အိုးထရက်ဖိုဒ့် က ယူနိုက်တက်ရဲ့ ခဲရာခဲဆစ် နိုင်ပွဲ ( Match Review )

၃ ပွဲ ဆက် နိုင်ပွဲ ပျောက် အပြီး မှာတော့ အိုလီ ဂန်နာ ဆိုးရှား ရဲ့ မန်ချက် စတာ ယူနိုက်တက် တို့ နိုင်ပွဲ ကို ပြန်ရှာတွေ့ ခဲ့ ပါပြီ ။ ဒါပေမယ့် လွယ်လွယ် ကူကူတော့ မဟုတ်ခဲ့ ပါဘူး ။ ဒီ နိုင်ပွဲ မှာ တိုက်စစ်ပိုင်း ထက် ခံစစ် ပိုင်း က ပိုမို အဓိက ကျခဲ့ ပြီး လူငယ် ကစား သမား အချို့ ဆီ ကလည်း ကောင်းမွန်တဲ့ အားထုတ် မှု တွေကို တွေ့မြင် ခဲ့ရ ပါတယ် ။

ဆိုးရှား ဟာ မာရှယ် ၊ ပေါ့ဘာ တို့ မပါဝင် တဲ့ အတွက် တိုက်စစ် မှာ မာတာ ၊ ဂျိမ်းစ် ၊ ရက်ဖိုဒ့် တို့ကို တွဲပေးခဲ့ ပြီး ကွင်းလယ် မှာတော့ ပါရဲရား ၊ တော်မီနေး နဲ့ မာတစ် တို့ကို ပွဲထုတ် ခဲ့ ပါတယ် ။ ခံစစ် ကတော့ လုခ်ရှော နေရာကို ယန်း ၀င် ကစားတာက လွဲရင် ကျန် ၃ ယောက် က ဒီ အတိုင်းပဲ ဖြစ်ခဲ့ ပါတယ် ။

ပွဲ အစ ပိုင်းမှာ လက်စတာ က ယူနိုက်တက် ထက် ပိုပြီး သွက်ခဲ့ ပါတယ် ။ လင်ဒီလော့ဖ် ရဲ့ အမှား ကနေ မက်ဒီဆင် ကန်ခွင့် ရခဲ့ ပေမယ့် ဒီဂီယာ ပုတ်ထုတ် ကာကွယ် နိုင်ခဲ့ သလို အဆိုပါ မတိုင်ခင် ကလည်း ယူနိုက်တက် ရဲ့ ဖရီးကစ် ကို လက်စတာ ဂိုး သမား ရှမိုက်ကယ် ပုတ်ထုတ် ကာကွယ် နိုင်ခဲ့ ပါတယ် ။

ပွဲချိန် ၈ မိနစ် မှာတော့ ပင်နယ်တီ ကနေ မားကပ် ရက်ဖိုဒ့် က ဂိုးသွင်းယူ ခဲ့ ပါတယ် ။ ဒါဟာ ဒီရာသီ မှာ ယူနိုက်တက် အတွက် စတုတ္ထ မြောက် ပင်နယ်တီ ရခဲ့တာ ဖြစ်ပြီး လျှင်မြန်တဲ့ ကစား သမားတွေ ကို ပိုင်ဆိုင် ထားတာ ကြောင့် ရှေ့ လာမယ့် ပွဲတွေ မှာလည်း ပင်နယ်တီ တွေ ထပ် ရဖို့ ရှိနေ ပါတယ် ။

ဂိုး ရအပြီး မှာတော့ ၂ သင်းစလုံး အပြန် အလှန် ကစား ခဲ့ကြပါတယ် ။ ဒီနေ့ ပွဲ မှာ ချီးကျုး ရမှာ က ယူနိုက်တက် နောက်ခံလူ အက်ရှ်လေယန်း ဖြစ်ပြီး ခံစစ် ပိုင်း ကို အကောင်းဆုံး ကစား သွားနိုင် ခဲ့ ပါတယ် ။ ဗစ်တာ လင်ဒီလော့ဖ် ကလည်း ပွဲအစ မှာ အမှား လုပ်မိ ခဲ့တာကလွဲရင် လက်ကျန် ပွဲ ကစားချိန် တစ်လျောက် လုံး အမှား နည်းခဲ့ပြီး လက်စတာ တိုက်စစ်မှုး ဂျေမီ ဗာဒီ ကို ထိန်းထားနိုင် ခဲ့ ပါတယ် ။

လက်စတာ ဘက်မှာတော့ ဗာဒီ ဟာ ရှေ့ မှာ တစ်ယောက် တည်း ဖြစ်နေပြီး တန်ပြန် တိုက်စစ် စတင် တဲ့ အခါ မျိုးတွေ မှာ တိုင်လီမန်းစ် ၊ မက်ဒီဆင် ၊ ဂရေး တို့ နဲ့ ချိတ်ဆက် ဖို့ အလှမ်း ဝေးနေ ခဲ့ ပါတယ် ။ ဒုတိယပိုင်း မှာ လက်စတာ တို့ ပိုကောင်း လာခဲ့ ပေမယ့် အဆုံးသတ် ဖန်တီးမှု တွေကို ယူနိုက်တက် နောက်တန်း က တားဆီး ဖျက်ထုတ် သွားခဲ့တာ ကြောင့် ချေပဂိုး နဲ့ ဝေးခဲ့ ရ ပါတယ် ။

ယူနိုက်တက် ကွင်းလယ် က တော်မီနေး နဲ့ ပါရဲရား တို့ ဟာ လက်စတာ ကစား သမားတွေ နဲ့ အပြိုင် မြန်မြန် ကြမ်းကြမ်း ကစားခဲ့ ကြပါတယ် ။ ယူနိုက်တက် တို့ ပြစ်ဒဏ်ဘောတွေ ပေးခဲ့ရ ပေမယ့် အများစု ဟာ ဂိုး နဲ့ ဝေးရာ နေရာဖြစ်တာ ကြောင့် မက်ဒီဆင် ရဲ့ ဖရီးကစ် တစ်ကြိမ် က လွဲရင် အန္တရာယ် ပေးနိုင်မှု နည်းပါး ခဲ့ ပါတယ် ။

ရှေ့တန်း မှာတော့ မားကပ် ရက်ဖိုဒ့် က ကစားကွက် နဲ့ သွေဖယ် နေခဲ့ပြီး မာတာ ကတော့ ဂျိမ်းစ် နဲ့ လိုက်လံ ချိတ်ဆက် ပေးခဲ့ ပေမယ့် သူတို့ ၂ ဦး အကြားက သဟဇာတ ဖြစ်မှု ဟာ လိုအပ်ချက်တွေ ရှိနေခဲ့ပါတယ် ။ ဂျိမ်းစ် ကတော့ လက်စတာ ခံစစ် ကို ဒုက္ခ အပေးနိုင်ဆုံး ယူနိုက်တက် ကစား သမား ဖြစ်ခဲ့ပါတယ် ။

ဒုတိယပိုင်း မှာ ဆိုးရှား ရဲ့ လူစားလဲမှု တွေ ကလည်း မှန်ကန် သင့်လျော်ခဲ့ ပါတယ် ။ ကစားအား ကျလာတဲ့ မာတစ် ကို ဖရက် နဲ့ လူစားထိုးမှု မှန်ခဲ့ သလို တာဟစ်ချောင် ကို စွန့်စားထည့်သွင်းမှု ကလည်း မှန်ကန် ခဲ့ပြန် ပါတယ် ။ အဆုံး မှာတော့ ယူနိုက်တက် ကစား သမာားတွေ ရဲ့ ကြိုးစား အားထုတ်မှု ၊ ခံစစ် ပိုင်း ကောင်းမွန်မှု တွေ နဲ့ အတူ ပွဲစဉ် ၁ ပြီး ကတည်းက ပျောက်ဆုံး သွားခဲ့တဲ့ အနိုင် ရလဒ် ကို ပြန်လည် ယူဆောင် နိုင်ခဲ့ ပါတယ် ။

SPORTS MYANMAR