည်းပြကြီး ဆာရီရဲ့ ဂျူဗီ အသင်းဟာ ဒီပွဲအနိုင်ကြောင့် ၄ပွဲကစားအပြီးမှာ ရမှတ် ၁၀ မှတ်နဲ့အတူ အုပ်စုပထမနေရာကနေဆက်လက်ဦးဆောင်သွားခဲ့ပါတယ်။အုပ်စုတတိယနေရာနဲ့လည်းရမှတ်အထိကွာဟသွားပြီဖြစ်လို့၂ပွဲအလိုမှာပဲ နောက်တဆင့်ကိုတက်လှမ်းနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ခဲ့တဲ့ အပေါ် ရမ်ဆေးက – ” အုပ်စုထိပ်ဆုံးနေရာကနေတက်ရောက်ဖို့လုပ်စရာတွေတော့ကျန်ပါသေးတယ်။ဒါပေမယ့် နောက်တဆင့်တက်ရေး ပစ်မှတ်ကို ယနေ့ညမှာစွမ်းဆောင်သွားနိုင်ခဲ့ပါတယ်။ကိုယ်လုပ်ဆောင်ထားနိုင်ခဲ့တဲ့ အရာအတွက်လည်း ကျွန်တော်တို့ ပျော်ရွှင်ကျေနပ်နေပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

ဂျူဗီ အသင်းဟာ နောက်ထပ် အုပ်စုတွင်း ပွဲစဉ်တွေအဖြစ်တော့ နိုဝင်ဘာ ၂၆ရက်နေ့မှာအေတီကို အသင်း၊ ဒီဇင်ဘာ ၁၁ ရက်နေ့ မှာလေဗာကူဆင် အသင်းတို့နဲ့ ဆက်ပြီးကစားသွားရရဦးမှာဖြစ်ပါတယ်။လက်ရှိအုပ်စုဒုတိယနေရာကအေတီကိုအသင်းကတော့၄ပွဲအပြီး ရမှတ်ရရှိထားပါတယ်။ဂျူဗီ တို့ဟာပြည်တွင်းမှာ တကောင်းတည်းပြေးနေတာ ကြာခဲ့ပြီဖြစ်ပြီး စီးရီးအေချန်ပီယံဆုကို စံချိန်တင် ဆက်တိုက်ရယူထားတဲ့အသင်းလည်းဖြစ်ပါတယ်။ဒါပေမယ့် ဒေသတွင်း အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ၁၉၉၆ နောက်ပိုင်းကတတည်းက ဆုဖလားအောင်မြင်မှုနဲ့ဝေးကွာနေတာဖြစ်ပါတယ်။

SM