ဘလွန်းဒီအော်ဆု ကို မက်ဆီပဲ ဆွတ်ခူးလိမ့်မယ်လို့ ပြောဆိုလိုက်တဲ့ ဘာပေ

ပီအက်စ်ဂျီ အသင်းရဲ့ လူငယ်တိုက်စစ်မှုး အမ်ဘာပေ ကတော့ ဒီရာသီ ဘလွန်းဒီအော် ဆုအတွက် ဘာစီလိုနာ အသင်းရဲ့ အသင်းခေါင်းဆောင် မက်ဆီ ကပဲ ဆွတ်ခူး သွားလိမ့်မယ်လို့ မှတ်ချက် ပေးလိုက်ပါတယ်။

သူဟာ ဒီရာသီမှာ မက်ဆီ နဲ့ အပြိုင် ဥရောပ ရွှေဖိနပ်ဆု ကို ရယူဖို့ ပစ်မှတ် ထားနေတဲ့ ဘောလုံး သမား တစ်ယောက် ဖြစ်သော်လဲ ၊ ပြိုင်ဘက် ကစားသမား ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးသွားခဲ့တာတော့ လေးစားစရာ ဖြစ်ပါတယ်။

သတင်းထောက်တွေက ဒီရာသီ ဘလွန်းဒီအောဆု ဘယ်သူ ရမလဲလို့ မေးခဲ့ရမှာတော့ ” မက်ဆီ က ရေပန်းစားနေမှာပါ ။ သူတို့ဟာ ချန်ပီယံလိဂ် ကနေ ထွက်လိုက်ရတယ် ဆိုပေမယ့် ၊ သူ့ရဲ့ စွမ်းဆောင်ရည်တွေကို ပြောင်းလဲ ပစ်လို့ မရပါဘူး။

သူဟာ စံချိန်မှတ်တမ်း များစွာရဲ့ ထိပ်ဆုံးမှာကို ရောက်နေတဲ့ သူလေ။ ဒီနှစ်ထဲမှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို အားလုံးက မြင်တွေ့ခဲ့ ရပြီး ပါပြီ။ ဘလွန်းဒီအော်ဟာ ဒီဇင်ဘာလ ရောက်မှ ပေးတယ် ဆိုပေမယ့် ၊ သူဟာ အဲဒီ အချိန်ထိ လက်ရှိ ခြေစွမ်းမျိုး ထိန်းထား နိုင်မယ် ဆိုတာ လုံးဝကို သံသယ ဖြစ်စရာ မလိုပါဘူး” လို့ ဘာပေ က မှတ်ချက် ပေးသွားခဲ့ ပါတယ်။

မက်ဆီဟာ ဒီရာသီမှာ လာလီဂါ သွင်းဂိုး 36 ဂိုး အထိ သွင်းယူပြီး ၊ သူ့ရဲ့ 6 ကြိမ်မြောက် ပီချီချီ ရွှေဖိနပ်ဆု ကို ဆွတ်ခူးနိုင်ခဲ့သလို ၊ ပြိုင်ပွဲသမိုင်းကြောင်း တစ်လျှောက် အကြိမ်ရေ အများဆုံး ဆွတ်ခူးတဲ့ ဘောလုံး သမားအဖြစ် ရပ်တည် နိုင်ခဲ့ ပါတယ်။

ဒါ့အပြင် အဲဒီ ဂိုးအရေအတွက်နဲ့ပဲ ဥရောပ ရွှေဖိနပ်ဆုကိုပါ ဆွတ်ခူးဖို့ အခြေအနေ ကောင်းနေပြီး ၊ ဒုတိယ နေရာက ဘာပေ က 32 ဂိုး သွင်းယူပေးထားကာ ၊ တစ်ပွဲ ကစားဖို့ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

ဘာပေကတော့ လက်ကျန် ပွဲစဉ်ဟာ ဘာမဆို ဖြစ်သွားနိုင်သေးတာမို့ ၊ သူ့ရဲ့ ရွှေဖိနပ်ဆု မျှော်လင့်ချက်တွေကို အရှုံးပေးမှာ မဟုတ်သေးဘူးလို့ ပြောဆိုသွားခဲ့ ပါတယ်။

ဘာပေ

” ကျနော်လဲ ဒီရာသီ မှာ ပေးအပ်မယ့် ဥရောပ ရွှေဖိနပ်ဆု ကို လိုချင်တာပေါ့ဗျာ။ ဒါကြောင့် ဘာစီလိုနာ ရဲ့ ရာသိ အပိတ် ပွဲစဉ်တောင် စောင့်ကြည့်ခဲ့မိ ပါသေးတယ်။ မက်ဆီ က 2 ဂိုး သွင်းလိုက်တော့ ငါ့ထက် 4 ဂိုး ပိုသွားပြီ ဆိုတဲ့ အတွေးမျိုးတော့ ရှိခဲ့ပေမယ့် ၊ ကောင်းကောင်း အိပ်ပျော်ခဲ့ ပါတယ်။

ပြီးတော့ ကျနော့်မှာ မီးနစ် 90 ကစားခွင့် ရှိနေသေးတာမို့ ၊ မျှော်လင့်ချက် က မကုန်သေးပါဘူး” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။