ကြယ်ပွင့်လေးဂျာအိုဖိလစ် ရဲ့ ခြေစွမ်းအပေါ် မှတ်ချက်ပေးလိုက်တဲ့ အေတီကို ဂိုးသမား #အော့ဘလက်ခ်

တနင်္ဂနွေ နေ့မှာကစားသွားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ အေတီကို အသင်းက လီဂါနက်စ် အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။အေတီကိုအသင်းဟာပြီးခဲ့တဲ့ အဖွင့်ပွဲမှာလိုပဲ ဂိုးသွင်းနိုင်ဖို့ရုန်းကန်ခဲ့ရပြီးပွဲချိန် ၇၁ မိနစ်ရောက်မှာ အနိုင်ဂိုးရခဲ့တာဖြစ်ပါတယ်။

ဒီဂိုးကိုတော့ ဗီတိုလိုက သွင်းယူပေးခဲ့တာဖြစ်ပြီး ကြယ်ပွင့်လေး ဂျာအိုဖိလစ်ကဖန်တီးပေးခဲ့တာဖြစ်ပါတယ်။အေတီကို အသင်းဟာ ဘာစီလိုနာ အသင်းကိုပြောင်းရွှေ့သွားခဲ့တဲ့ ဂရစ်ဇ်မန်းရဲ့ နေရာအတွက်အစားထိုးနိုင်ဖို့ ဖိလစ်ကို ယူရိုသန်း ၁၂၀ အထိပေးချေခေါ်ယူထားတာဖြစ်ပါတယ်။

သူဟာ အခုချိန်အထိ လာလီဂါ သွင်းဂိုးမရထားသေးပေမယ့် ရာသီကြို ပွဲစဉ်တွေ ကလိုပဲ ခြေစွမ်းကောင်းကို ဆက်ပြီးပြသနေခဲ့တာဖြစ်ပါတယ်။အေတီကို အသင်းရဲ့ ဂိုးသမားအော့ဘလက်ခ်ကတော့ ဖိလစ်ရဲ့ ခြေစွမ်းကို အတော်လေးအားရနေပုံပါပဲ။

အေတီကို အသင်းဟာ ယမန်နေ့ ပွဲစဉ်မှာ လီဂါနက်စ် အသင်းရဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၀ ကြိမ်လောက် ခွင့်ပြုခဲ့ရပြီး အော့ဘလက်ခ်ရဲ လက်စွမ်းပြမှုကြောင့် သက်သာရာရခဲ့တာဖြစ်ပါတယ်။အော့ဘလက်ခ်ကတော့ အနိုင်ဂိုးကိုဖန်တီးပေးခဲ့တဲ့ ဖိလစ်ဟာ အကောင်းဆုံးတွေထဲက တယောက်ဖြစ်လာနိုင်တယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်လေး ဖိလစ်နဲ့ ပတ်သက်ပြီး စလိုဗေးနီးယားဂိုးသမားအော့ဘလက်ခ်က – ” ဖိလစ် မှာ ကြီးမားတဲ့ ပါရမီ ခြေစွမ်းမျိုး ရှိထားတယ်ဆိုတာကျွန်တော်သိပါတယ်။ကျွန်တော်တို့ အသင်းက သူ့ကိုခေါ်ယူနိုင်ဖို့ အတော်လေးကို ကြိုးစားအားထုတ်ခဲ့ရတာဖြစ်ပါတယ်။

အသင်းရဲ့တာဝန်ရှိသူတွေက အရည်အသွေးမြင့် ကစားသမားကောင်း တဦးကို ခေါ်ယူလိုက်နိုင်ခဲ့တယ်ဆိုတာ ကို ကျွန်တော်တို့ အားလုံးက သဘောတူလက်ခံခဲ့ကြပါတယ်။သူဟာအကောင်းဆုံးကစားသမားတွေထဲက တဦးဖြစ်လာနိုင်တယ်ဆိုတာကလည်း သေချာပါတယ်။

သူဟာ အခုလတ်တလောမှာလည်း အတော်လေးကောင်းကောင်း ကစားနေတာဖြစ်ပြီး ဒီအတိုင်း ဆက်ကစားပြီး ကျွန်တော်တို့ကို ပျော်ရွှင်မှုတွေ ဆက်ပြီးပေးနေဦးမယ်လို့ မျှော်လင့်ပါတယ်။ဒီနေ့ ပွဲစဉ်ကတော့ တကယ့်ကို ရှုပ်ထွေးခက်ခဲတဲ့ ပွဲတပွဲလည်းဖြစ်ပါတယ်။

လီဂါနက်စ် အသင်းနဲ့ လာရောက်ရင်ဆိုင်ရတဲ့ အသင်းတိုင်းဟာ ပြသနာတွေကြုံတွေရနိုင်ပါတယ်။ကျွန်တော်တို့ အသင်းအတွက် တော့ ဗီတိုလိုက ဝင်ရောက်လာပြီးအနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ယေဘုယျ အနေနဲ့ကတော့ တသင်းလုံးကတတ်နိုင်သမျှ အကောင်ဆုံးပုံစံနဲ့ကစားခဲ့ကြတာဖြစ်ပါတယ်။

သူတို့ရဲ့ ဖိအားပေးမှုတွေကို ခံစားခဲ့ရပေမယ့် ကောင်းကောင်း ခုခံနိုင်ခဲ့ပါတယ်။တပွဲလုံးကို လွှမ်းမိုးထားနိုင်မှာ မဟုတ်တာကြောင့်လည်း ပြိုင်ဘက်က ဘယ်လို ဒုက္ခပေးနိုင်တယ်ဆိုတာသိနားလည်ဖို့ကတကယ်အရေးကြီးပါတယ် ” လို့ပြောခဲ့ပါတယ်။

လီဂါနက်စ်နဲ့ပွဲအပေါ် နည်းပြကြီး ဆီမြွန်ဏီ ကလည်း – ” ကျွန်တော်တို့ဟာ အနိုင်ရလဒ် ကို လိုအပ်ခဲ့တာဖြစ်လို့လည်း နည်းလမ်းအမျိုးမျိုးသုံးပြီးကြိုးစားခဲ့ပါတယ်။ကျွန်တော်တို့ ဝန်းကျင်က အရာတွေကို အပြောင်းအလဲလုပ်နိုင်ခဲ့အပြီးမှာတော့ နိုင်ပွဲရခဲ့ပါတယ်။

လီဂါနက်စ်လို အသင်းက ခင်ဗျားတို့ကို ဘယ်တော့ မှာ သက်တောင့်သက်သာဖြစ်စေမှာတော့ မဟုတ်ပါဘူး။သူတို့ဟာ အိမ်ကွင်းမှာ အတော်လေးကို တောင့်တင်းကောင်းမွန်ကြပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

အေတီကို အသင်းဟာ ရာသီသစ် ပွဲစဉ် ၂ပွဲ ကစားအပြီး မှာ ၆မှတ်ပြည့် ရရှိထားပြီး ဆီဗီလာ အသင်းနဲ့ အတူအမှတ်ပေးဇယားကို ပူးတွဲဦးဆောင်နေပါတယ်။လာမယ့် အပတ်ပွဲစဉ်မှာတော့ အီဘာ အသင်းကို အိမ်ကွင်းမှာ ဧည့်ခံသွားရမှာဖြစ်ပါတယ်။

SM