ဟန်ဒါဆန် ဟာ စတီဗင်ဂျာရတ် ထက် ပိုကောင်းတဲ့ အသင်းခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်း ရှင်းပြသွားခဲ့တဲ့ အက်ဒရီယန် ဒါဟန်း

ဂျော်ဒန်ဟန်ဒါဆန် ဟာ လီဗာပူး ဂန္တ၀င် စတီဗင်ဂျာရတ် ထက် ပိုကောင်းတဲ့ အသင်းခေါင်းဆောင် နဲ့ ဦးဆောင်သူ တစ်ဦး ဖြစ်တယ်လို့ talkSPORT ရဲ့ အစီအစဉ် တင်ဆက်သူ အက်ဒရီယန် ဒါဟန်း က ပြောသွား ခဲ့ပါတယ်။

မနေ့က ပြုလုပ် ခဲ့တဲ့ Drivetime အစီအစဉ် မှာ ဒါဟန်း က “စတီဗင် ဂျာရတ် လီဗာပူး အသင်း ကနေ ထွက်ခွာ သွားခဲ့ပြီးနောက် ဟန်ဒါဆန် အသင်းခေါင်းဆောင် ဖြစ်လာတဲ့ အခါမှာ နှိုင်းယှဉ်မှုတွေ လုပ်ခဲ့ကြတာကို ကျွန်တော်တို့ မြင်တွေ့ ခဲ့ကြ ရပါတယ်။ လူတိုင်း လူတိုင်းက စတီဗင်ဂျာရတ် ရဲ့ နေရာ ကို ဘယ်လို အစားထိုးလို့ ရနိုင် မှာလဲ ဆိုပြီး ယူဆ ခဲ့ကြပါတယ်။

ဒါပေမယ့် ပြောစရာ အချက်တစ်ချက် ကတော့ အကယ်လို့များ စတီဗင် ဂျာရတ်ဟာ လီဗာပူး မှာ မွေးဖွား ကြီးပျင်း လာခဲ့တာ မဟုတ်ဘူး ဆိုရင် ကျွန်တော့် အထင် ကတော့ လူတွေဟာ ဂျော်ဒန် ဟန်ဒါဆန် က ပိုတော်တဲ့ အသင်းခေါင်းဆောင် ၊ ပိုတော်တဲ့ ဦးဆောင်သူ တစ်ဦး လို့ ယူဆကောင်း ယူဆ နိုင်ပါတယ်။

ခေါင်းဆောင်မှု စွမ်းရည် ဆိုတာ လူတွေကို စုရုံးစေပြီး တွန်းအားပေး စကားတွေ ပြောတာ မဟုတ်ပါဘူး။ ဒါဟာ တကယ်တော့ သတိမမူမိဘဲ လုပ်လိုက်တဲ့ အရာ ဖြစ်ပါတယ်။ လီဗာပူး အသင်း မှာ အခု ဆိုရင် ကမ္ဘာ့ အကောင်းဆုံး ကစားသမား ၃ ၊ ၄ ဦး ကို ပိုင်ဆိုင် ထားပါတယ်။ အလီဆွန် ၊ ဆာလား ၊ မာနေး ၊ ဗန်ဒိုက် တို့ ဖြစ်ကြ ပါတယ်။ သူတို့ အားလုံးဟာ ဟန်ဒါဆန် ကို ကြည့်နေရပြီး သူဟာ ဒီလူတွေရဲ့ လေးစားမှု ရထားပြီး သြဇာညောင်း ပါတယ်။

ဟန်ဒါဆန် ဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ဦး ဟုတ်ချင်မှ ဟုတ်မှာပါ။ ဒါပေမယ့် ခေါင်းဆောင်မှုပိုင်း မှာဆိုရင် သူဟာ ကလပ် မှာ ရှိတဲ့ စူပါစတား တွေရဲ့ လေးစားမှုကို ခံထားရ ပါတယ်။ ဂျာရတ်ကို အထူး လေးစားမှု ရှိပေမယ့် သူဟာ ဒီလို အဆင့် နဲ့ ကစားသမား တွေကို ဦးဆောင် ခဲ့တာ မဟုတ်ပါဘူး။ သူဟာ သူထက် နိမ့်တဲ့ ကစားသမား တွေကိုသာ ဦးဆောင် ခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကျွန်တော် ကတော့ ဂျော်ဒန် ဟန်ဒါဆန် ကသာ တကယ့်ကို ကောင်းလှတဲ့ ခေါင်းဆောင် တစ်ဦး လို့ ယူဆ ပါတယ်။ လူတွေက ‘နေပါဦး။ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က အစ္စတန်ဘူ မှာ စတီဗင် ဂျာရတ် ဘာလုပ် ခဲ့သလဲ’ ဆိုပြီး မေးခွန်း ထုတ်နိုင် ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီ ဘာစီလိုနာ နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် မှာ ဟန်ဒါဆန် ဘာလုပ် ခဲ့သလဲ ဆိုတာ ခင်ဗျားတို့ မြင်ခဲ့ရဲ့လား? ဒါဟာ ဘယ်လီဗာပူး ပရိတ်သတ် မဆို အတွက် အကြီးကြယ်ဆုံး ညတစ်ညနော်။ အန်ဖီးရဲ့ အကောင်းဆုံး ညတစ်ည မှာ ဂျော်ဒန်ဟန်ဒါဆန် ဟာ ပွဲစဉ် အလိုက် အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တဲ့ အပြင် သူဟာ လီဗာပူး အတွက် ကွင်းထဲမှာ အကောင်းဆုံး ကစား ပေးခဲ့တဲ့ သူ ဖြစ်ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

ဟန်ဒါဆန် ဟာ ပြီးခဲ့တဲ့ ရာသီက လီဗာပူး အသင်း နဲ့ အတူ မက်ဒရစ် ဖိုင်နယ်မှာ ချန်ပီယံလိဂ် ဆုဖလား ကို ကိုင်မြှောက် နိုင်ခဲ့ပြီး ယနေ့ည ချဲလ်ဆီး နဲ့ အစ္စတန်ဘူမှာ ချဲလ်ဆီး နဲ့ ကစား သွားရမယ့် ယူအီးအက်ဖ်အေ စူပါဖလား ဖိုင်နယ် မှာလည်း ဂျာရတ် ကိုင်မြှောက်ခွင့် မရခဲ့တဲ့ ဒီဖလား ကို ကိုင်မြှောက် သွားနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။

SM