#Breaking_News : အေတီကို ကနေ ထွက်ခွာမယ်လို့ ပြောဆိုလိုက်ပြီ ဖြစ်တဲ့ ဂရစ်ဇ်မန်း

အေတီကို အသင်းရဲ့ ပြင်သစ် တိုက်စစ်မှုး ဖြစ်သူ ဂရစ်ဇ်မန်းကတော့ လာလီဂါ ပွဲစဉ်တွေ မပြီးဆုံးခင် မှာပဲ အသင်းကနေ ထွက်ခွာမယ့် အကြောင်း တရားဝင် အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။

ဂရစ်ဇ်မန်း ထွက်ခွာမယ့် သတင်းတွေဟာ အစောပိုင်းမှာ ကတည်းက ဆက်တိုက် ထွက်ပေါ်နေခဲ့တာ ဖြစ်ပြီး ၊ ဘာစီလိုနာ ပြောင်းရွှေ့မယ့် အကြောင်းကိုလဲ အခိုင်အမာ ဖော်ပြနေခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီကတော့ ဘာစီလိုနာ ရဲ့ အကြိမ်ကြိမ် ချဉ်းကပ်မှုကို ခံခဲ့ရသည့် တိုင်အောင် ၊ အေတီကိုမှာ ဆက်ရှိဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပေမယ့် ၊ ဒီရာသီမှာတော့ ဂရစ်ဇ်မန်း ရဲ့ စိတ်တွေဟာ ပြောင်းလဲ သွားခဲ့ ပါပြီ။

ဂရစ်ဇ်မန်း
Atletico Madrid’s French forward Antoine Griezmann controls the ball during the Spanish league football match Real Betis against Club Atletico de Madrid at the Benito Villamarin stadium in Sevilla on February 3, 2019. (Photo by JORGE GUERRERO / AFP)

လက်ရှိ အနေအထား အရ သူ့ရဲ့ စာချုပ်သိမ်းခွင့် လျော်ကြေးဟာ ယူရို သန်း 200 ရှိနေသော်လဲ ၊ ဇူလိုင် 1 ရက်နေ့ အရောက်မှာတော့ ယူရို သန်း 120 အထိ လျော့ကျ သွားမှာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဂရစ်ဇ်မန်းကို အဲဒီ ပမာဏ အတိုင်းပေးပြီး ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

ဘာစီလိုနာဟာ အသင်းမှာ ခြေစွမ်း မပြ နိုင်ပဲ ဖြစ်နေတဲ့ ကော်တင်ဟို ကို ရောင်းထုတ်တော့မှာ ဖြစ်ပြီး ၊ အဲဒီ က နေ ရရှိလာမယ့် ငွေတွေနဲ့ ဂရစ်ဇ်မန်း ရဲ့ အပြောင်းအရွှေ့ကို ဆက်လက် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

အေတီကို အသင်းက ထုတ်လွှင့်သွားခဲ့တဲ့ Video မှာတော့ ဂရစ်ဇ်မန်း က ” ဥက္ကဌကြီး နဲ့ အသင်းမှာ ရှိတဲ့ ၀န်ထမ်းတွေ အားလုံးကို အသိပေးပြီးပြီမို့ ၊ ပရိသတ်တွေကိုလဲ အသင်းပြောင်းတော့မယ့် အကြောင်း အသိပေးလိုပါတယ်။

အခုလို အသင်းပြောင်းဖို့ ဆုံးဖြတ်ချက် ချလိုက်တာဟာ နောက်ထပ် စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ချင်လို့ပါ။ စိတ်ထဲမှာလဲ အဲဒီလို ခက်ခဲတဲ့ စိန်ခေါ်မှုတွေ လိုအပ်တယ် ထင်ပါတယ်။

ဒီကလပ်မှာ ဖြတ်သန်းခဲ့တဲ့ 5 နှစ် အတွင်း ၊ ကျနော့် ဘောလုံးသမားဘ၀ ပထမဆုံး ဆုဖလားတွေ ကိုလဲ ဆွတ်ခူး နိုင်ခဲ့သလို ၊ အရေးပါတဲ့ အချိန်တွေကိုလဲ ဖြတ်သန်းခွင့် ရရှိခဲ့တာပါ။ အဲဒီ အတွက် အရမ်းကို ကျေနပ်မိသလို ၊ ကွင်းထဲမှာလဲ အစွမ်းကုန် ပေးဆပ်ခဲ့တာပါ။ ပရိသတ်တွေ အားလုံးကို အမြဲတမ်း ကျေးဇူးတင်နေမှာ သေချာပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။