အသင်းခေါင်းဆောင် ရှာကာ ဘက်က အသင်းဖော်တွေ အားလုံး ဘာကြောင့် ရပ်တည် ပေးနေကြတာလဲ ဆိုတာ ရှင်းပြလိုက်တဲ့ မာတီနက်ဇ်

ဂန်းနားတို့ရဲ့ ဒုတိယ ဂိုးသမား မာတီနက်ဇ် က ခရစ္စတယ် ပဲလေစ့် အသင်း နဲ့ ပွဲမှာ ပရိသတ်တွေနဲ့ အချင်းများခဲ့တာကြောင့် စိတ်ထိခိုက်နေတဲ့ ကပ္ပတိန် ရှာကာ ဘက်က အသင်းဖော်တွေ အားလုံးဟာ အပြည့်အဝ ရပ်တည်ပေးနေ ကြကြောင်း ပြောကြား လိုက်ပါတယ် ။

တနင်္ဂနွေနေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေစ့် အသင်း နဲ့ ပွဲမှာ ရှာကာ ဟာ သူ့ကို လှောင်ပြောင် အော်ဟစ်နေကြတဲ့ ပရိသတ်တွေကို နားရွက်နား လက်ကပ်ကာ အရွဲ့ တိုက်ခဲ့သလို အသင်း ခေါင်းဆောင် လက်ပတ်ကော အာဆင်နယ် အကျီ င်္ကိုပါ ချွတ်ကာ အဝတ်လဲခန်းအတွင်းသို့ တန်းဝင် သွားခဲ့ပါတယ် ။ဒါ့အပြင် ရှာကာ ဟာ ကွင်းထဲကနေ မထွက်ခွာမှီ ” F**k Off ” ဆိုပြီး နှစ်ကြိမ်တိတိ ပရိသတ်တွေ ဆဲရေး တိုင်းထွာ သွားခဲ့ပါတယ်။

ပွဲပြီးတဲ့ အချိန်မှာ ရှာကာ ဟာ ပရိသတ်တွေ ၊ ဂန္တဝင် ကစားသမားတွေ ရဲ့ ဝေဖန်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်ခဲ့ရပြီး သူ့ရဲ့ အသင်း ခေါင်းဆောင် လက်ပတ်ကို ပြန်လည် ရုတ်သိမ်းဖို့လည်း အပြင်းအထန် တောင်းဆို နေကြပါတယ် ။ဒါကြောင့် အာဆင်နယ် အသင်း စီနီယာ ကစားသမား သုံးဦးဟာ ရှာကာ ရဲ့ အိမ်ကို သွားလည်ပြီး အားပေးနှစ်သိမ့်ခဲ့ကြတယ်လို့ သိရပါတယ် ။

နည်းပြ အမ်မရီ၊ဆမ်လက်ဟီ ၊ အီဒူး တို့ဟာ ရှာကာ ကို ပရိသတ်တွေထံ လူသိရှင်ကြား ပြန်လည် တောင်းပန်ဖို့ ပြောကြား ခဲ့ပေမယ့် ကာယကံရှင်ဖြစ်တဲ့ ရှာကာ ကတော့ ငြင်းဆန်ပြီး အသင်းက ပေးတဲ့ ပြစ်ဒဏ်ကိုသာ ခံယူမယ်လို့ သိရပါတယ် ။ ရှာကာ ဟာ မနေ့ညက လီဗာပူး နဲ့ ပွဲမှာလည်း ပါဝင် ကစားခဲ့ခြင်း မရှိပါဘူး ။

မာတီနက်ဇ် ကတော့ ကပ္ပတိန် ရှာကာ အတွက် လီဗာပူး အသင်းကို အနိုင် ကစားဖို့ အားလုံး တက်ညီလက်ညီ ကြိုးစားခဲ့ကြကြောင်း နဲ့ အသင်းသားအားလုံးဟာ ရှာကာဘက်က ​ရပ်တည် ပေးနေကြကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

” သူ(ရှာကာ) က ကျနော်တို့ အတွက် ခေါင်းဆောင်ကောင်း တစ်ယောက်ပါ ၊ ကျနော်တို့အားလုံး သူ့ကို အားပေး နှစ်သိမ့်နေကြပါတယ် ၊ လီဗာပူး နဲ့ ပွဲကို သူ့အတွက်ကော အာဆင်နယ် အတွက်ကော အနိုင်ရအောင် ကစားချင် ခဲ့တာပါ ၊ သူ အတော်လေး ယူကျုံးမရ ဖြစ်နေတာပါ ။ သူက မိသားစုကော အသင်းကောကို တော်တော် ချစ်ခင် တွယ်တာသူပါဗျာ ။ ”

” သူ့လိုမျိုး တခြား တစ်ယောက်က ကြုံတွေ့နေရရင်လည်း ကျနော်တို့က အားပေး ကူညီ သွားမှာပါ ၊ ကျနော်တို့ အားလုံးက အတူတကွ စုစုစည်းစည်း ရှိနေရမှာပါ ၊ သူ့ကို အသင်းခေါင်းဆောင် အဖြစ် ဆက်ထားမလား ၊ မထားဘူးလား ဆိုတာကတော့ နည်းပြကြီး ဆုံးဖြတ်မှာပါ ၊ ဒါပေမယ့် ကျနော်တို့ အားလုံး သူ့ကို ဝိုင်းဝန်း ကူညီသွားမှာပါ ။ ”

ခရစ္စတယ်ပဲလေစ့် နဲ့ ပွဲမှာ အရန်ခုံမှာ ရှိနေခဲ့တဲ့ မာတီနက်ဇ် က ရှာကာ နဲ့ ပရိသတ်တွေကြားက ပဋိယက္ခကို မြင်တွေ့ရတဲ့ အချိန်မှာ ” တကယ့်ကို တုန်လှုပ်သွားခဲ့တာပါ ၊ရှာကာ အသင်းအပေါ် ဘယ်လောက်အထိ ဂရုစိုက် အလေးထားသလဲ ဆိုတာ ကျနော်တို့ အားလုံး အသိပါ ၊အားလုံးလည်း စိတ်မကောင်း ဖြစ်ခဲ့ရပါတယ် ။ ”

” ၂-၂ ဖြစ်နေတဲ့ အချိန်မှာ ပရိသတ်တွေ အားလုံးက မချိတင်ကဲ ဖြစ်နေခဲ့ကြတာပါ ၊ သူ့ကို နောက်တစ်ခါ လူစားလဲတဲ့ အခါကျရင် ဒီအကြောင်းကို ပြန်မတွေးဘဲ သူ ခပ်မြန်မြန် ထွက်ပါလိမ့်မယ် ၊ကျနော်တို့ အားလုံး သူ့ကို အားပေးပြီး ဒီအခက်အခဲ ကို ကျော်လွှား ရမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR