နိုင်ပွဲဆက်နေတဲ့ ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် ပွဲအပေါ် မှတ်ချက်ပေးသွားတဲ့ ဘုန်းမောက် နည်းပြ

အခုအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် ယူနိုက်တက် အသင်းက ဘုန်းမောက် အသင်းကို အဝေးကွင်း မှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေတာဖြစ်ပါတယ်။ဒီနှစ်သင်းဟာ လက်ရှိမှာ ရမှတ်တူအနေအထားနဲ့ အထက်အောက် ရပ်တည်နေကြတဲ့ အသင်းတွေလည်းဖြစ်ပါတယ်။

ဘုန်းမောက် အသင်းဟာ ပရီးမီးယားလိ ်ကို တန်းတက်လာခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာယူနိုက်တက် အသင်းကို အိမ်ကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရထားခဲ့ဖူးပြီး ယမန်နှစ်က ပွဲစဉ် မှာလည်းရတ်ဖို့ဒ်ရဲ့ နာကျင်အချိန်ပို သွင်းဂိုးကြောင့် သာ ကပ်ပြီးအရေးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် Vitality ကွင်းကြီး မှာ ကစားခဲ့တဲ့ ပွဲတိုင်းဟာ အကြိတ်အနယ်ရှိခဲ့ပြီးအခုလာမယ့်ပွဲမှာလည်း ဆိုးလ်ရှားရဲ့ ယူနိုက်တက် အသင်းကို အနိုင်ယူဖို့ ပွဲအစကတည်းက ပရိသတ်တွေရဲ့ အားတဲ့ ကြိုးစားသင့်တယ်လို့ ဘုန်းမောက်နည်းပြ အက်ဒီဟောင်း က ဆိုပါတယ်။

လတ်တလောရလဒ်ပိုင်းတွေအရတော့ ယူနိုက်တက် အသင်းက အပြတ်အသာရနေပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၃ပွဲဆက် အနိုင်ရထားပါတယ်။ဘုန်းမောက်တို့ ကတော့ နောက်ဆုံး ၅ပွဲမှာနိုင်ပွဲပျောက်ထားပြီး ၃ပွဲဆက် ဂိုးမသွင်းထားနိုင်ခဲ့သေးတာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းနဲ့ ပွဲကြို အင်တာဗျူးတခုမှာ အက်ဒီဟောင်းက – ” အိမ်ကွင်းမှာ သူတို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲတိုင်းကို အတော်လေးအကြိတ်အနယ်ဖြစ်အောင်ကျွန်တော်တို့ ကြိုးစားခဲ့ကြပါတယ်။ယမန်နှစ်တုန်းက ပွဲကတော့ တကယ်ကို ခက်ခဲခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ရာသီတုန်းကတော့ သူတို့ကို ဒီနေရာမှာ သမိုင်းဝင် နိုင်ပွဲရခဲ့ပါတယ်။လိုအပ်ချိန်တိုင်းမှာ အဲ့ဒီပွဲက ကျွန်တော်တို့ ကို ယုံကြည်မှုတွေ ဖြစ်စေခဲ့ပါတယ်။အိုးထရက်ဖို့ဒ်မှာ ကျွန်တော်တို့ ခက်ခဲတဲ့ ပွဲအချို့ ကြုံခဲ့ပါတယ်။

ဒါပေမယ့် လည်း ဒီနေရာမှာ ကစားတဲ့ ပွဲတွေမှာ သူတို့ကို ကောင်းကောင်းရင်ဆိုင်နိုင်ခဲ့ပါတယ်။မနက်ဖြန်ပွဲမှာလည်း ကောင်းမွန်တဲ့ ပွဲစတင်မှုမျိုးလိုတာဖြစ်ပါတယ်။ပရိသတ်တွေရဲ့ အားကိုလည်းလုံးဝလိုအပ်တာဖြစ်ပြီး အဲ့ဒီပွဲကို အရှိန်အဟုန်တင်ပြီး ကစားသွားချင်နေပါပြီ ” လို့ပြောသွားခဲ့ပါတယ်။

ယူနိုက်တက် အသင်းဟာ ရာသီအစပိုင်းမှာ ရလဒ်ဆိုးတွေကြုံထားခဲ့ရမှုကို အလှည့်အပြောင်း လုပ်ဆောင်ထားနိုင်နေခဲ့ပြီး အဝေးကွင်း၃ပွဲဆက် အနိုင်ရထားပါတယ်။အက်ဒီဟောင်းကလည်း ယူနိုက်တက် အသင်းကိုလေ့လာထားပြီး နည်းပြဆိုးလ်ရှားကို ချီးကျူးစကားဆိုခဲ့ပါတယ်။

အက်ဒီဟောင်းက ဆက်လက်ပြီး – ” သူတို့ရဲ့ နောက်ဆုံးပွဲတွေကို ကျွန်တော်အသေးစိတ် လေ့လာကြည့်ရှုခဲ့ပြီး သူတို့ ကောင်းကောင်း ကစားနိုင်ခဲ့တယ် လို့ထင်ပါတယ်။ချဲဆီးလ်နဲ့ ပွဲက ခြေစွမ်းကတော့ အတော်လေးကို ကောင်းပါတယ်။

သူတို့ အသင်းရဲ့ တိုက်စစ်နဲ့ ခံစစ် တည်ဆောက်ပုံတွေကို သူတို့ကိုယ်တိုင်လည်း ကျေနပ် နေပါလိမ့်မယ်။နော့ဝှစ်ချ် ကို အဝေးကွင်းမှာ သွားကစားရတာကလည်း မလွယ်ပါဘူး။ဒါပေမယ့်ယူနိုက်တက် အသင်းက ပရော်ဖက်ရှင်နယ်ဆန်ဆန် ကောင်းကောင်းလုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။

ယူနိုက်တက် အသင်းမှာ အပေါင်းလက္ခဏာ ဆန်တာတွေ အများကြီးတွေ့ထားရပါတယ်။သူတို့မှာ အရည်အသွေးမြင့် ကစားသမားတွေရှိသလိုအတော်လေး ကောင်းတဲ့ တည်ငြိမ်မှု မျိုးဖြစ်စေတဲ့ နည်းပြကြီးလည်းရှိပါတယ်။သူဟာအနာဂတ်မှာ ယူနိုက်တက် အသင်းသစ်ဖြစ်ဖို့ တညိဆောက်နေတာဖြစ်ပါတယ်။

ဖိအားတွေအောက် မှာ သူလုပ်ဆောင်ရတာ ဘယ်လောက် ခက်ခဲတယ်ဆိုတာကိုကျွန်တော် တွေးမိပါတယ်။ဒါပေမယ့် သူ ဟာ သူ့ကိုယ်သူ ကောင်းကောင်း ထိန်းသိမ်းနိုင်ခဲ့ပြီး အနေအထားကောင်း တရပ် အထိ လုပ်ဆောင်နိုင်ခဲ့တယ် လို့ ကျွန်တော်ယူဆပါတယ်။

အရိုးသားဆုံး ဝန်ခံရရင်တော့ သူတို့ အသင်းရဲ့ အကြောင်းကို ကျွန်တော် အများကြီး မတွေးထားပါဘူး။ လာမယ့် ပွဲအတွက် ကျွန်တော့်အသင်းက ကောင်းကောင်းပြင်ဆင်မှုပြုလုပ်ထားပြီးပြီဆိုတာကျိန်းသေဖို့ပဲလိုတာဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။