အီဒင် ဟာဇတ် အသင်း မပြောင်းဖို့ အတတ်နိုင်ဆုံး တားဆီး သွားမယ် လို့ ထုတ်ဖော် ပြောဆို လိုက်တဲ့ #လော့ဖ်တပ်စ်ချိခ်

ဟာဇတ်

ချယ်လ်ဆီး အသင်း ရဲ့ တောင်ပံ ကစားသမား အီဒင် ဟာဇတ် ဟာ ယခုနှစ် ဘောလုံး ရာသီ အကုန် မှာ ရီးရဲလ် မက်ဒရစ် သို့ ပြောင်းရွှေ့တော့မယ် ဆိုတဲ့ သတင်း တွေဟာ လတ်တလောမှာ အဟော့ဆုံး သတင်း တခု လို ဖြစ်နေပါတယ် ။ နာမည်ကြီး သတင်း တချို့ ရဲ့ ဖော်ပြချက် အရ ရီးရဲလ် မက်ဒရစ် အသင်း ဟာ ဟာဇတ် ကို ခေါ်ယူ နိုင်ခဲ့ပြီ ဆိုတဲ့ အကြောင်း ကို လာမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲ အပြီး မှာ ကြေညာမှာ ဖြစ်တယ် လို့ သိရပါတယ် ။

ကြော်ငြာ (ဒေါ်လာ ၁၀၀ အကောင့်ဖွင့်ရင်--Bonus ဒေါ်လာ ၁၀၀ ထပ်ရမည်!!! ပုံကို နိုပ်ပြီး အကာင့်ဖွင့်လိုက်ပါ )

ဟာဇတ် ဟာ ဒီရာသီ မှာ ချယ်လ်ဆီး အသင်း အတွက် ပရီးမီးယားလိဂ် မှာ သွင်းဂိုး ၁၆ဂိုး ၊ ဂိုးဖန်တီးမှု ၁၅ ကြိမ် ရှိခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် ရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားဆု ကိုလည်း ရရှိ ထားခဲ့ပါတယ် ။ ထို့အပြင် ချယ်လ်ဆီး အသင်း ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး တဝက် နီးပါး ဟာ အီဒင် ဟာဇတ် ဆီကနေ ရရှိ ထားတာ ဖြစ်တဲ့ အတွက် ဟာဇတ် ဟာ ချယ်လ်ဆီး အတွက် ဘယ်လောက် ထိ အရေးပါတဲ့ ကစားသမား ဆိုတာ သိသာ စေပါတယ် ။

လောလောဆယ် မှာတော့ ဟာဇတ် နဲ့ ချယ်လ်ဆီး အသင်း ကြား စာချုပ် သက်တမ်း က တနှစ် သာ ကျန်ရှိတော့ပြီး ရီးရဲလ် မက်ဒရစ် ဖက်ကလည်း ဟာဇတ် ကို ခေါ်ယူနိုင်ဖို့ ကြေး တိုးမြှင့် ပေးဖို့ထက် လျှော့ဈေး နဲ့ ရယူ ဖို့သာ ကြံစည် လျက်ရှိ နေပါတယ် ။ ရီးရဲလ် မက်ဒရစ် မှ ချယ်လ်ဆီး သို့ တရာသီ အငှား လာရောက် ကစားတဲ့ ကိုဗာဆစ် ဟာလည်း ယူရိုပါလိဂ် ဗိုလ်လုပွဲ အပြီး မှာ ရီးရဲလ် သို့ ပြန်သွားမှာ ဖြစ်တဲ့ အတွက် ၄င်းတို့ အနေနဲ့ ဟာဇတ် ကို ငွေသား သက်သက် သာ ပေးချေ ရတော့မှာ ဖြစ်ပါတယ် ။

ယခင် က သတင်းတွေ အရတော့ ရီးရဲလ် မက်ဒရစ် နည်းပြသစ် ဇီဒန်း ဟာ ကိုဗာဆစ် ကို အလိုမရှိတော့ တဲ့ အတွက် လာမယ့် ဘောလုံး ရာသီ အပြောင်းအရွှေ့ ဈေးကွက် တင်ထားတဲ့ ကစားသမား အဖြစ် ရှိနေပါတယ် ။ ထို့အပြင် ကိုဗာဆစ် ဟာ ချယ်လ်ဆီး သို့ အငှား လာကစား တဲ့ တနှစ်တာ ကာလ အတွင်းမှာ လည်း ပရိသတ် တွေရဲ့ စိတ်ကြိုက် ကစားပြ နိုင်ခဲ့သူ မဟုတ်တဲ့ အတွက် ချယ်လ်ဆီး မှာ ကျရှုံး ခဲ့တဲ့ ကစားသမား တယောက် လို့ သတ်မှတ်ရင် မမှား နိုင်ပါဘူး ။

ကိုဗာဆစ် အလိုက် ပေးကမ်းလှမ်း လို့ မရတာကြောင့် ရီးရဲလ် မက်ဒရစ် အနေနဲ့ ဟာဇတ် ကို ချယ်လ်ဆီး အသင်း ဖက်က တောင်းဆို တဲ့ ပေါင်သန်း ၁၀၀ ကို လက်ငင်း ပေးချေ ရမှာ ဖြစ်ပြီး ၄င်းတို့ တွန့်ဆုတ် နေပါက အပြောင်းအရွှေ့ ပိုမို ကြန့်ကြာ နိုင်ပါတယ် ။ ဟာဇတ် ကိုယ်တိုင် ကလည်း သူဟာ လွန်ခဲ့တဲ့ ၂ပတ်တုန်း က ၄င်းရဲ့ ဆုံးဖြတ်ချက် ကို ယတိပြတ် ချမှတ် ထားပြီး ဖြစ်ပြီး ချယ်လ်ဆီး အသင်း ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခြင်း ဟာ သူ့ရဲ့ ဆုံးဖြတ်ချက် ကို လုံးဝ မသက်ရောက် နိုင်ကြောင်း ဖွင့်ဟ ပြောဆို ခဲ့ဖူးပါတယ် ။

ချယ်လ်ဆီး အသင်း ပရိသတ် တွေကတော့ ပြီးခဲ့တဲ့ လက်စတာ နဲ့ ပရီးမီးယားလိဂ် ရာသီသိမ်း ပွဲစဉ် မှာ ဟာဇတ် ကို ချယ်လ်ဆီး မှာ ဆက် ကစားဖို့ အတွက် အော်ဟစ် တောင်းဆို ခဲ့ကြပါတယ် ။ ဟာဇတ် ကတော့ ထို ပွဲစဉ် အပြီး မှာ အဝေးကွင်း ထိ လာရောက် အားပေးတဲ့ ချယ်လ်ဆီး ပရိသတ် တွေကို လက်ပြ နှုတ်ဆက် ခဲ့ပြီး ဒါဟာ ၄င်းရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ပွဲစဉ် လို့ လူတိုင်း က ကောက်ချက် ချနေကြပါတယ် ။

ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ် ကတော့ သူ့ရဲ့ ဆန္ဒ ဟာလည်း ချယ်လ်ဆီး ပရိသတ် တွေနဲ့ ထပ်တူ ထပ်မျှ ကျပြီး ဟာဇတ် အသင်း မပြောင်းဖို့ အတွက် တတ်နိုင်သမျှ တားဆီး သွားချင်ကြောင်း Sky Sports နဲ့ အင်တာဗျူး မှာ ထုတ်ဖော် ပြောဆို ခဲ့ပါတယ် ။

ဟာဇတ်

လော့ဖ်တပ်စ်ချိခ် က ” ကျွန်တော် လည်း ပရိသတ် တွေ ဆိုခဲ့ကြတဲ့ ” Eden Hazard , we want you to stay ” ဆိုတဲ့ စကားချပ် ကို အဝတ်လဲခန်း ထဲမှာ သူ့ မျက်နှာ အရှေ့မှာပဲ ကျွန်တော် ဆိုခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း က လူတိုင်း သူကို အသင်း မှာ ဆက်ကစား စေချင်ကြပါတယ် ။ အသင်းဖော် တွေ ၊ ပရိသတ် တွေ ၊ ချယ်လ်ဆီး အသင်း ရဲ့ တာဝန်ရှိသူတွေ ၊ ဝန်ထမ်း တွေ အားလုံး ပါပဲ ။ သူဟာ ပါရမီရှင် ကစားသမား တယောက် ဖြစ်ပြီး ဒီ ကလပ် အတွက် ၇နှစ် အတွင်း မှာ အကျိုးပြုမှု များစွာ ပြုလုပ် ခဲ့သူ လည်း ဖြစ်ပါတယ် ။ ”

” ပြီးခဲ့တဲ့ ၇နှစ် အတွင်း မှာ သူ ကစားခဲ့တာ ၊ သူ လုပ်ပြ ခဲ့တာ မှန်သမျှ လူတိုင်း ရင်သပ်ရှုမောစွာ နဲ့ ကြည့်ရှု ခဲ့ရပြီးပါပြီ ။ အကယ်၍ သူ ချယ်လ်ဆီး ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချခဲ့မယ် ဆိုရင်တောင် ကျွန်တော် တို့ အားလုံး သူ့ရဲ့ ဆုံးဖြတ်ချက် ကို လေးစား ရမှာ ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR