အရံခုန် ပို့ခံရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ကြောင်း ရင်ဖွင့်လိုက်တဲ့ #ဒီလစ်

မကြာသေးခင် ကမှ ဂျူဗီ ကို ယူရို 85.5 သန်း နဲ့ ပြောင်းရွှေ့ လာခဲ့တဲ့ အသက် 20 အရွယ် လူငယ် နောက်တန်း ကစားသမားလေး ဒီလစ် က သူ့အနေနဲ့ စီးရီးအေ အဖွင့်ပွဲစဉ်မှာ အရံခုန်မှာ ပို့ခံရလိမ့်မယ်လို့ လုံးဝ မျှော်လင့်မထားကြောင်း ရင်ဖွင့်လိုက်ပြီး ၊ ပွဲထွက် ကစားခွင့် မရလို့ စိတ်ပျက်နေမိသည့်တိုင်အောင် ဘာဆင်ခြေမှ ပေးမှာ မဟုတ်ဘူးလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဂျူဗီဟာ ဒီရာသီ စီးရီးအေ အဖွင့်ပွဲစဉ် အဖြစ် ပါးမား အသင်းရဲ့ ကွင်းမှာ သွားရောက် ကစားခဲ့ရပြီး ၊ နောက်တန်းမှာ ၀ါရင့် ကစားသမားကြီး တွေ ဖြစ်တဲ့ ချီရယ်လီနီ နဲ့ ဘိုနူချီတို့ အတွဲကို ပွဲထုတ်ခဲ့တာ ဖြစ်ကာ ၊ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုလဲ ချီရယ်လီနီက သွင်းယူ ပေးသွားခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဟော်လန် ကြယ်ပွင့် ကစားသမားက

“ ပုံမှန်အားဖြင့်တော့ ကျနော်က ပွဲထွက် ကစားခွင့် ပဲ အမြဲတမ်း ရချင်တာပါ ။ အခုလို ချန်ထားခံရမယ် လို့လဲ လေ့ကျင့်ရေးကွင်းမှာ အရိပ်အမြွက် ပြောသံတွေ ၊ သတိပေးသံတွေ မကြားခဲ့ရပါဘူး။

ဒါကြောင့်မို့ ပွဲထွက် ကစားသမား စာရင်းမှာ ပါမလာတဲ့ အချိန်ရောက်မှ အံ့အားသင့်မိတာပေါ့……….။

နည်းပြရဲ့ ဆုံးဖြတ်ချက်ကို ကျနော်က လွန်ဆန်စရာ ဘာအကြောင်းမှ မရှိပါဘူး။ လက်တွေ့ကျကျ ပြောရရင် ကျနော်လဲ အီတလီမှာ အခြေကျဖို့ အတွက် ကြိုးစားနေတုန်းပါ။ ဒီပွဲမှာ အသုံးပြုခဲ့တဲ့ ဘိုနူချီ နဲ့ ချီရယ်လီနီ အတွဲကလဲ တွဲကစားတာ ကြာခဲ့ပြီ ဖြစ်သလို ၊ ကမ္ဘာ့အကောင်းဆုံး ခံစစ်အတွဲတွေထဲက တစ်တွဲအဖြစ် အသိအမှတ် ပြုခံထားခဲ့ရတာလေ။

ဒီရာသီ အကုန်ခင်မှာတော့ ကျနော်လဲ သေချာပေါက် ကစားခွင့်တော့ ရမှာပါ။ ပထမဆုံး 5 ပတ် တာ ဖြတ်ကျော်ခဲ့ အပြီးမှာတော့ ၊ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေ လုပ်ဆောင်ခဲ့ရတာ တကယ်ကို ခက်ခဲပါတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ် အများကြီး တိုးတက်လာတယ်လို့လဲ ထင်ပါတယ်။

ခံစစ် ကစားပုံကတော့ အေဂျက်မှာ ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေ နဲ့ အများကြီး မကွာလှပါဘူး။ ဆာရီကလဲ နောက်တန်းကို တွေ ဘောလုံး နဲ့ အတူ ရွေ့လျား လိုက်ပါ ကစားစေချင်တဲ့သူလေ။

တစ်ဖက်မှာ ကျနော့်အတွက် ဘာသာ စကား အခက်အခဲ နည်းနည်းလေး ရှိနေသေးသလို ၊ ဘောလုံး နဲ့ ပတ်သက်တဲ့ အသုံးအနှုန်း တစ်ချို့ပဲ ပြောဆိုနိုင်သေးတာပါ။ သေချာတာကတော့ ကျနော်ဟာ ဘာသာစကား အပိုင်းမှာရော ၊ ကွင်းထဲက စွမ်းဆောင်ရည်တွေပါ ဒီထက် တိုးတက်လာအောင် ဆက်ပြီး ကြိုးစားသွားမယ် ဆိုတာပါပဲ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

 

ဒီလစ်ဟာ အစောပိုင်းမှာ ဘာစီလိုနာ ကို ရောက်ရှိဖို့ အနီးစပ်ဆုံး ဖြစ်ခဲ့ပေမယ့် ၊ ကတ်တလန် ကလပ်ဖက်က အေးဂျင့် ရွိုင်းအိုလာ တောင်းဆိုတဲ့ ပွဲခ ပမာဏကို ပေးချေလိုခြင်း မရှိတာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့ရတာလို့ သတင်းတွေက ဆိုပါတယ်။

ဒီလစ်ဟာ ဂျူဗီမှာ အရံခုံ ထိုင်ရတဲ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာတော့ ဘာစီလိုနာ ပရိသတ် အများစုက အွန်လိုင်းကနေ တဆင့် ကောင်းချီးထောပနာ ၀ိုင်းပေးခဲ့ကြပြီး ၊ သူတို့ အသင်းဆီသာ ရောက်လာခဲ့ရင် ပွဲထွက်ခွင့် အာမခံချက် အပြည့်ရှိတယ်လို့ ပြောဆိုသွားခဲ့ကြပါတယ်။

ဂျူဗီ ကတော့ ဒီလစ်ကို ရရှိဖို့ အတွက် အေးဂျင့် ရွိုင်းအိုလာ ကိုပဲ ပွဲခ ယူရို 10 အထိ ပေးလိုက်ရသလို ၊ PSG နဲ့ ဘာစီလိုနာ ကို ကျော်ဖြတ်ကာ ဂျူဗီကို ရွေးချယ်စေခဲ့တဲ့ အတွက်လဲ ဂျူဗီ ပရိသတ်တွေက ရွိုင်းအိုလာ ကို သူရဲကောင်းကြီး သဖွယ် ဂုဏ်ပြု သွားခဲ့ကြပါတယ်။

SM