အိုးထရက်ဖို့မှာနောက်ကနေလိုက်ကစားပြီး တမှတ်ရယူနိုင်ခဲ့လို့ အာဆင်နယ်အသင်းဘာကိုပြသရာရောက်ခဲ့သလဲဆိုတာပြောပြလိုက်တဲ့ #ဒေးဗစ်လုဇ်

ယနေ့ နံနက် အစောပိုင်းမှာ ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ယူနိုက်တက် အသင်းနဲ့ အာဆင်နယ် တို့ ၁ဂိုးစီသရေကျခဲ့ပါတယ်။အိုးထရက်ဖို့ဒ်မှာ PL နိုင်ပွဲမရတာ ၁၃နှစ်အထိ ကြာမြင့်နေပြီဖြစ်တဲ့အာဆင်နယ်အသင်း အခုပွဲမှာလည်း သရေတမှတ်ရဖို့ ရုန်းကန်ခဲ့ရသေးတာဖြစ်ပါတယ်။

ဦးဆောင်ဂိုးကိုအိမ်ရှင် ယူနိုက်တက် အသင်းက ရရှိခဲ့တာဖြစ်ပြီး ပထမပိုင်းပြီးခါနီးမှာတွန်မီနေးလ်ကဂိုးဧရိယာထိပ်ကနေ အကောင်းဆုံးကန်ချက်မျိုးနဲ့ ကန်သွင်းခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အတွက်ချေပဂိုးကိုတော့ ဒုတိယပိုင်းပြန်စပြီးမကြာခင်မှာ အူဘာမီယန်က လူကျွံထောင်ခြောက်ကိုကျော်ဖြတ်ပြီး ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

အူဘာမီယန် ဂိုးသွင်းယူလိုက်ချိန်မှာ စည်းကြပ်ဒိုင်က လူကျွံဘောဖြစ်ကြောင်းအလံထောင်ခဲ့လို့ ကွင်းလယ်ဒိုင်က ကနဦးပယ်ဖျက်ခဲ့သေးတာဖြစ်ပါတယ်။ဒါပေမယ့် VAR စနစ်နဲ့ ပြန်ကြည့်အပြီးမှာတော့ သွင်းဂိုးအဖြစ်ပြန်လည်ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။

အစဉ်အလာအားဖြင့် အသာမရခဲ့တဲ့ အိုးထရက်ဖို့ ဒ် လိုနေရာမှာ နောက်ကနေ လိုက်ကစားပြီး ရမှတ် တမှတ်ရ ယူလိုက်နိုင်ခဲ့တာဟာ အာဆင်နယ် အသင်းအတွက် ရင့်ကျက်တဲ့ ပုံစံမျိုးပြသနိုင်ခဲ့တာဖြစ်လို့ အတော်လေးကျေနပ်စရာကောင်းတယ်လို့ ခံစစ်မှူး ဒေးဗစ်လုဇ်က ဆိုပါတယ်။

ပွဲအပြီး အင်တာဗျူး တခုမှာ ဒေးဗစ်လုဇ်က – ” ကိုယ့်ရဲ့ ခြေစွမ်းနဲ့ ကစားပုံအပေါ် ကျွန်တော်တို့အသင်း ကျေနပ်ပျော်ရွှင်ရမှာ ဖြစ်ပါတယ်။အိုးထရက်ဖို့ဒ် မှာပွဲတွေကစားရတယ်ဆိုတာ ဘယ်တုန်းကမှ လွယ်ကူခဲ့တာ မျိုးတော့ မဟုတ်ပါဘူး။

ပထမပိုင်း မပြီးခင်မှာပဲ ပေးဂိုးတဂိုးခွင့်ပြု လိုက်ရတာဖြစ်လို့လည်း ပိုပြီးခက်ခဲသွားခဲ့ပါတယ်။ဒါပေမယ့်လည်း အဲ့ဒီနောက်ပိုင်းမှာတော့ ပွဲက ပရီးမီးယားလိဂ်ရဲ့ ဒါဘီ ပွဲကောင်းတပွဲ အသွင်ဆောင်သွားခဲ့ပါတယ်။ရာသီပြီးဆုံးဖို့ ခရီးရှည်ကြီးဆက်သွားရဦးမှာဖြစ်ပြီး အသင်းကိုတိုးတက်စေဖို့အတွက် အပတ်စဉ်တိုင်းမှာကျွန်တော်တို့ကြိုးစားနေကြပါတယ်။

ဒီပွဲမှာလည်း ကျွန်တော်တို့အနေနဲ့ ရင့်ကျက်မှုနဲ့ ကစားနိုင်ခဲ့တဲ့ ပွဲကြီးပွဲကောင်း တပွဲအဖြစ် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။အိုးထရက်ဖို့ဒ်လို နေရာမှာ ရင့်ကျက်တည့်ငြိမ်မှုနဲ့ ကစားဖို့ဆိုတာမလွယ်ပါဘူး။ဒါပေမယ့်ဒီညမှာကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်လို့ထင်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

အူဘာမီယန်ရဲ့ သွင်းဂိုးမှာ စည်းကြိပ်ဒိုင်က အလံထောင်နေခဲ့တာဖြစ်လို့ ခံစစ်ကစားသမားတွေရဲ့ တုန့်ပြန်မှုကို နှေးကွေးစေခဲ့တယ်လို့ နည်းပြဆိုးလ်ရှားက ပွဲအပြီးမှာထောက်ပြခဲ့ပါတယ်။ဒါပေမယ့် ဒေးဗစ်လုဇ်ကတော့ ဒီဖြစ်ရပ်အပေါ် ကိုယ်ချင်းစာပုံတော့မရပါဘူး။

ဒီသွင်းဂိုးအပေါ် ဒေးဗစ်လုဇ်က – ” အခုချိန်မှာ VAR စနစ် ရှိနေတာဖြစ်လို့ အသားတကျဖြစ်အောင် လုပ်ရမှာဖြစ်ပါတယ်။အဆုံးအစွန်အထိကစားရမှာဖြစ်ပါတယ်။ဒါမျိုးကို လေ့ကျင့်ရေးကွင်း
မှာလည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်လို့ ရနိုင်တာဖြစ်ပါတယ်။

ဒီ ဂိုးလို အခြေနေမျိုးဟာ တကယ်တော့ မလွယ်ပါဘူး ။ ခံစစ်ကစားသမားတွေ ကလည်း စည်းကြပ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကြောင့် တခါတလေ ရပ်တန့်ကောင်း ရပ်တန့်သွားနိုင်ပါတယ်။ဒါပေမယ့် လည်း ဒီစနစ်နဲ့ အံဝင်နိုင်အောင် လုပ်ဆောင်ထားရမှာဖြစ်ပါတယ် ” လို့မှတ်ချက်ပေးသွားခဲ့ပါတယ်။

အဆိုပါ သွင်းဂိုးကြောင့် အူဘာမီယန်ဟာဒီရာသီမှာလိဂ်ပွဲ ၇ပွဲကစား၇ဂိုးသွင်းယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ဂိုးအများဆုံးကစားသမားအဖြစ်တော့ အဂွေရိုက ၈ဂိုးနဲ့ထိပ်ဆုံးမှာရှိနေပြီး အေဘရာဟင် က အူဘာမီယန်နဲ့ အတူ နောက်ကနေ လိုက်နေပါတယ်။