လီဗာပူး ကလွဲပြီး အခြား ဘယ်အသင်းကိုမှ ကိုင်တွယ်ဖို့ အစီအစဉ် မရှိတော့ဘူးလို့ ဆိုလိုက်တဲ့ #ကလော့ပ် ရဲ့ အင်တာဗျူး

ကလော့ပ်

မေး – ယာဂန်ရေ…….ရှင် နဲ့ ကျမ ပထမဆုံး လုပ်ခဲ့တဲ့ အင်တာဗျူး တုန်းက မိန့်ဇ် မှာ နည်းပြ အဖြစ် ရှိနေတုန်းနော်။ အခုတော့ ဂျာမန် ရဲ့ ဂန္တ၀င် နည်းပြကြီး တစ်ယောက်တောင် ဖြစ်လာပြီ။ ရှင့် အတွက် ဘာတွေများ ပြောင်းလဲ သွားပြီလဲ။

ယာဂန် – ကျနော့် အသက်တွေတော့ အများကြီး ကြီးသွားတာပေါ့ဗျာ……..ဟားး…….ဟားးး ။ လုပ်ငန်း သဘောက လုံးဝ ကို ပြောင်းလဲ သွားပါပြီ။ ကျနော် မိန့်ဇ်မှာတုန်းက နည်းပြ လောကထဲ ၀င်လာခါစပဲ ရှိသေးတယ်လေ။ ဘောလုံး နဲ့ ပတ်သက်ပြီး ကျနော်ပဲ အလုံစုံ တာဝန်ယူနေခဲ့ရတာပါ။ အဲဒီမှာ ရှိတဲ့ အားကစား ဒါရိုတ်တာ တစ်ယောက်နဲ့ အတူတွဲလုပ်ရင်း ၊ ဆုံးဖြတ်ချက်တွေ ချရင်း ၊ တစ်ဖက်မှာလဲ နည်းပြဘ၀ သင်ခန်းစာတွေ သင်ယူရင်း နဲ့ ဖြတ်သန်းခဲ့ ရတာပါ။ ဘယ်သူကမှလဲ မိန့်စ်အကြောင်းကို စိတ်ဝင် တစားနဲ့ စောင့်ကြည့်နေတာမျိုး မရှိတော့ ပြင်ပက ဖိအားတွေတော့ မရှိခဲ့ ဘူးပေါ့။

ကလော့

အခုတော့ တကယ့်ကို မန်နေဂျာကြီး တစ်ယောက် ဖြစ်နေပါပြီ။ အဲဒီ အချိန်တုန်းက တစ်ယောက်ထဲ ရုန်းကန်ပြီး လှုပ်ရှားခဲ့ရပေမယ့် ၊ အခုချိန်မှာ ကျနော့်ရဲ့ လက်ထောက်ပေါင်းက အယောက် 20 လောက်တောင် ရှိလာခဲ့ပြီမို့ ၊ ထိပ်တန်း အသင်း တစ်ခုရဲ့ မန်နေဂျာတစ်ယောက် ပီပီပြင်ပြင် ဖြစ်နေပြီလို့ ပြောရတော့မှာပါ။ သူတို့ဟာ ကျနော့် အတွက်တော့ ဘာတွေ လုပ်ပေးနေလဲ ဆိုတာ သိသလို ၊ ကျနော့် ရဲ့ အကောင်းဆုံးသော် လုပ်ဖော် ကိုင်ဖက်တွေပေါ့ဗျာ။

မေး – ဆိုတော့ မိန့်ဇ် မှာ အသုံးပြုခဲ့တဲ့ ပုံစံတွေ ၊ နည်းစနစ်တွေကို ဒီမှာ ဆက်သုံးနေတုန်းပဲပေါ့။

ယာဂန် – ဟုတ်ပါတယ် …….အဲဒီ ပုံစံတွေပဲ အသုံးပြုတာပါ။ ကျနော်က လူတွေ အကြောင်းကို အရမ်း စိတ်ဝင်စားတဲ့ သူလေ။ ကျနော့် ဘက်ကတော့ ဘာမှ မပြောင်းလဲသွားပေမယ့် ၊ ဘောလုံး သမားတွေ ဘက်က အများကြီး ပြောင်းလဲ သွားခဲ့ ပါပြီ။

ဘောလုံးသမားတွေမှာ Social Media တွေရှိလာတယ် ၊ ပြီးတော့ ၀င်ငွေတွေလဲ ပိုကောင်းလာခဲ့တယ်။ ပိုက်ဆံ ပိုရလာပြီ ဆိုမှတော့ ဖိအားကလဲ ပိုများလာပြီ ဆိုတာ သေချာပါတယ်။ ဒါကြောင့် သူတို့ဟာလဲ နေ့တိုင်း နေ့တိုင်းလိုကို ခြေတစ်လှမ်း အမှားမခံရဲ ပါဘူး။ ဒီကစား သမားဟာ ခြေစွမ်းကောင်းတယ် ဆိုရင် ၊ ပရိသတ်တွေက ကောင်းတယ်ဆိုပြီး ချီးကျူးလိုက်ပါပြီ။ မကောင်းဘူး ဆိုရင်လဲ ပွင့်ပွင့်လင်းလင်း နဲ့ ဝေဖန်ဖို့ ၀န်မလေး ကြတော့ဘူးဗျ။ ဆိုလိုချင်တာက ဖြူရင် ဖြူတယ် ၊ မဲရင် မဲတယ် ဆိုတာပဲ ရှိတာပါ။ ပရိသတ်တွေ အမြင်မှာ အညိုရောင် ဆိုပြီး ၊ ကြားကျကျ တွေးပေးတာမျိုး လုံးဝ မရှိပါဘူး။

ကျနော်ကတော့ ခေါင်းအေးအေး ထားတတ်တဲ့သူ မို့လို့ အဲဒီ အကြောင်းတွေနဲ့ ပတ်သက်ရင် သိပြီး ပြသနာ မရှိပါဘူး။ ဒါပေမယ့် ကွင်းထဲက ကလော့ပ်ရဲ့ ပုံစံလောက်ပဲ မြင်ဖူးကြသူတွေ အများစု ကတော့ ကျနော်ဟာ ခေါင်းအေးအေး ထားတယ်လို့ ပြောလိုက်ရင် တစ်အံ့တသြတွေ ဖြစ်သွားကြမှာ သေချာပါတယ်။

ကလော့ပ်

တကယ့် အပြင်လောမှာ ရှိတဲ့ ကလော့ပ်ဟာ တော်တော်လေးကို တည်ငြိမ်တဲ့ သူပါ။ အခုဆိုရင် မိန့်ဇ် တုန်းကထက်တောင် အတွေ့အကြုံတွေ ပိုများလာခဲ့ ပါပြီ။

ခင်ဗျား နဲ့ ပထမဆုံးတွေ့ခဲ့တုန်းက အဲဒီ အကြောင်းတွေ ပြောဖြစ်ခဲ့သေးလား ဆိုတော့ မမှတ်မိတော့ပေမယ့် ၊ အဲဒီ တုန်းက ကျနော်ဟာ ဖခင်တစ်ယောက် က သားသမီးတွေကို စောင့်ရှောက် လက်တွဲ ခေါ်ယူတဲ့ ပုံစံမျိုးနဲ့ နည်းပြ ဘ၀ သင်ခန်းစာတွေ သင်ယူနေခဲ့တာလေ။ အခုတော့ လီဗာပူး ကစားသမားတွေ အားလုံးဟာ ကျနော့် သားထက်တောင် အသက်ငယ်ကြပါသေးတယ်။ ဒါပေမယ့် ပြသနာ မရှိပါဘူး ၊ ကျနော်က အခုအလုပ်ကို အရမ်ုး နှစ်သက်တဲ့သူပါ။

လက်ရှိ အလုပ်မှာ ဆိုရင် ကမ္ဘာ့အဆင့်မီ ကစားသမား က တစ်ယောက်ပဲ ရှိပါတယ်။ တစ်ခြား ကစားသမားတွေကတော့ ကမ္ဘာ့အဆင့် ထိ ရောက်လာဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ သူတွေ ချည်းပါပဲ၊ ကျနော့် အလုပ်က သူတို့တွေကို အဲဒီ အဆင့်မျိုး ရောက်အောင် ပြုစု ပျိုးထောင်ပေး ရမှာပဲလေ။ ဒါကို သူတို့အားလုံး သိပါတယ်။ ပြောရရင် သူတို့ဟာ ဘောလုံး နဲ့ ပတ်သက်တဲ့ 80% လောက်အထိ နားလည် ထားပြီးပြီ ၊ ကမ္ဘာ့အဆင့်မီ ဘောလုံး သမားဖြစ်ဖို့ 20% လောက်ပဲ လိုတော့တာပါ။ ကျနော့် အလုပ်က အဲဒီ 20% ကို ဖြည့်ဆည်းပေးဖို့ ပါပဲ။

မေး – ယာဂန် ….ရှင်က ရောက်တဲ့ အသင်းတိုင်းမှာ လူငယ် ခြေတက် ကစားသမားလေးတွေကို ရှာခေါ်တယ် ၊ ပြီးရင် မိသားစု တစ်ခု ဖြစ်အောင် တည်ဆောက်ပြတယ်။ ဒါတွေကို ဘယ်လို လုပ်လိုက်တာလဲ။ ဦးနှောက်နဲ့ တွေးပြီး လုပ်လိုက်တာလား ၊ သူ့အလိုလို ကို ပါရမီတွေ ပါနေတာလား။ ပြောပြပါဦး။

ယာဂန် – ဘယ်လို ပြောရမယ်မှန်းတောင် မသိတော့ပါဘူး။ လူတွေကို ကျနော့်ကို အဲဒီလို လုပ်နိုင်တယ် ဆိုတာ ယုံကြည်နေတော့ ပိုပြီးတော့ ရှင်းပြ ရတာ ခက်ပါတယ်။ ပြီးတော့ သူတို့က ဒီလိုလို ဖြစ်ချင်တယ် ၊ ဒါပေမယ့် ငွေတွေ အများကြီးတော့ မသုံးနိုင်ဘူး ဆိုပြီး ပြောတော့ ၊ အိုကေ….ကြိုးစားကြည့်ကြတာပေါ့ဆိုပြီး လုပ်ရတာပေါ့။

ကစားသမား တစ်ယောက်ကို ခေါ်ယူဖို့ စဉ်းစားတော့မယ့် ဆိုရင် သူနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် မှန်သမျှကို ဖြစ်နိုင်သမျှ အများကြီး ရအောင် စုဆောင်းရပါတယ်။ ဘောလုံး အရည်အသွေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ရှာဖွေဖို့က သိပ် မခက်ခဲပေမယ့် ၊ သူ့ရဲ့ ဘ၀ ဖြတ်သန်းပုံအကြောင်း နဲ့ ပြင်ပ လူနေမှု ဘ၀ ပုံစံကို လေ့လာရတာတော့ မလွယ်ကူးပါဘူး။ ကျနော်က အဲဒီ အပိုင်းကို နားလည်အောင် ကြိုးစားတာပါ။

ဒါကြောင့်မို့ ဘောလုံးသမားအသစ် တစ်ယောက် ခေါ်ယူလိုက်တိုင်း ပထမ ဆုံးတွေ့ဆုံမှုမှာတင် သူတို့က တော်တော်လေး အံ့အားသင့်ကြပါတယ် ဘာလို့လဲ ဆိုတော့ ကျနော်က ဘောလုံး အကြောင်းတွေ သိပ်ပြောလေ့ မရှိဘူးလေ။

ကျနော့် အတွက်တော့ သူ့ရဲ့ ဘောလုံးစွမ်းဆောင်ရည် အကြောင်း မသိပဲနဲ့ ဒီလို နေရာမျိုးကို ဘယ်လိုလုပ် ခေါ်ဆောင်လာမှာလဲ ၊ ဟုတ်တယ်မို့လား။

မေး – ဘာအကြောင်းတွေ ပြောကြလဲ။

ယာဂန် – ဘ၀ ဖြတ်သန်းပုံ အကြောင်းတွေပေါ့ဗျာ..။

မေး – နိုင်ငံခြားကို ထွက်ကစားချင်တဲ့ ဘောလုံးသမားတွေ တော်တော်လေး များလာတာ သတိထားမိပါတယ်ရှင့်။ အဲဒီ ကစားသမားတွေ အတွက် ရှင့်ရဲ့ အကြံပြုချက်က ဘာများ ဖြစ်မလဲ။

ယာဂန် – မျက်စိတွေ ၊ နားတွေ ဖွင့်နိုင်သလောက် ဖွင့်ထားပါ ။ ပြီးရင် အဲဒီ နိုင်ငံက ဘာသာစကားကို အမြန်ဆုံး နည်းနဲ့ ဖြစ်အောင် သင်ယူလိုက်ပါ။ ဒါဟာ ကိုယ့်အတွက် အများကြီးကို အကျိုးဖြစ်ထွန်းစေ ပါလိမ့်မယ်။

ကျနော် အင်္ဂလိပ် လူမျိုးတွေကို သဘောကျမိတဲ့ အချက်က ဘာသာစကားနဲ့လဲ ပတ်သက်ပါတယ်။ ခင်ဗျားဟာ ကိုယ်ပြောချင်တဲ့ အကြောင်း အရာ တစ်ခုကို စကားလုံးလေး 3 လုံး လောက်သာ သုံးပြု ပြောလိုက်ပါ။ မှားမှား မှန်မှန် သူတို့က ကိုယ်ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို နားလည်အောင် ကြိုးစားကြည့်ပေးကြတာဗျ။ အော်…..ခင်ဗျားဆိုလိုချင်တာ……ဒီလို ဆိုတာ သဘောပေါက် သွားပြီ ဆိုတဲ့ ပုံစံမျိုးက လူတိုင်းမှာ ရှိပါတယ်။

ပြီးတော့ ဘာသာ စကား ချောမွေ့လာတော့ ပေါင်းသင်း ဆက်ဆံရေးဘက်မှာလဲ အဆင်ပြေလာသလို ၊ အသင်းလိုက် စုစည်း ကစားတဲ့ အချိန်မှာလဲ အများကြီး အထောက်အကူ ပြုတယ်လေ။

မေး – ဟိုဆေး …မော်ရင်ဟို က အင်္ဂလန်ကို ပထမဆုံး အခြေချတော့ သူ့ကိုယ်သူ Special One လို့ ကြေငြာခဲ့တယ်လေ။ ရှင် ကတော့ ကိုယ့်ကိုကိုယ် Normal One ဆိုပြီး ပြောလိုက်တော့ …….ကျမတို့ဖြင့် ဂျာမဏီ ကနေ ရှင့်ရဲ့ အင်တာဗျူးကို စောင့်ကြည့်နေကြတဲ့ သူတွေ အားလုံး ၀ါး…..ခနဲ့တောင် ရယ်လိုက် ကြပါသေးတယ်။ ဘာလို့လဲ ဆိုတော့ ရှင်ဟာ သာမန်လူ တစ်ယောက် မဟုတ်ဘူးဆို ကျမတို့ သိနေတာ ပဲလေ။ ဟုတ်တယ်မလား။

ယာဂန် – ကျနော်က 100% သာမန် လူတစ်ယောက်ပါ။

မေး – ရှင်ဟာ သာမန်လူ တစ်ယောက်တော့ မဟုတ်ဘူးဆိုတာ တခြားသူတွေ အားလုံး သိနေတာပဲလေ။

ယာဂန် – ဒီလိုဗျ…ဘ၀မှာ ကိုယ့်ကိုကိုယ် မကြာခဏ Marketing လုပ်ရတဲ့ အပိုင်းတွေ ရှိပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ နာမည်ကို တစ်ခါတလေ ဈေးကွက်ထဲမှာ ရောက်ရှိသွားဖို့ ကြိုးစားရတာပါပဲ။ ဆိုလိုချင်တဲ့ အဓိပ္ပါယ်က ကိုယ် ရင်ဆိုင်လာရမယ့် အင်တာဗျူးတိုင်း အတွက် ၊ ဘ၀ အခက်အခဲတိုင်းအတွက် အမြဲတမ်း ပြင်နေရတာပဲလေ။ ကျနော်လဲ အဲဒီလိုပြောဖို့ အများကြီး ပြင်ဆင်ခဲ့တာပါ။

ပြီးတော့ ကျနော်သိထားတဲ့ ကိုယ့်ရဲ့ အကြောင်းအရာ တစ်ခုက ကျနော်ဟာ ဘယ်လို မေးခွန်းမျိုးကို မဆို ပြန်လည် တုန့်ပြန်နိုင်တာပါ။ မေးလာတဲ့ မေးခွန်းတိုင်းက ကို ကျနော်က ဒက်…ဒက် နဲ့ ချက်ခြင်း တုန့်ပြန်တတ်တဲ့ သူပါ။ ဆိုတော့ကား ဘ၀မှာ ဘာမဆို အမြဲတမ်း ပြင်ဆင်ထားရတာ ဖြစ်သလို ၊ ဘောလုံးမှာလဲ ပြင်ဆင်မှုတွေ အများကြီး လုပ်ထားရတာပဲလေ။

လီဗာပူး နည်းပြ ဘ၀ ပထမဆုံး လုပ်တဲ့ အင်တာဗျူး မှာတုန်းကတော့ ကျနော့်ရဲ့ စိုးရိမ်စိတ်က English လို ကောင်းကောင်း မပြောတတ်မှာကိုပဲ စိုးရိမ်နေတာပါ။ သိတဲ့အတိုင်းပဲလေ…ကျနော်ဟာ ဂျာမန် တစ်ယောက် ဆိုပေမယ့် ၊ အင်္ဂလိပ်စာကို အရမ်းကြီး ကောင်းမွန်အောင် သင်ပေးလိုက်တဲ့ မျိုးဆက်ထဲက ပေါက်ဖွားလာတဲ့ သူမှ မဟုတ်ပဲ။

အခုနက အကြောင်းအရာကို ပြန်ဆက်ရရင် Normal One လို့ ပြောရတဲ့ အကြောင်းအရင်းက ကိုယ့်ကိုကိုယ် အဲဒီလိုပဲ မြင်မိလို့ ပြောတာပါ။ တစ်ခြား လူတွေ အထင်ကြီးခံလို့ ၊ ထွင်လိုက်တာမျိုး လုံးဝ မဟုတ်ပါဘူး။ တကယ့်ကို Normal One ပါ။

ကလော့ပ်

မေး – ဒါပေမယ့် ရှင့်ဟာ တခြားလူတွေနဲ့ မတူပဲ ထူးခြားနေတာတွေ ရှိနေတယ်လေ။ အဲတော့ နဲနဲလေး Normal ဖြစ်တာလား ၊ အများကြီး Normal ဖြစ်တာလားတော့ ကျမလဲ မပြောတတ်ပါဘူး။ ဒါပေမယ့် ထူးခြားတော့ ငြင်းလို့ မရပါဘူး။

ယာဂန် – အားး….အခြား ထူးခြားတဲ့ အချက်လေးတွေတော့ ကျနော့်မှာ ရှိပါတယ်။ ဥပမာ ပြောရရင် စကားကို ကရားရေလွှတ် အဆက်မပြတ် ပြောနိုင်တာပေါ့။ ပြီးရင် အခြားသူတွေက ကိုယ့်ကို ဘယ်လို သတ်မှတ်ထားကြလဲ ဆိုတာနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ် မရှိတတ်တာပါ။ အဲဒါတော့ မွေးရာပါ ပင်ကိုယ် အရည်အသွေးလို့ ပြောလို့ ရပါတယ်။

ဆိုပါစို့ ….အခု အင်တာဗျူး လုပ်နေတဲ့ အချိန်မှာ ဘေးက ကင်မရာက ကျနော်တို့က ရိုတ်နေတယ်လေ။ အဲဒီ က ထွက်လာတဲ့ မီးနီလေး မြင်ရင် Record လုပ်နေတယ် ဆိုတာ ကျနော် သိပေမယ့် ၊ လုံးဝ ကို စိုးရိမ်စိတ် မရှိတာပါ။ အဲဒါတော့ သူများတွေထက် ထူးခြားတယ် ထင်ပါတယ်။ ပြောရရင် လုံးဝ မရှက်တတ်ဘူးပေါ့ဗျာ။

ဒါဟာ တော်တော်လေးကို ထူးခြားတယ်လို့ ဆိုရမှာပါ။ လူအများစုက လူတွေရှေ့ရောက်ရင် ဖြစ်ဖြစ် ၊ ကင်မရာရှေ့ ရောက်ရင် ဖြစ်ဖြစ် မျက်နှာ ထားတတ်ဖို့တောင် လေ့ကျင့်ယူရတာလေ။ ကျနော်ကတော့ မွေးရာပါ အရည်အချင်းပဲဗျာ။

လွန်ခဲ့တဲ့ နှစ်ပေါင်း 500 လောက်က ဘုရင်ရှေ့မှာ ကပြ အသုံးတော်ခံ လာခဲ့ရတဲ့ ဘ၀ ကနေ ဆင်းသက်လာသလား မသိပါဘူး။

မေး – အခုဆိုရင် ……ရှင်ဟာ ဂျာမဏီ ရဲ့ နာမည်အကြီးဆုံး နဲ့ အတော်ဆုံး နည်းပြ တစ်ယောက်တောင် ဖြစ်နေပါပြီ။ အနာဂတ်မှာရော ဂျာမဏီ လက်ရွေးစင် နည်းပြ ဖြစ်ဖြစ် ၊ အခြား ကလပ် တစ်ခုခုမှာ ဖြစ်ဖြစ် အလုပ်လုပ် နေမယ်လို့ ကိုယ့်ကိုကိုယ် ခန့်မှန်းထားမိလား။

လီဗာပူး

ယာဂန် – နိုးပါ……..လုံးဝ ပါပဲ ။ တကယ်လို့ ကိုယ့်ရဲ့ အနာဂတ် အကြောင်း တွေးမိခဲ့တဲ့ အချိန်ရောက်ရင် ……..ဘောလုံး လောက ကနေပဲ အနားယူ ဖြစ်ပါလိမ့်မယ်။

ကျနော့်ဘ၀ ရဲ့ အစောပိုင်း မှာတုန်းက ပိုက်ဆံလဲ မရှိခဲ့ဘူး ၊ အချိန်လဲ မရှိခဲ့ဘူး။ အဲဒီနောက် ပိုက်ဆံလေး နည်းနည်း ရှိလာတယ် ၊ ဒါပေမယ့် အားလပ်ချိန်က မရှိပြန်ဘူး။ အခုဆိုရင် ပိုက်ဆံတွေ အများကြီး ရှိလာသည့်တိုင်အောင် ၊ အားချိန် မရှိသေးဘူးလေ။

ဆိုလိုချင်တာက ကျနော့်မှာ ကမ္ဘာကြီးက ဘယ်လိုပုံစံတွေ ရှိနေတာပါလား ဆိုတာ သေချာကြည့်ဖို့တောင် အချိန်မရှိသေးဘူးလို့ ပြောချင်တာပါ။ အဲဒီတော့ နည်းပြ လောက ကနေ အနားယူသွားတဲ့ အချိန်ရောက်ရင် ကမ္ဘာကြီးကို ပတ်ပြီး လှည့်ကြည့်ချင်ပါတယ်။

အဲဒီလို ကြည့်မယ်ဆိုရင်တောင် ကလော့ပ်ဆိုတာ လူတော်တော်များများက သိထားတာမို့ ၊ ချက်ခြင်းကြီး လုပ်ဖြစ်မယ် မထင်ပါဘူး ။ ဟိုနေရာသွားလို့ ဓါတ်ပုံရိုတ် ခံလိုက် ၊ လက်မှတ် ထိုးပေးလိုက်နဲ့ ကျနော် အရမ်းပင်ပန်း သွားမှာ ခန့်မှန်း မိနေသလိုပါပဲ။

ဒါကြောင့်မို့ ကလော့ပ်ဆိုတာ လူတွေရဲ့ အတွေးထဲကနေ တစ်ဖြေးဖြေး ပျောက်ကွယ်သွားတဲ့ အချိန်မျိုး ရောက်မှ ကမ္ဘာကြီးကို အားရအောင် လှည့်ပတ်ကြည့်ဦးမှာပါ။

ကျေးဇူးတင်ပါတယ်။

(အင်တာဗျူး ဒုတိယ ပိုင်းကို ဆက်လက် ဖော်ပြပေးသွားပါ့မယ်။)