အသက် ၂၀ အရွယ် ကစားသမား တစ်ဦးလို ယခုထိ မက်ဆီ စွမ်းဆောင်ပြနေနိုင် သေးတဲ့ လျို့ဝှက်ချက် တစ်ခုကို ပြောပြလိုက်တဲ့ ဂွာဒီယိုလာ

ဘာစီလိုနာ နည်းပြဟောင်း ပက်ဂွာဒီယိုလာ က လီယွန်နယ်မက်ဆီ ရဲ့ ပွဲစဥ်တွေ အတွင်း တိုက်စစ်ပိုင်း အတွက်ပဲ အဓိက အားထုတ် ကစားခြင်းဟာ အာဂျင်တီးနား စတားရဲ့ လူငယ်ကြယ်ပွင့် ကစားသမား ဘဝ စွမ်းဆောင်ရည်မျိုး တွေကို ဆက်လက် ထိန်းသိမ်း နိုင်ဖို့အတွက် အကူအညီ ဖြစ်စေ ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ ဘာစီလိုနာ စတားဟာ မနေ့ညက ဗယ်လာဒိုးလစ် အသင်းကို ၅ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိ ခဲ့တဲ့ ပွဲမှာ အသင်းအတွက် ၂ ဂိုးသွင်းကာ ၂ ဂိုး ဖန်တီး ပေးနိုင်ခဲ့ပြီး ကတ်တလန် ကလပ်ကို လာလီဂါ အမှတ်ပေးဇယားရဲ့ ထိပ်ကို ပြန်ရောက် စေခဲ့ပါတယ်။

မက်ဆီဟာ ဒီရာသီ ကုန်ချိန်မှာ အသက် ၃၃ နှစ်အရွယ် ပြည့်မြောက်မှာ ဖြစ်ပြီး ကစားသမား ဘဝ နှောင်းပိုင်းကို ရောက်လာပြီ ဖြစ်ကာ အနားယူတော့မယ် ဆိုတဲ့ အကြောင်းတွေ ကလည်း လူပြောများ လာခဲ့ပါတယ်။ ဂွာဒီယိုလာ ကတော့ မက်ဆီရဲ့ လက်ရှိ ကစားဟန်ဟာ သူ့ကို အကျိူးများ စေတယ်လို့ ယုံကြည် နေပါတယ်။

ဂွာဒီယိုလာ က “မက်ဆီ အနားယူ သွားတဲ့ တစ်နေ့နေ့မှာ ဘာစီလိုနာ ဟာ ဒါကို ဖြေရှင်း နိုင်ပါလိမ့်မယ် ။ ဘာစီလိုနာ တို့ ပြင်ဆင် သွားဖို့ လိုအပ်တဲ့ အရာကတော့ ယိုဟန်ခရိုက် နဲ့ ကူဘာလာ တို့ကို ဂုဏ်ပြု ခဲ့သလိုပဲ သူ့အတွက် ရုပ်ထု နေရာ ဖယ်ထား ပေးဖို့ပါ။ သူတို့ ဒီနေရာကို အစားထိုးဖို့ လူ ရှာတွေ့မယ် ဆိုတာ ကျွန်တော် သံသယ မဖြစ်မိပါဘူး။ ကြယ်ပွင့် ကစားသမားတွေ အနေနဲ့ အခြားလူတွေနဲ့ မ​တူ ဒီလိူမျိုး ပြေးလွှားဖို့ လိုပါတယ်။ အကယ်၍ အသင်းက သူ့ဒီလို ကစားတာကို မဖြေရှင်း နိုင်ဘူး ဆိုရင်တော့ သူ့ကို ပြေးလွှား ဆော့ကစား ခိုင်းရမှာပါ။

တစ်ခါတစ်ရံ မှာတော့ ကိုယ့်အနေနဲ့ ‘ငါမင်းကို အသက် ၂၀ အရွယ် ကစားသမား တစ်ဦးလို မီတာ ၄၀ ပြေးလွှားမှုတွေ လုပ်ခိုင်းမှာ မဟုတ်ဘူး ။ ဒါပေမယ့် မပြေးရတဲ့ အကြောင်းရင်းကို ငါ့ကို ပြောပါ’ ဆိုပြီး ပြောမှာပါ။ အကယ်၍ ကစားသမား တစ်ဦးက ပြေးလွှား ဆော့ကစားခြင်း မရှိပေမယ့် ပွဲတိုင်း ၃ဂိုး သွင်းနေမယ် ဆိုရင် ကျွန်တော် ဒီကစားသမား ကို ဝယ်မှာပါ။ ဒါပေမယ့် ဘယ်သူမှ ပွဲတိုင်း ၃ ဂိုး သွင်းနိုင်စွမ်း မရှိပါဘူး ။ မက်ဆီ ကသာ အနီးစပ်ဆုံးလို့ ပြောလို့ ရပါတယ် ။

အခု ဆိုရင် ခင်ဗျား အနေနဲ့ မက်ဆီကို တာတို ပြေးတာလေးတွေပဲ လုပ်ခိုင်းဖို့ လိုပါတယ်။ သူဟာ တစ်ပွဲလုံးမှာ အများကြီး ပြေးလွှား ဆော့ကစား နိုင်စွမ်း မရှိတော့ ပါဘူး။ ဒီလို လုပ်စရာလည်း မလိုပါဘူး ။ အကယ်၍ မက်ဆီသာ ကျွန်တော့်ရဲ့ လက်အောက် ပထမဦးဆုံး ရာသီကလိုသာ ပြေးလွှား ဆော့ကစား နေမယ် ဆိုရင် သူဟာ ၃လ တစ်ခါလောက် ဒဏ်ရာ ရနေမှာပါ။ အသက် ၃၀ နဲ့ ၃၀ အထက် ဂန္တဝင် တွေကို manage လုပ်တာဟာ နည်းပြ တစ်ဦးအတွက် အခက်ခဲဆုံး အရာပါ။” လို့ ဆိုသွားပါတယ်။

မက်ဆီဟာ မနေ့ညက ဗယ်လာဒိုးလစ် နဲ့ပွဲမှာ တိုက်စစ်ပိုင်း မှာသာ တာတိုပြေးလွှား ဆော့ကစား သွားခဲ့ပေမယ့် ပွဲကိုတော့ အဆုံးအဖြတ် ပြေးနိုင်တဲ့ အရည်အသွေးကို ပြသ သွားခဲ့ပါတယ်။ မက်ဆီဟာ ပွဲချိန် ၂၉ မိနစ်မှာ ဗီဒယ်အတွက် ဂိုးဖန်တီးမှု လုပ်ပေး ခဲ့ပြီး ၃၄ မိနစ်မှာ သူ့ကစားသမား ဘဝရဲ့ အကြိမ် ၅၀ မြောက် ဖရီးကစ်ကို ကန်သွင်းယူ ခဲ့ပါတယ်။ ထို့နောက် မက်ဆီဟာ ဒုတိယပိုင်း ၇၅ မိနစ်မှာ အသင်းအတွက် ဒုတိယမြောက် ဂိုးကို သွင်းပေး ခဲ့ပြီး နောက် ၂ မိနစ် အကြာမှာ ဆွာရက် အတွက် ဖန်တီး ပေးခဲ့ပါတယ် ။

ဆက်လက်ပြီး ပက်က “အရမ်းတော်တဲ့ နည်းပြတွေ ရှိခဲ့ပေမယ့် သူတို့ဟာ ဘာဆုမှ မရခဲ့ကြပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့မှာ မက်ဆီ မရှိလို့ပါ ။ ကျွန်တော့် အတွက် ကတော့ မက်ဆီနဲ့ ဇာဗီ ၊ အင်နီယေစတာ ၊ ၊ ဒါနီအဲဗက် ၊ ပီကေတို့ ရှိခဲ့တာ ကံကောင်းပါတယ် ။ ပြီးတော့ သူတို့ရဲ့ အကောင်းဆုံး အသက်အရွယ်ကို ရလိုက်တာ ကလည်း ဒီထက်ပို ပါတယ်။ ခံစစ်ပိုင်း အတွက် လုံးဝ မတွေးဘူး ဆိုတဲ့ ကစားသမား ဆိုတာ မရှိပါဘူး ။ ဒါပေမယ့် ကိုယ့်မှာ ရှိတဲ့ ကစားသမား တွေရဲ့ အရည်အသွေး အပေါ် အံကျအောင် လုပ်ရမှာပါ။

ဘာစီလိုနာ အသင်း အကောင်းဆုံး ကစား နိုင်ခဲ့တဲ့ အချိန်က မိုက်ကယ်လော့ဒရပ်ဟာ false nine အဖြစ် ကစား ခဲ့ပါတယ်။ ပြီးတော့ မက်ဆီ ဖြစ်ပါတယ်။ ကျွန်တော် ဘိုင်ယန်မှာ ဒါကို လုပ်ဖို့ ကြိုးစားခဲ့ ပေမယ့်လည်း ပြိုင်ဘက် ကစားသမား ၃ ဦးကို ကျော်လွှားကာ ဂိုးသွင်း နိုင်တဲ့ ကစားသမား မရှိပါဘူး ။ ကျွန်တော်တို့ အခြား နည်းလမ်းတွေပဲ ရှာဖွေ ခဲ့ရပါတယ်။” လို့ ဆိုသွားပါတယ်။

SM