အာဆင်နယ် အသင်းရဲ့ နောက်တန်း ပြဿနာကို ဖြေရှင်းပေး နိုင်မယ့် ကစားသမား တစ်ဦး နာမည်ကို ပြောကြားလိုက်တဲ့ ဝှစ်တာဘန်

ဂန်းနားတို့ရဲ့ ဂန္တဝင် ကစားသမား နီဂယ်လ် ဝှစ်တာဘန် က အာဆင်နယ် အသင်း ရဲ့ နောက်တန်း ပြဿနာ ကို ဖြေရှင်းဖို့ အတွက် ကစားသမားသစ် ထပ်ခေါ်ဖို့ မလိုအပ်ကြောင်း နဲ့ အသင်းမှာ ဖြေရှင်း ပေးနိုင်မယ့် ကစားသမား တစ်ဦး ရှိကြောင်း သုံးသပ် ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းရဲ့ ခံစစ်ပိုင်းဟာ ရာသီကုန်ခါနီးမှာ အတော်လေး ဆိုးရွားခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ငါးပွဲမှာ ပေးဂိုး ၁၁ ဂိုး အထိ ခွင့်ပြု ခဲ့ရကာ ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ လွဲချော် ခဲ့ပါတယ် ။ ဒါကြောင့် နည်းပြ အမ်မရီ ဟာ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းတဲ့ ကစားသမားတွေကို ရောင်းထုတ်ပြီး ကစားသမားသစ်တွေကို ခေါ်ယူဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ် ။

အာဆင်နယ် အသင်းက ထွက်ခွာဖို့ တစ်ပြေးနေသူကတော့ ပရိသတ်တွေရဲ့ ဝေဖန်မှုကို အကြီးအကျယ် ရင်ဆိုင် နေရတဲ့ ဂျာမနီ နောက်ခံလူ မူစတာဖီ ပါ ။ ဒါပေမယ့်လည်း ဝှစ်တာဘန် ကတော့ အာဆင်နယ် အသင်း ရဲ့ နောက်တန်း ပြဿနာ ကို ဖြေရှင်း ပေးနိုင်မယ့် ကစားသမား တစ်ဦး ရှိကြောင်း အခိုင်အမာ ပြောကြား လိုက်ပါတယ် ။

နီဂယ်လ် ဝှစ်တာဘန် က Love Sport Radio အစီအစဉ်မှာ ” ကျနော်ကတော့ အာဆင်နယ် အသင်းမှာ လျင်မြန် သွက်လက်တဲ့ တောင်ပံ တိုက်စစ် ကစားသမား တစ်ဦးကို မြင်ချင်ပါတယ် ။ နောက်ပြီးတော့ ကွင်းလယ် ကစားသမား တစ်ဦးပေါ့ ။ အတော်များများကတော့ နောက်တန်းကို အင်အား ဖြည့်တင်းဖို့ လိုအပ်နေတယ်လို့ ထောက်ပြ ကြပါတယ် ။ ”

” ဒါပေမယ့် နည်းပြ အမ်မရီ အတွက် ရောဘ့်ဟိုးလ်ဒင်း လို ကစားသမား မျိုး ရှိ နေ ပါ တယ် ။ ဟိုးလ်ဒင်း က ဒူးဒဏ်ရာ မ ရ ခင် တုန်း က ခြေစွမ်းကောင်းတွေ ပြ သ ထား နိုင် တဲ့ သူ ပါ ။ သူသာ ဒဏ်ရာကနေ ပြန်ကောင်းလာရင် အရင်ကထက် တည်ငြိမ် ရင့်ကျက် ကောင်းမွန်လာမှာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်သာ မရပါက လာမယ့် နွေရာသီမှာ အပြောင်းအရွှေ့ အသုံး စရိတ် ပေါင် သန်း ၅၀ အောက်သာ ရရှိဖွယ် ရှိနေတယ်လို့ Football London က ဖော်ပြ ထားပါတယ် ။

ဒါ့အပြင် ဘီဘီစီ ရဲ့ သတင်းထောက် ဒေးဗစ် အော်စတိန်း ကလည်း အာဆင်နယ် အသင်းဟာ ယူရိုပါလိဂ် သာ ဝင်ခွင့် ရပါက လာမယ့် နွေရာသီ ကာလမှာ အပြောင်းအရွှေ့ အသုံးစရိတ် ပေါင် သန်း ၄၀ ဝန်းကျင်သာ ရရှိဖွယ် ရှိကြောင်း နဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရင်တော့ ပိုမို များပြားတဲ့ ပမာဏ ကို အသုံးပြုဖွယ် ရှိကြောင်း ပြောကြား ထားပါတယ် ။

အာဆင်နယ် အသင်းဟာ ယခုနှစ် ရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ငါးနေရာမှာသာ ရပ်တည် နိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော် ခဲ့ပါတယ် ။ ဒါပေမယ့် အာဆင်နယ် အသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲ တက်ရောက် ထားနိုင်တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ရှိနေပါသေးတယ် ။

SPORTS MYANMAR