လက်စတာ နဲ့ ကစားရမယ့် အသင်းဟောင်း အာဆင်နယ် အသင်းအတွက် စိုးရိမ်မိကြောင်း ဖွင့်ဟလာတဲ့ ချာလီ နီကိုလပ်စ်

ဂန်းနားတို့ရဲ့ တိုက်စစ်မှူးဟောင်း ချာလီ နီကိုလပ်စ် ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဥ် (၁၂) မှာ ပုံစံကောင်း ပြသနေတဲ့ လက်စတာ စီးတီး အသင်းနဲ့ ယှဉ်ပြိုင် ကစားရမယ့် အသင်းဟောင်း အာဆင်နယ် အသင်းအတွက် စိုးရိမ်မိကြောင်း ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု ပွဲစဉ်မှာ ပေါ်တူဂီ ကလပ် ဗီတိုးရီးယား ဂွီမာရေစ့် အသင်း နဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျ သွားခဲ့ပြီး ပြိုင်ပွဲစုံ နောက်ဆုံး လေးပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးမှုနဲ့ ကြုံတွေ့ သွားခဲ့ရပါတယ် ။အာဆင်နယ် အသင်းဟာ လေးပွဲဆက်တိုက် ဦးဆောင်ဂိုး​တွေ ရထားပြီးမှ ချေပဂိုးတွေ ပြန်လည် ခွင့်ပြု လိုက်ရတာလည်း ဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ် သုံးပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံး နေခဲ့ပြီး ထိပ်ဆုံးလေးသင်း နဲ့ အနိမ့်ဆုံး အမှတ် ကွာဟချက် ၆ မှတ် အထိ ရှိနေခဲ့ပါပြီ ။ဒါ့အပြင် အာဆင်နယ် အသင်းဟာ နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၉ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရယူ ထားနိုင်ပါတယ် ။

အာဆင်နယ် အသင်း ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် နိုင်ပွဲ ၄ ပွဲစလုံးဟာ ကျဉ်းမြောင်းတဲ့ ရလဒ် နဲ့သာ ကံကောင်းပြီး အနိုင်ရခဲ့တဲ့ ပွဲတွေဖြစ်ပြီး ပရိသတ်တွေကတော့ အူနိုင်း အမ်မရီ အပေါ် သည်းခံနိုင်စွမ်း ကုန်ဆုံး နေကြပြီး အမြန်ဆုံး ထုတ်ပယ်ဖို့ ဆန္ဒ ရှိနေကြပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီတစ်ပတ်မှာတော့ အဆင့် ၃ နေရာက လက်စတာ စီးတီး အသင်း နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး နီကိုလပ်စ် ကတော့ အခု အချိန်အထိ ပုံစံကောင်း မရသေးတဲ့ အသင်းဟောင်း အတွက် စိုးရိမ်မိကြောင်း Sky Sports မှာ ပြောကြား သွားခဲ့ပါတယ် ။

” တကယ့်ကို စိုးရိမ်စရာ သိပ်ကောင်းတဲ့ အနေအထားကို ရောက်ရှိ နေပါပြီ ၊ စနေနေ့ကျရင် သူတို့ လက်စတာ နဲ့ ယှဉ်ပြိုင် ကစားရပါဦးမယ် ၊ သူတို့ က အာဆင်နယ် ကို သက်သောင့်သက်သာ အနိုင်ယူ သွားမှာပါ ။ ”

” အာဆင်နယ် အသင်း ပရိသတ်တွေ အနေနဲ့လည်း အဝေးကွင်းမှာ အသင်းရဲ့ သာမန် စွမ်းဆောင်ရည်ကိုပဲ ထပ်မံ မြင်တွေ့ရဦးမှာပါ ၊ ကျနော်ကတော့ နည်းပြကို သဘောကျပါတယ် ၊ ဒါပေမယ့် အာဆင်း လက်ထက်ကတည်းက ကျနော် ပြောနေကြ စကား ရှိပါတယ် ၊ ပြောင်းလဲရမယ့် အရာတွေ ရှိတယ်ဆိုတာပါ ။ ”

” အမ်မရီ အနေနဲ့ ပြဿနာတွေကို ကြံ့ကြံ့ခံ ရင်ဆိုင် ဖြေရှင်းဖို့ လိုအပ်ပါတယ် ၊ အာဆင်နယ် အသင်းမှာ ပွဲတစ်ပွဲကို အနိုင်ရအောင် ကစားနိုင်စွမ်း ပျောက်ဆုံး နေတာပါ၊ခံစစ်ပိုင်း အမှားအယွင်းတွေကတော့ ဖြစ်နေတာ ၁၈ လလောက် ရှိပါပြီ ၊ ဒီထက် ပိုမကြာချင်ရင် အခုချက်ချင်း အဖြေရှာရတော့မှာပါ ၊ပရိသတ်တွေကလည်း အခု အခြေအနေကို တော်တော်လေး စိတ်ပျက်နေကြပါပြီ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR